အိမ်သာမှသာလျှင် ဧည့်လာမည်

 

ရှမ်းပြည်နယ် အရှေ့ပိုင်း   ကျိုင်းတုံမြို့နယ်   လွိုင်မွေတောင် စခန်းတွင်  ချယ်ရီပန်းပွဲတော် (၂၀၂၃) ကို  ဇန်နဝါရီလ ၁၉ ရက်မှ ၂၃ ရက်အထိ   ငါးရက်ကြာ  ကျင်းပလျက်ရှိသည်။ ချယ်ရီပန်းများပွင့်သည့်   ရာသီတွင်သာ  စိတ်နှလုံးကြည်နူးဖွယ် ခံစားရရှိနိုင်သည့်  သဘာဝအလှအပများနှင့် ဒေသခံတိုင်းရင်း သားတို့၏    ရိုးရာယဉ်ကျေးမှုများ၊   ဒေသထွက်ကုန်များနှင့် အစားအစာများကိုအခြေခံကာ  ခရီးသွားလုပ်ငန်းများ ဖွံ့ဖြိုး တိုးတက်စေရေး  ဆောင်ရွက်မှုများဖြင့်  ကျိုင်းတုံနှင့် လွိုင်မွေ သည် ချယ်ရီမြို့တော်၊  ချယ်ရီမြေအဖြစ်  ထင်ရှားကျော်ကြား လာမည်ဖြစ်သကဲ့သို့     ချယ်ရီပန်းသည်လည်း  လွိုင်မွေ၏ အထိမ်းအမှတ်သင်္ကေတ  ဖြစ်လာမည်ဖြစ်သည်။   ဒေသခံ တိုင်းရင်းသားပြည်သူများအနေဖြင့်  မိမိတို့ဒေသ၏ အထိမ်း အမှတ် ချယ်ရီပင်များကို ထိန်းသိမ်းပြုစုခြင်း၊  တိုးချဲ့စိုက်ပျိုး ခြင်း၊   သဘာဝပတ်ဝန်းကျင်ကို  မပျက်စီးအောင် ထိန်းသိမ်း ခြင်း၊ ရိုးရာယဉ်ကျေးမှုများ မပျောက်မပျက်အောင် ဖော်ထုတ် မြှင့်တင်ခြင်းဖြင့် ရေရှည်တွင် ကမ္ဘာကျော်သည်အထိ အောင်မြင် ထင်ရှားလာမည်ဟု ယုံကြည်မိသည်။

 


“ဒေသတွင်းရှိ   ရှေးဟောင်းအမွေအနှစ်များ၊   ထိန်းသိမ်း စောင့်ရှောက်ရန်လိုအပ်သည့် အဆောက်အဦများ၊ ဘာသာရေး အဆောက်အဦများအားလုံး   သန့်ရှင်းသာယာလှပစေရေး၊ မိမိတို့နေထိုင်ရာ ပတ်ဝန်းကျင်နှင့်  လမ်းများအားလုံး သန့်ရှင်း သပ်ရပ်မှုရှိစေရေး၊  အမြင်တင့်တယ်မှုရှိစေရေး ဒေသအလိုက် တာဝန်ရှိသူများနှင့်  ဒေသခံများက ဝိုင်းဝန်းထိန်းသိမ်းဆောင် ရွက်ကြရန်လိုကြောင်း၊ ဒေသသို့ လာရောက်လည်ပတ်သူများ မျက်စိပသာဒ ဖြစ်စေရေးအတွက် Green Zone များကိုလည်း ဖန်တီးပေးရန်လိုကြောင်း၊  ထိုသို့  ဆောင်ရွက်ထားရှိခြင်း အားဖြင့်      ဒေသတွင်းသို့    လာရောက်လည်ပတ်သူများ ဝင်ရောက်မှု      ပိုမိုများပြားလာပြီး     ဒေသတွင်းငွေကြေး လည်ပတ်မှု   အားကောင်းလာမည်ဖြစ်ကာ   ဒေသဖွံ့ဖြိုး တိုးတက်မှုကို  ဖြစ်ပေါ်စေမည်ဖြစ်ကြောင်း၊  အိမ်သာယာမှ သာလျှင်  ဧည့်လာမည်ဖြစ်ကြောင်း” ဖြင့်   နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ် မှူးကြီး မင်းအောင်လှိုင်က ဇန်နဝါရီလ ၂၀ ရက်တွင် ရခိုင် ပြည်နယ်  သံတွဲမြို့နယ်အတွင်းရှိ  ဟိုတယ်နှင့်  ခရီးသွား လုပ်ငန်းရှင်များနှင့်  တွေ့ဆုံဆွေးနွေးရာတွင်   ထည့်သွင်း ပြောကြားခဲ့ရာ နိုင်ငံအတွင်းရှိ မြို့ ရွာ ဒေသ အားလုံးကလည်း   ‌ဒေသအလိုက် အကောင်အထည်ဖော်  ဆောင်ရွက်ကြခြင်း အားဖြင့်   အကျိုးဖြစ်ထွန်းလာကြမည် ဖြစ်သည်။

 


မိမိတို့နိုင်ငံသည် ကွဲပြားခြားနားသည့် ရေ၊ မြေ၊ ရာသီဥတု အနေအထား များပြားစုံလင်ပြီး တိုင်းရင်းသားလူမျိုးစုလည်း ၁၃၀ ကျော်အထိ ရှိနေရာ အရောင်စုံ အသွေးစုံနှင့် ထူးခြား သည့် အလှကိုယ်စီ ရှိနေကြသည်။ ခရီးစဉ်ဒေသများအဖြစ် မဖော်ထုတ်နိုင်သေးသည့် ထူးခြားသော သဘာဝအလှအပ များစွာတို့မှာ ကမ္ဘာလှည့်ခရီးသည် သန်းနှင့်ချီ၍ ဝင်ရောက် နေကြသည့် ဒေသတွင်းနှင့်   အိမ်နီးချင်းနိုင်ငံများမှ  အလှအပ များထက်   များစွာပို၍   ထူးခြားလှပသည်။  သို့ရာတွင် မငြိမ်းချမ်းခြင်း၊ မဖွံ့ဖြိုးခြင်းနှင့်  အကြောင်းကြောင်းတို့ကြောင့်  အဖိုးတန် သဘာဝအလှအပများစွာတို့မှာ မှေးမှိန်တိမ်မြုပ် ငုပ်လျှိုးနေကြရသည်။

 


မြို့ရွာဒေသများ    သန့်ရှင်းသာယာလှပရေး၊   ဒေသ၏ ထူးခြားသည့် သဘာဝအမှတ်အသားလက္ခဏာများကို အများ သိအောင်   ဖော်ထုတ်ရေး၊   ရိုးရာယဉ်ကျေးမှုဓလေ့များကို မြှင့်တင်ရေးတို့တွင် လွိုင်မွေဒေသ ချယ်ရီပန်းပွဲတော်ကို နမူနာ ယူကာ  အားထုတ်ကြိုးပမ်းဆောင်ရွက်ခြင်းဖြင့်  စိတ်နှလုံး မွေ့လျော်ပျော်ရွှင်ဖွယ် ဒေသများအဖြစ်  ပြည်တွင်းပြည်ပ ခရီးသွားများကို ဖိတ်ခေါ်နိုင်ကြပါစေကြောင်း။         ။