အိုမီခရွန် ပြည်တွင်းကူးစက်မှု တစ်ဦးချင်း ဂရုပြုတားဆီးကာကွယ်

 

ကျန်းမာရေးဝန်ကြီးဌာန၏ သတင်းထုတ်ပြန်ချက်အရ ဇန်နဝါရီ ၂၈ ရက်နေ့တွင် အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာနက ဓာတ်ခွဲစစ်ဆေးခဲ့သည့် ဓာတ်ခွဲနမူနာ ၈၆ ခုအနက် ကိုဗစ်-၁၉ မျိုးရိုးဗီဇပြောင်း အိုမီခရွန်ကို ဓာတ်ခွဲနမူနာ ၇၂ ခု၌ တွေ့ရှိခဲ့ရ သည်ဟု  သိရသည်။  အိုမီခရွန်ရောဂါပိုး  တွေ့ရှိခဲ့သူ  ၇၂  ဦးမှာ စစ်ကိုင်းတိုင်းဒေသကြီး    တမူးမြို့၊   ကလေးမြို့တို့မှ   လူများ၊ တစ်ဆင့်ထပ်မံ ကူးစက်ခံရသူများနှင့် သံသယလူနာများအနက်မှ အတည်ပြုနိုင်  သူတို့ဖြစ်သည်။  ယင်းမှာ  ကိုဗစ်-၁၉ မျိုးရိုးဗီဇ ပြောင်းရောဂါပိုး  အိုမီခရွန်သည် ပြည်တွင်း၌ ကူးစက်နေပြီဖြစ်ပြီး ပြည်သူများ အထူးဂရုပြု တားဆီးကာကွယ်နိုင်ရန် လိုအပ်ကြောင်း အချက်ပြတပ်လှန့်လိုက်ခြင်းဟု ဆိုနိုင်သည်။

 


အိုမီခရွန်သည် ရောဂါလက္ခဏာအားဖြင့် ဒယ်လ်တာမျိုးကွဲ နှင့် ဆင်ပြီး အနံ့၊ အရသာပျောက်ဆုံးမှုနည်းပါးကြောင်း။ ကိုယ် လက်ခေါင်းတို့ ကိုက်ခဲ၊ ချောင်းဆိုးပြီး အဖျားတက်၍ ပြင်းထန်  တုပ်ကွေးလက္ခဏာများနှင့်ဆင်တူကြောင်း သိရသည်။ ရောဂါ ပြင်းထန်မှုတွင် ဒယ်လ်တာမျိုးကွဲလောက် မပြင်းထန်သော်လည်း ရောဂါကူးစက်ပျံ့နှံ့မှုကမူ ဒယ်လ်တာမျိုးကွဲထက် သုံးဆမြန်ဆန် သည်ဟု ဆိုရာ ကူးစက်မှုနှုန်းမြင့်တက်လာပါက ရောဂါပြင်းထန် သူများ ပိုမိုများပြားလာပြီး ဆေးရုံတက်ရသည့်နှုန်း ပြန်လည် မြင့်မားလာနိုင်သည်ဟု သုတေသီများက ဆိုသည်။ အိုမီခရွန်သည် ရောဂါမပြင်းထန်ဟုဆိုသော်လည်း ၎င်းကြောင့် သေဆုံးသူများ ရှိနေသည့်အတွက် မပေါ့မလျော့စောင့်ကြည့်ကာကွယ်တားဆီးကြရမှာဖြစ်သည်။ ပြည်သူလူထုအနေဖြင့် ကျန်းမာရေးဝန်ကြီး ဌာနက ထုတ်ပြန်ထားသော ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ် ရေးဆိုင်ရာ စည်းကမ်းများကို စနစ်တကျလိုက်နာဆောင်ရွက်ရန် လိုအပ်ပြီး ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံမှုခံယူခြင်းကို အထူး ဂရုပြုပူးပေါင်းဆောင်ရွက်ကြရန် ကျန်းမာရေးဝန်ကြီးဌာနက နှိုးဆော်ထားသည်။ 

 


မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉  ရောဂါ နေ့စဉ်တွေ့ရှိမှု ရာခိုင်နှုန်း မှာ   ၁   ရာခိုင်နှုန်းနှင့်    ၂   ရာခိုင်နှုန်းကြားတွင်သာ   ရှိနေပြီး ကိုဗစ်-၁၉ ရောဂါဖြင့် သေဆုံးမှု မရှိသည်မှာလည်း ရက်သတ္တ တစ်ပတ်ရှိပြီဖြစ်သည်။  ကိုဗစ်-၁၉   ရောဂါ   ကာကွယ်ဆေး နှစ်ကြိမ်အပြည့်  ထိုးနှံနိုင်မှုတွင်  မြန်မာနိုင်ငံသည်  အာဆီယံ ၁၀   နိုင်ငံအနက် ရာခိုင်နှုန်းအားဖြင့် အနိမ့်ဆုံးတွင် ရှိနေသည်ဟု ဆိုသော်လည်း ရောဂါဖြစ်ပွားမှုနှင့် ရောဂါကြောင့် သေဆုံးမှုတွင် အာဆီယံ၌ အဆင့် (၆) ဖြစ်ရာ အသိပညာပေးမှုနှင့် တစ်ဦးချင်း ကြိုတင်ကာကွယ်မှုတို့ ကောင်းသည်ဟု ဆိုနိုင်သည်။ ကာကွယ် ဆေးထိုးနှံမှုကို    တစ်ဦးတစ်ယောက်မျှ   မကျန်စေရဟူသော မူဖြင့်   အုပ်စုအလိုက်   စဉ်ဆက်မပြတ်   ထိုးနှံပေးလျက်ရှိပြီး အပိုဆောင်းထပ်မံ   ထိုးနှံမှုများလည်း   စတင်လျက်ရှိပြီဖြစ်ရာ  ကာကွယ်ဆေးလွှမ်းခြုံမှုအားကောင်းလာသလို  ပြည်သူတစ်ဦး ချင်းစီက ကိုဗစ်-၁၉ ကာကွယ်ရေး စည်းမျဉ်းစည်းကမ်းများနှင့် အညီ  နေထိုင်သွားကြခြင်းဖြင့်  လုံလောက်သည့် ခုခံနိုင်စွမ်းအား      ရောက်လာသည့်အခြေအနေ၊      အချိန်အခါတွင်     ကိုဗစ်-၁၉ ရောဂါသည် မြန်မာ့မြေပေါ်မှ ဆုတ်ခွာသွားလိမ့်မည်ဖြစ်သည်။

 


ကိုဗစ်-၁၉ ဗီဇပြောင်းမျိုးကွဲ အိုမီခရွန်ကို လူစုလူဝေးရှောင် ခြင်း၊ Mask တပ်ခြင်း၊ လက်ခဏခဏဆေးကြောခြင်း၊ တစ်ဦး နှင့်   တစ်ဦး   ခြောက်ပေခွာ၍နေခြင်း    နည်းလမ်းများဖြင့်ပင် ဆက်လက်၍    ရှောင်ရှားသွားကြရမှာဖြစ်သည်။     အိုမီခရွန် ပြည်တွင်းကူးစက်မှုရှိနေပြီကို            သတိထားကြရမည်ဖြစ်ရာ ရောဂါပိုးသယ်ဆောင်ထားသူသည် မည်သည့်လက္ခဏာမျှမပြဘဲ ၎င်းကိုယ်တိုင်ပင် မသိရှိနိုင်ကြောင်းကို ဂရုပြုကြရမည်ဖြစ်သည်။ ရောဂါဖြစ်ပွားရာဒေသမှ ပြန်လာခြင်း၊ ယင်းသို့ ပြန်လာသူနှင့် ထိတွေ့ခြင်းတို့ရှိခဲ့ပါက ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွှန်ချက် များအတိုင်း       လိုက်နာဆောင်ရွက်ခြင်းဖြင့်      ကူးစက်မှု လမ်းကြောင်းကို  ဖြတ်တောက်ကြရန် အကျိုးမျှော်ကာ နှိုးဆော် တိုက်တွန်းလိုက်ရပါကြောင်း။         ။