အီတလီနိုင်ငံ၌ ကာကွယ်ဆေးထိုးနှံမှုခံယူပြီးသူများကိုသာ အများပြည်သူနှင့်သက်ဆိုင်သည့်နေရာများသို့ ဝင်ရောက်ခွင့်ပြုမည်

ရောမ  နိုဝင်ဘာ  ၂၅ 


အီတလီအစိုးရက  နိုင်ငံအတွင်း  ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုကို  ကာကွယ်ထိန်းချုပ်သည့်အနေဖြင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံမှုခံယူပြီး သူများကိုသာ အများပြည်သူနှင့်သက်ဆိုင်သည့် နေရာများသို့ ဝင်ရောက်ခွင့်ပြုရန် ယနေ့ဆုံးဖြတ် ချက်ချမှတ်ခဲ့ကြောင်း သိရသည်။ 


ဒီဇင်ဘာ  ၆ ရက်မှစပြီး   ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံမှု  မခံယူရသေးသူများအား စားသောက်ဆိုင်များ၊   ရုပ်ရှင်ရုံများ၊  အားကစား ခန်းမများအတွင်းသို့ ဝင်ရောက်မှုမရှိစေရန် အစိုးရ အဖွဲ့က ညွှန်ကြားထားသည်။ မည်သူမဆို အဆိုပါ နေရာများသို့ သွားရောက်မည်ဆိုပါက ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး  ထိုးနှံထားသည့်   သက်သေခံ လက်မှတ်ကို   ပြသရမည်ဖြစ်သည်။ 


ယခုအချိန်တွင် ကာကွယ်ဆေးထိုးနှံမှုခံယူခြင်း မရှိသေးသူများသည် ၎င်းတို့ထံတွင်  ရောဂါကင်းစင် ကြောင်း   သက်သေခံလက်မှတ်ပြသကာ    အဆိုပါ နေရာများသို့ ဝင်ရောက်လျက်ရှိသည်။ လက်ရှိတွင်   အသက် ၄၀   နှင့်အထက်  ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ  ကာကွယ်ဆေး  ထပ်ဆောင်းထိုးနှံပေး လျက်ရှိပြီး  လာမည့်လမှစပြီး  အသက် ၁၈ နှစ်နှင့် အထက်  ပြည်သူများအား  ထိုးနှံပေးမည် ဖြစ်ကြောင်း သိရသည်။ 
အီတလီနိုင်ငံသည်  ကာကွယ်ဆေး  အများဆုံး ထိုးနှံပြီးသည့်  ဥရောပနိုင်ငံများအနက် တစ်နိုင်ငံ ဖြစ်ပြီး  လက်ရှိအချိန်အထိ  ပြည်သူ ၇၂ ရာခိုင်နှုန်း ကျော်အား ကာကွယ်ဆေး နှစ်ကြိမ်စလုံး ထိုးနှံပေး ပြီးဖြစ်ကြောင်း သိရသည်။ သို့သော် လွန်ခဲ့သော ၂၄ နာရီအတွင်း    ကိုဗစ်-၁၉ ရောဂါ   ကူးစက်ခံရသူ  ၁၂၀၀၀ ထပ်မံစစ်ဆေးတွေ့ရှိခဲ့သည်။ 


အိမ်နီးချင်းနိုင်ငံများ၌  ရောဂါကူးစက်မှုများ မြင့်တက်လျက်ရှိစဉ် နိုင်ငံအတွင်း၌လည်း ရောဂါ ကူးစက်မှုများ ပြန်လည်မြင့်တက်လာသည့်အတွက် ဗိုင်းရပ်စ်ကာကွယ်ရေး စည်းမျဉ်းစည်းကမ်းများကို တိကျစွာလိုက်နာကြရန်        ပြည်သူများအား အီတလီဝန်ကြီးချုပ် မာရီယိုဒရက်ဂီက   သတိပေး ပြောကြားသည်။


ကိုးကား- အင်န်အိတ်ချ်ကေ
ဘာသာပြန်- အောင်ကျော်ကျော်