အိုမီခရွန် ကိုဗစ်-၁၉ မျိုးကွဲသစ် အရိုးရှင်းဆုံးနည်းလမ်းဖြင့် ကာကွယ်

 

မိမိတို့နိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုနှုန်း သုံးရာခိုင်နှုန်း အောက်သို့ ရောက်ရှိလာသည်မှာ  ရက်သတ္တနှစ်ပတ်ခန့် ရှိလာပြီ ဖြစ်သည်။ ဤသည်မှာ   ကျန်းမာရေးဝန်ကြီးဌာနနှင့်  ဌာနဆိုင်ရာ များ၏   ကြိုးပမ်းဆောင်ရွက်မှုများ၊  လူမှုရေးအသင်းအဖွဲ့များ၏ ကူညီပံ့ပိုးမှုများအပြင်     ပြည်သူလူထု၏    စည်းကမ်းလိုက်နာမှု ကောင်းမွန်ခြင်းတို့၏  ရလဒ်ပင်ဖြစ်သည်။ တစ်ဦးချင်း လွတ်လပ်မှု ကို ဦးစားပေးပြီး   ကူးစက်မြန်ကပ်ရောဂါနှင့်  စပ်လျဉ်း၍ ပူးပေါင်း ဆောင်ရွက်မှုတို့ အားနည်းသည့်နိုင်ငံတို့တွင်  ခေတ်မီဖွံ့ဖြိုးသည့် နိုင်ငံဖြစ်စေကာမူ ကိုဗစ်-၁၉ ရောဂါ၏ ခြိမ်းခြောက်မှုက  မြင့်မားနေဆဲဖြစ်သည်။

 


ကိုဗစ်-၁၉ ရောဂါနှင့်စပ်လျဉ်း၍ နိုင်ငံတကာသတင်းများတွင် မူ ကူးစက်မှုမြင့်တက်နေခြင်း၊  ဗီဇပြောင်းမျိုးကွဲသစ်ဖြစ်သည့် အိုမီခရွန်ကူးစက်ပျံ့နှံ့မှု ရက်ပိုင်းအတွင်းမှာပင် နိုင်ငံအရေအတွက် ပိုမိုများပြားလာခြင်းနှင့်အတူ အာဆီယံနိုင်ငံတစ်ခုဆီသို့ ရောက်ရှိ လာသည့်သတင်းကိုပင်    တွေ့ရှိလာရပြီဖြစ်ရာ    မိမိတို့နိုင်ငံနှင့် နီးကပ်လာလျက်ရှိနေပြီဖြစ်သည်။ ကိုဗစ်-၁၉ ရောဂါပိုးကူးစက် ပျံ့နှံ့မှု ထိန်းချုပ်နိုင်ရေးအတွက် ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဗဟိုကော်မတီက ပြည်ထောင်စုအဆင့်အဖွဲ့အစည်းများ၊ ပြည်ထောင်စုဝန်ကြီးဌာနများက ထုတ်ပြန်ထားသည့် ပြည်သူသို့ ပန်ကြားချက်၊ အမိန့်၊ အမိန့်ကြော်ငြာစာ၊ ညွှန်ကြားချက်များကို နောက်ထပ်တစ်လရက်တိုးမြှင့််လိုက်သလို နိုင်ငံတကာခရီးသည် တင်လေကြောင်းခရီးစဉ်များ မြန်မာနိုင်ငံသို့  ပျံသန်းဆင်းသက် မှုကိုလည်း    ဒီဇင်ဘာ ၃၁ ရက်နေ့အထိ   နောက်ထပ်တစ်လ ကန့်သတ်လိုက်ပြီဖြစ်ရာ အချိန်မီ ထိန်းချုပ်လိုက်ခြင်းပင်ဖြစ်သည်။

 


