အိန္ဒိယနိုင်ငံ၌ မြေပြိုမှုကြောင့် သေဆုံးသူ ၁၃၀ ကျော် ရှိလာ

 

မွမ်ဘိုင်း  ဇူလိုင်  ၂၄


အိန္ဒိယနိုင်ငံ၌  မြေပြိုမှုကြောင့် သေဆုံးသူဦးရေ ၁၃၆ ဦးအထိ ရှိလာပြီး ကယ်ဆယ်ရေးလုပ်သားများ က ဇူလိုင် ၂၄ ရက်တွင်  အပျက်အစီးများကြားထဲမှ   အသက်ရှင်ကျန်ရစ်သူများကို ဆက်လက်ရှာဖွေ နေဆဲ ဖြစ်သည်။ 
အိန္ဒိယနိုင်ငံအနောက်ဘက်   ကမ်းရိုးတန်းတွင် မိုးသည်းထန်စွာရွာသွန်းပြီး မြေပြိုမှုများဖြစ်ပေါ်ခဲ့ရာ မွမ်ဘိုင်းမြို့တောင်ပိုင်း ရိုင်ဂတ်ခရိုင်တွင် နေအိမ် များ ပျက်စီးရသည်။ 
လူပေါင်း ၆၈ ဦးမှာ ပျောက်ဆုံးနေဆဲဖြစ်သည်။ ခရိုင်အတွင်း မြေပြိုမှုသုံးခုတွင် အသက်ရှင်ကျန်ရစ် သူများကို ကယ်တင်နိုင်ရန် ကယ်ဆယ်ရေးလုပ်ငန်း များ ဆောင်ရွက်လျက်ရှိသည်ဟု သဘာဝဘေး စီမံ ခန့်ခွဲမှု အရာရှိတစ်ဦးက အေအက်ဖ်ပီသို့ ပြောသည်။ 
အိန္ဒိယရေတပ်နှင့် လေတပ်တို့မှ ရေကြီးမှုဒဏ် ခံစားနေရသည့်   ပြည်သူများကို  ကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်ပေးခဲ့သည်။ သို့သော်လည်း မြေပြိုမှုကြောင့်   လမ်းများပိတ်နေ၍   ၎င်းတို့၏ ကယ်ဆယ်ရေးလုပ်ငန်းမှာ    နှောင့်နှေးကြန့်ကြာ မှုများနှင့် ရင်ဆိုင်နေရသည်။ မွမ်ဘိုင်းနှင့်   ဂိုအာတို့ အကြား  အဓိက  အဝေးပြေးလမ်းမကြီးမှာလည်း    မြေပြိုမှုများကြောင့် ပိတ်ဆို့နေသည်။ 
ဇူလိုင် ၂၂ ရက်တွင်  ၂၄ နာရီကြာ အဆက်မပြတ် မိုးရွာသွန်းမှုကြောင့်  မွမ်ဘိုင်းမြို့မှ ၁၆၀ မိုင် အကွာရှိ ချီပလန်တွင်   ၃ ဒသမ ၅ မီတာအထိ ရေတက်လာ ခဲ့သည်။ ရေတပ်မှ  ကယ်ဆယ်ရေးအဖွဲ့ ခုနစ်ဖွဲ့ကို တပ်ဖြန့်ချထားပြီး  ကယ်ဆယ်ရေးပစ္စည်း အပြည့် အစုံနှင့် တပ်ဖြန့်ချထားကြောင်း သိရသည်။

အေအက်ဖ်ပီ