
ပရီမီယာလိဂ်ပွဲစဉ် (၂၇) ၏ အစော ဆုံးပွဲစဉ်အဖြစ် လိဒ်စ်အသင်း နှင့် စပါးအသင်းတို့ပွဲစဉ်ကို ဖေဖော်ဝါရီ ၂၆ ရက် ညပိုင်းက လိဒ်စ်အိမ်ကွင်း၌ ယှဉ်ပြိုင်ကစား ခဲ့ရာ စပါးအသင်းက တိုက်စစ် ခြေစွမ်းပြပြီး လေးဂိုး-ဂိုးမရှိဖြင့် အနိုင်ရရှိခဲ့သည်။
အသင်းကြီးများနှင့် တွေ့ဆုံ ပြီး ဆက်တိုက်ရှုံးပွဲကြုံနေသည့် လိဒ်စ်အသင်းသည် ယခုပွဲစဉ်တွင် လည်း ကွန်တီ၏ စပါးအသင်းကို ထပ်မံဂိုးပြတ် ရှုံးနိမ့်ခဲ့သည်။ ထို့ကြောင့် လိဒ်စ်အသင်းသည် နောက်ဆုံးခြောက်ပွဲတွင် တစ်ပွဲ သာ သရေကျထားပြီး ငါးပွဲအထိ ရှုံးနိမ့်လာခဲ့ပြီ ဖြစ်သည်။ ထို့အပြင် လိဒ်စ်အသင်းသည် ၂၀၀၅ ခုနှစ်က ဆန်းဒါးလန်းအသင်း ပြီးနောက် ပရီမီယာလိဂ်သမိုင်းတစ်လျှောက် တွင် ငါးပွဲဆက် သုံးဂိုးနှင့်အထက် ခွင့်ပြုပေးခဲ့ရသည့် ဒုတိယမြောက် အသင်းအဖြစ် မှတ်တမ်းဝင် ခဲ့သည်။
ပွဲချိန် ၁၀ မိနစ်တွင် ဆီဆက် နွန်၏ ဖန်တီးမှုမှ ဒိုဟာတီက စပါးအသင်းအတွက် ဦးဆောင်ဂိုး သွင်းယူနိုင်ခဲ့သည်။ ဦးဆောင်ဂိုး ရရှိပြီး မကြာမီ စပါးအသင်း ဒုတိယဂိုးရရှိခဲ့ရာ ဒိုဟာတီ၏ ဖန်တီးမှုမှ ကလူးဆက်စကီးက သွင်းယူပေးခဲ့သည်။ သွင်းဂိုးနှစ်ဂိုး ခွင့်ပြုလိုက်ရသော်လည်း လိဒ်စ် အသင်း၏ ကစားအားတက်လာ ခြင်းမရှိဘဲ စပါးအသင်း၏ ဖိအား ပေးမှုကိုသာ ခံခဲ့ရသည်။ ပွဲချိန် ၂၇ မိနစ်တွင် စပါးအသင်း တတိယ ဂိုးရရှိခဲ့ပြီး ကိန်းက သွင်းယူပေး ခဲ့သည်။ ထို့နောက်တွင် လိဒ်စ် အသင်းသည် လူစားလဲမှုများ ပြုလုပ်ကာ စပါးအသင်းကို ရင်ဆိုင်လာသော်လည်း ရရှိလာ သည့် အခွင့်အရေးများကို အသင်း ကစားသမားများ အဆုံးသတ် အားနည်းခဲ့သည်။ စပါးအသင်း အတွက် စတုတ္ထဂိုးကို ပွဲချိန် ၈၅ မိနစ်တွင် ဆွန်ဟောင်မင်းက သွင်းယူပေးခဲ့သည်။
အခြားပွဲစဉ်များတွင် ဆောက် သမ်တန်က နော့ဝှစ်ကို နှစ်ဂိုး-ဂိုး မရှိဖြင့် နိုင်ပြီး နယူးကာဆယ်က ဘရန့်ဖို့ဒ်ကို နှစ်ဂိုး-ဂိုးမရှိဖြင့် အနိုင်ရသည်။ ဘရိုက်တန်ကိုဗီလာ က နှစ်ဂိုး-ဂိုးမရှိဖြင့် အနိုင်ရပြီး ပဲလေ့စ်နှင့် ဘန်လေ တစ်ဂိုးစီသရေ၊ မန်ယူနှင့် ဝက်ဖို့ဒ် ဂိုးမရှိသရေ ဖြစ်ခဲ့သည်။
အောင်ဇော်