
နယူးဒေလီ ဒီဇင်ဘာ ၂၂
အိန္ဒိယနိုင်ငံ၌ အိုမီခရွန်ဗီဇပြောင်းဗိုင်းရပ်စ် ကူစက်ခံရသူ ၂၁၄ ဦး ရှိလာခြင်းကြောင့် အိန္ဒိယဝန်ကြီးချုပ် မိုဒီက နိုင်ငံအတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုအခြေအနေ နှင့်စပ်လျဉ်း၍ ပြန်လည်သုံးသပ်သွားမည် ဖြစ်ကြောင်း ယနေ့သတင်းများအရ သိရ သည်။
အိန္ဒိယဝန်ကြီးချုပ် မိုဒီသည် ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုအခြေအနေကို ပြန်လည်သုံးသပ်ရန်အတွက် ဒီဇင်ဘာ ၂၃ ရက်တွင် အစည်းအဝေးတစ်ရပ် ပြုလုပ် ရန် စီစဉ်လျက်ရှိကြောင်း ဝန်ကြီးချုပ်နှင့် နီးစပ်သူများ၏ ပြောကြားချက်ကို ကိုးကား၍ ဒေသဆိုင်ရာမီဒီယာများက သတင်းဖော်ပြထားသည်။
အိန္ဒိယကျန်းမာရေးဝန်ကြီးဌာနက ဖော်ပြသည့် အချက်အလက်များအရ အိုမီခရွန်ဗီဇပြောင်းဗိုင်းရပ်စ် ကူးစက်ခံရသူ ၂၁၄ ဦးအနက် မြို့တော်နယူးဒေလီမှ ၅၇ ဦးနှင့် မဟာရက်ရှ်ထရာမှ ၅၄ ဦးဖြင့် အများဆုံးဖြစ်ကြောင်း သိရသည်။ အိန္ဒိယ နိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုအပြင် အိုမီခရွန်ဗီဇပြောင်းဗိုင်းရပ်စ် ကူးစက်မှု များလည်း ရှိနေခြင်းကြောင့် မလိုအပ်ဘဲ ခရီးသွားလာခြင်းနှင့် လူစုလူဝေးပြုလုပ် ခြင်းများကို ရှောင်ရှားရန် အိန္ဒိယအစိုးရက တိုက်တွန်းထားကြောင်း သိရသည်။
ကိုးကား - ဆင်ဟွာ
ဘာသာပြန် - အလင်းသစ်