ဗီဇပြောင်းမျိုးကွဲ အိုမီခရွန်နှင့် စပ်လျဉ်း၍ အသိပညာပေးခြင်း၊ ဗီဇပြောင်းရောဂါပိုး   နိုင်ငံအတွင်း ဝင်ရောက်မလာရေး၊ ရောဂါ ဖြစ်ပွားမှုလှိုင်း  နောက်ထပ်ဖြစ်ပေါ်မလာရေးအတွက် ကြိုတင် ပြင်ဆင်မှု၊   စောင့်ကြပ်ကြည့်ရှုမှုများကို  ဆောင်ရွက်လျက်ရှိပြီး ကာကွယ်ဆေးထိုးနှံမှုကိုလည်း  ဆက်လက်ဆောင်ရွက်လျက်ရှိ သည်။ ကိုဗစ်-၁၉ ဗီဇပြောင်း မျိုးကွဲ အိုမီခရွန်နှင့် ပတ်သက်၍ လေ့လာမှုများ ပြုလုပ်နေရဆဲဖြစ်ပြီး  အချို့သော အချက်အလက် များကိုသာ သိရှိရသေးသည့်အတွက်  ခန့်မှန်းချက်အချို့ကိုသာ ပြုလုပ်နိုင်သည့် အခြေအနေတွင်သာ ရှိနေသည်။ အိုမီခရွန်သည် မူလ ကိုဗစ်-၁၉ နှင့် လုံးဝမတူတော့ခြင်း၊ လက်ရှိကာကွယ်ဆေးများ ၏ ထိရောက်မှု လျော့ကျနိုင်ခြင်း၊ ယခင် ကိုဗစ်-၁၉ ဖြစ်ဖူးသူ များလည်း ထပ်မံဖြစ်ပွားနိုင်ခြင်း၊ ရောဂါကူးစက်မှု ပိုမိုမြန်ဆန်ခြင်း တို့ ဖြစ်နိုင်ကြောင်း သတင်းများတွင် တွေ့ရှိရသည်။
မိမိတို့နိုင်ငံတွင်      အထူးဂရုပြုရမည့်အချက်မှာ    နယ်စပ် ဖြတ်ကျော်ကူးသန်းသွားလာမှုမှတစ်ဆင့်  ကိုဗစ်-၁၉  ရောဂါ ကူးစက်ဝင်ရောက် ပျံ့နှံ့ခြင်းပင်ဖြစ်သည်။ အိမ်နီးချင်းနိုင်ငံများဆီသို့ နယ်စပ်ဖြတ်ကျော်၍   တရားဝင်ရော   တရားမဝင်ပါ   ဝင်ထွက်သွား လာလျက်ရှိရာ ၎င်းတို့နှင့်အတူ   ရောဂါကူးစက်မှုများ   ဖြစ်ပေါ် လျက်ရှိသည်ကို  တွေ့ရသည်။ ပြည်တွင်း၌ ရောဂါကူးစက်မှုနှုန်း လျော့နည်းကျဆင်းလျက်ရှိခြင်းကြောင့်  ဖြေလျှော့မှုများ ပြုလုပ် ထားချိန်တွင် တရားမဝင် နယ်စပ်ဖြတ်ကျော်မှုများမှတစ်ဆင့် ဗီဇပြောင်းမျိုးကွဲ    ကိုဗစ်-၁၉  ဝင်ရောက်ကူးစက်လာပါက နောက်ထပ်  ကိုဗစ်-၁၉  ရောဂါလှိုင်း ရိုက်ခတ်မှုနှင့်အတူ ဝမ်းနည်း ဖွယ်၊ ထိတ်လန့်ဖွယ်ရာ အဖြစ်များနှင့် ကြုံတွေ့သွားရနိုင်သည်ကို သတိကြီးစွာ ပြုကြရမည်ဖြစ်သည်။

 


အဆိုးဆုံး မျိုးဗီဇပြောင်းပိုးဖြစ်သည့်    ဒယ်လ်တာထက်   ပို၍ ဆိုးသည်ဟူ၍ သတင်းထွက်နေသည့် အိုမီခရွန်ကိုလည်း အရိုးဆုံး ကာကွယ်မှုများဖြင့်ပင် ကာကွယ်နိုင်သည်ဖြစ်ရာ သတိပြုကြရမည် ဖြစ်သော်လည်း ကြောက်စရာမဟုတ်ဟု ဆိုရမည်ဖြစ်သည်။ လူစု လူဝေးရှောင်ခြင်း၊ မလိုအပ်ဘဲ မသွားမလာခြင်း၊ ပြင်ပထွက်တိုင်း Mask တပ်ခြင်း၊ လက်ကို စနစ်တကျ မကြာခဏ ဆေးကြောခြင်း၊ တစ်ဦးနှင့်တစ်ဦး ခြောက်ပေအကွာ နေထိုင်ခြင်း စသော စည်းမျဉ်း စည်းကမ်းကလေးများကိုပင်  ဆက်လက်ကျင့်သုံးကာ ကိုဗစ်-၁၉ မျိုးကွဲသစ်    အိုမီခရွန်ကို   ဆက်လက်ကာကွယ်တားဆီးနိုင်ကြ ပါစေကြောင်း။       ။