အိုမီခရွန်ကြောင့် နောက်ထပ် ကိုဗစ်-၁၉ လှိုင်းဂယက် ထပ်မံရိုက်ခတ်ခံနေရတဲ့ အမေရိကန်

 

ထွန်းကျော်

 

အမေရိကန်ပြည်ထောင်စုမှာ ကလေးငယ်တွေ ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားမှု ပိုများလာတဲ့အတွက် ကျောင်းတွေကို အဝေးသင်ပုံစံမျိုး ပြန်လည်စတင် နေသလို လေကြောင်းလိုင်းတွေကိုလည်း ဖျက်သိမ်း လိုက်ပါတယ်။ ကိုဗစ်-၁၉ ကပ်ရောဂါ မြင့်တက် လာခြင်းက အမေရိကန်ပြည်ထောင်စုကို ဖရိုဖရဲ ဖြစ်စေပါတယ်။ ထို့အတူ လူမှုဝန်းကျင်အခြေအနေ တွေကိုလည်း ကမောက်ကမဖြစ်စေပါတယ်။

 


မှတ်တမ်းသစ်တင်  


ဇန်နဝါရီ ၅ ရက်က အမေရိကန်ပြည်ထောင်စု တစ်ဝန်း ကိုဗစ်-၁၉ နဲ့ ဆေးရုံတက်ရောက်ရတဲ့ ကလေးအရေအတွက် ၄၀၀၀ ကျော်လာပါတယ်။ ဒီအရေအတွက်ဟာ ဒယ်လ်တာကိုရိုနာဗိုင်းရပ်စ် ကြောင့် နွေရာသီမှာ အမြင့်ဆုံးဖြစ်ခဲ့တဲ့ ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားမှုအရေအတွက်ကို ကျော်လွန်ခဲ့ပြီး မှတ်တမ်းသစ်တင်ခဲ့တဲ့ အရေအတွက်ဖြစ်ပါတယ်။ 

 


သီတင်းပတ်နှစ်ပတ် မပြည့်ခင်မှာ ဒီလိုအရွယ် ကလေးတွေမှာ ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားမှု အရေ အတွက်ဟာ    ရုတ်တရက်   မြင့်တက်ခဲ့ပါတယ်။ ခရစ်စမတ်နေ့မှာ  ကလေးငယ်  ၂၀၀၀  အောက် ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားမှုကြောင့် ဆေးရုံတင်ခဲ့ရ ပါတယ်။   အခု  ဇန်နဝါရီ  ၅  ရက်နေ့မှာတော့ ဆေးရုံတင်ရတဲ့  ကလေးငယ်ပေါင်းဟာ  ၄၀၀၀ ကျော်ခဲ့ပါတယ်။  ဒီကိန်းဂဏန်း အခြေအနေကို ကြည့်ခြင်းအားဖြင့် ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားနေတဲ့ အရေအတွက်ဟာ   အတော်လေး  မြင့်တက်လာ တာကို တွေ့ရမှာဖြစ်ပါတယ်။

 


ကိုဗစ်-၁၉ ကာကွယ်ဖို့အရေးကြီး 


အသက် ၁၂ နှစ်ကနေ အသက် ၁၇ နှစ် အသက် အရွယ်အုပ်စုအတွင်းမှာရှိတဲ့  ကလေးတွေအတွက်  ဖိုက်ဇာ-ဘီရွန်တက်ခ်  ကိုဗစ်-၁၉  ကာကွယ်ဆေး အပိုဆောင်းထိုးနှံမှုကို ထောက်ခံပေးထားပါတယ်။ 

 


မိမိတို့ရဲ့ကလေးတွေနဲ့  ဆယ်ကျော်သက်တွေကို ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားမှုက ကာကွယ်ဖို့ အရေး ကြီးတယ်လို့   အမေရိကန်   ရောဂါထိန်းချုပ်ရေးနဲ့ ကာကွယ်ရေးစင်တာ(စီဒီစီ)    ညွှန်ကြားရေးမှူး ရိုချယ်လီဝယ်လန်စကီက     ပြောကြားလိုက်ပါ တယ်။

 


စီဒီစီက   အမေရိကန်တွေအနေနဲ့    အပျော်စီး သင်္ဘောတွေနဲ့ ခရီးသွားလာမှုကို ရှောင်ရှားဖို့ ပြော ကြားခဲ့ပါတယ်။ မကြာသေးမီ သီတင်းပတ်အတွင်း မှာ   ကူးစက်မြန်   အိုမီခရွန်ဗိုင်းရပ်စ်သစ်   ကူးစက် ဖြစ်ပွားမှု   ရုတ်တရက်မြင့်တက်လာပြီးနောက်မှာ အေဂျင်စီရဲ့ အမြင့်ဆုံးကိုရိုနာဗိုင်းရပ်စ်သတိပေး ချက်တွေ ထွက်ပေါ်လာခဲ့တာပဲ ဖြစ်ပါတယ်။

 


ဝေဖန်မှုတွေမြင့်တက် 


သို့သော်လည်း ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားမှုတွေ မြင့်တက်လာမှုနဲ့အတူ   အပျော်စီးသင်္ဘောတွေရဲ့ ဘေးအန္တရာယ်ကင်းရှင်းလုံခြုံမှုနဲ့    ပတ်သက်ပြီး ဝေဖန်မှုတွေလည်း      မြင့်တက်လာခဲ့ပါတယ်။ သင်္ဘောပေါ်မှာလည်း    ကိုဗစ်-၁၉   ကင်းစင်ရေး ဘေးကင်းလုံခြုံတဲ့ဆောင်ရွက်ချက်တွေ     လုပ်ဖို့ လိုတဲ့အပြင် ခရီးမထွက်ခွာခင် ကိုဗစ်-၁၉ စစ်ဆေး ရေးနဲ့ ကိုဗစ်-၁၉ ကာကွယ်ဆေးဆိုင်ရာ ပြဋ္ဌာန်း ချက်တွေကို လုပ်ဆောင်ဖို့လိုပါတယ်။

