
နယူးဒေလီ အောက်တိုဘာ ၂၄
အိန္ဒိယဝန်ကြီးချုပ် မိုဒီသည် COP26 ရာသီဥတုဆိုင်ရာထိပ်သီးအစည်းအဝေးသို့ တက်ရောက်မည်ဖြစ်ကြောင်း အိန္ဒိယဝန်ကြီး ချုပ်ရုံးက ယနေ့ အတည်ပြုပြောကြားသည်။
နိုင်ငံပေါင်း ၁၂၀ ကျော်မှ ခေါင်းဆောင်များ တက်ရောက်မည်
အဆိုပါ ရာသီဥတုဆိုင်ရာထိပ်သီးအစည်းအဝေးသို့ ကမ္ဘာ့ နိုင်ငံပေါင်း ၁၂၀ ကျော်မှ နိုင်ငံ့ခေါင်းဆောင်များ တက်ရောက်မည် ဖြစ်ကြောင်းနှင့် ၂၀၁၅ ခုနှစ် ပါရီအစည်းအဝေးပြီးနောက်ပိုင်း အကြီးဆုံး ရာသီဥတုဆိုင်ရာ ထိပ်သီးအစည်းအဝေးဖြစ်ကြောင်း သိရသည်။
COP26 ရာသီဥတုဆိုင်ရာ ထိပ်သီးအစည်းအဝေးသို့ အိန္ဒိယ ဝန်ကြီးချုပ် မိုဒီ တက်ရောက်မည်ဖြစ်သော်လည်း တရုတ်သမ္မတ ရှီကျင့်ဖျင်နှင့် ရုရှားသမ္မတ ဗလာဒီမာပူတင်တို့သည် အဆိုပါ ထိပ်သီးအစည်းအဝေးသို့ တက်ရောက်မည်မဟုတ်ကြောင်း သိရသည်။
အမေရိကန်နိုင်ငံနှင့် အီးယူတို့မှ ရာသီဥတုဆိုင်ရာ သံတမန် များနှင့် ဗြိတိန်နိုင်ငံမှ ရာသီဥတုဆိုင်ရာ ထိပ်သီးအစည်းအဝေးစီစဉ်သူများသည်လည်း အိန္ဒိယဝန်ကြီးချုပ် မိုဒီ၏ အစိုးရအား ကာဗွန်ဒိုင်အောက်ဆိုက် ထုတ်လွှတ်မှုလျှော့ချရေး တွန်းအား ပေးရန် မကြာသေးသည့်သီတင်းပတ်များအတွင်းက နယူးဒေလီ မြို့သို့ သွားရောက်ခဲ့ကြကြောင်း သိရသည်။
တက်ရောက်မည်
အိန္ဒိယဝန်ကြီးချုပ် မိုဒီသည် လာမည့်သီတင်းပတ်ကုန်တွင် ရောမမြို့၌ ကျင်းပမည့် ဂျီ-၂၀ ထိပ်သီးအစည်းအဝေး တက်ရောက်ပြီးနောက် ဂလက်စဂိုးမြို့၌ ကျင်းပမည့် COP26 ရာသီဥတုဆိုင်ရာထိပ်သီး အစည်းအဝေးသို့ တက်ရောက်မည် ဖြစ်သည်။
ကိုးကား - စီအင်န်အေ၊ ဘာသာပြန် - အလင်းသစ်