 


အပျော်စီးသင်္ဘောလုပ်ငန်းဖြစ်တဲ့ အပျော်စီး သင်္ဘောလိုင်း အပြည်ပြည်ဆိုင်ရာအဖွဲ့က စီဒီစီရဲ့ သတိပေးချက်ကို  စိတ်ရှုပ်စရာအဖြစ်  ပြောကြား လိုက်ပြီး သင်္ဘောပေါ်မှာတွေ့တဲ့ ကိုဗစ်-၁၉ ကူးစက် ဖြစ်ပွားမှုဟာ    ကုန်းပေါ်မှာတွေ့တဲ့   ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားမှုထက်    အပုံကြီးနည်းတယ်လို့ ပြောကြားခဲ့ပါတယ်။

 


ဗိုင်းရပ်စ်ကို နေ့စဉ်နေထိုင်မှုဘဝမှာ လက်ခံဖို့ 
ပြင်ဆင်ထားကြရမယ် 


တချို့ အပျော်စီးသင်္ဘောလိုင်းကြီးတွေကတော့ သင်္ဘောပေါ်မှာတွေ့တဲ့ ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားမှု တွေကို လူသိရှင်ကြား ထုတ်ဖော်မပြောကြားပါဘူး။ သို့သော်လည်း   စီဒီစီကိုတော့  နေ့စဉ်  ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားမှုသတင်းတွေ    ပေးပို့ခဲ့ပါတယ်။ စီဒီစီဟာ အပျော်စီးသင်္ဘောပေါင်း ၉၀ ကျော်ကို ထိန်းသိမ်းဆောင်ရွက်နေတယ်လို့ သိရပါတယ်။
အမေရိကန်ပြည်ထောင်စုတစ်ဝန်း ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားမှုတွေ   မြင့်တက်လာတဲ့အတွက် အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်နဲ့ သူ့အစိုးရအဖွဲ့ဟာ ဗိုင်းရပ်စ်ကို နေ့စဉ် နေထိုင်မှုဘဝမှာ လက်ခံသွားဖို့ ပြင်ဆင်ထားကြရမယ်လို့ ပြောကြားခဲ့ပါတယ်။

 


အွန်လိုင်းပညာသင်ကျောင်းတွေပြန်များလာ 


ကူးစက်မြန်    အိုမီခရွန်ဗိုင်းရပ်စ်    ကူးစက် ဖြစ်ပွားမှု ကြမ်းကြမ်းတမ်းတမ်းထပ်မံဖြစ်ပေါ်လာချိန်မှာ   ဘိုင်ဒင်က  အခုလို   ပြောကြားလိုက်တာပဲ ဖြစ်ပါတယ်။  အွန်လိုင်းနဲ့ ပညာသင်ကြားတဲ့ကျောင်း အရေအတွက်ဟာလည်း တဖြည်းဖြည်းနဲ့ ပြန်လည် များပြားလာပြီဖြစ်ပါတယ်။ 
စီးပွားရေးလုပ်ငန်းအများစုဟာလည်း ဝန်ထမ်း ပြတ်လပ်မှုကြောင့် အတော်လေး အထိနာနေခဲ့ပါပြီ လို့   ဘိုင်ဒင်ရဲ့သတင်းစကားမှာ   ပြောကြားထားပါ တယ်။

 


နောက်ထပ်လှိုင်းဂယက်ကို ခံစားနေရ  


ဇန်နဝါရီ  ၆  ရက်နေ့ဟာ   လေကြောင်းလိုင်း ၁၀၀၀ ကျော် ဖျက်သိမ်းလိုက်တဲ့ ၁၂ ရက်မြောက်နေ့ ဖြစ်ပါတယ်။ ထို့အတူ အမေရိကန်ပြည်နယ်အများစု က ကိုဗစ်-၁၉ စစ်ဆေးမှုတွေ  ရပ်တန့်သွားခြင်းက ပြည်သူတွေကို   ကျောင်းတွေနဲ့   လုပ်ငန်းခွင်ကို ပုံမှန်အတိုင်းပြန်သွားဖို့      ပိုပြီးခက်ခဲစေတယ်လို့ ပြောခဲ့ပါတယ်။ 

 


အမေရိကန်ပြည်ထောင်စုမှာ   ခုနစ်ရက်တာ အတွင်း  ပျမ်းမျှ ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားမှုဟာ ၄၉၁၇၀၀ နီးပါး  မြင့်တက်လာခဲ့ပါတယ်။ ဒါဟာ လွန်ခဲ့တဲ့သီတင်းပတ်ကထက် ၉၈ ရာခိုင်နှုန်း မြင့်တက် လာခဲ့တာဖြစ်ပါတယ်။  အခုဆိုရင် အမေရိကန် ပြည်ထောင်စုဟာ    အိုမီခရွန်ကြောင့်  နောက်ထပ် ကိုဗစ်-၁၉ လှိုင်းဂယက် ထပ်မံရိုက်ခတ်ခြင်းကို ဆိုးရွားစွာ ခံစားနေရပြီဖြစ်ပါတယ်။      ။


ကိုးကား-ဆင်ဟွာ