
ကေကေစိုး
လျင်မြန်စွာကူးစက်ပျံ့နှံ့လျက်ရှိသော ကိုဗစ်- ၁၉ မျိုးကွဲဖြစ်သည့် အိုမီခရွန်သည် ယခုအခါ အမေရိကန်ပြည်ထောင်စု၌ ကူးစက်မှု များပြားစေသည့် မျိုးကွဲတစ်ခုဖြစ်လာသည်။ ရရှိထားသည့် အချက် အလက်များအရ ပြီးခဲ့သည့်သီတင်းပတ်အတွင်း အမေရိကန်၌ ကူးစက်မှုများ၏ ၇၃ ဒသမ ၂ ရာခိုင်နှုန်းမှာ အိုမီခရွန် ကူးစက်မှုများပင် ဖြစ်သည်ဟု ကျန်းမာရေးအာဏာပိုင်များက ဒီဇင်ဘာ ၂၀ ရက်တွင် ပြောသည်။
အသွားအလာပိတ်ဆို့ကန့်သတ်ရန်အစီအစဉ်မရှိ
အမေရိကန် ကူးစက်ရောဂါထိန်းချုပ်ရေးနှင့် ကာကွယ်ရေးစင်တာ က ဒီဇင်ဘာ ၁၈ ရက် တွင် ကောက်ယူထားသည့် အချက်အလက်များ အပေါ်အခြေခံကာ ပြောကြားခဲ့ခြင်းဖြစ်သည်။ ယခင်သီတင်းပတ်က လည်း အမေရိကန်ပြည်ထောင်စု၌ ကိုဗစ်- ၁၉ ကူးစက်မှုများ၏ ၁၂ ဒသမ ၆ ရာခိုင်နှုန်းမှာအိုမီခရွန်ကူးစက်မှုများပင်ဖြစ်သည်။
ဒီဇင်ဘာ ၂၁ ရက်က အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင် ကိုဗစ် - ၁၉ နှင့်ပတ်သက်၍ မိန့်ခွန်းမပြောကြားမီ ယခုလို သတင်းထွက်ပေါ်ခဲ့ခြင်း ဖြစ်သည်။ လက်ရှိတွင် ကူးစက်မှုများ များပြားနေရာပြန်လည်တုံ့ပြန် သည့်အနေဖြင့် တိုင်းပြည်အတွင်း အသွားအလာပိတ်ဆို့ကန့်သတ်မှု များ ပြုလုပ်ရန်အစီအစဉ်မရှိဟု အိမ်ဖြူတော် သတင်းထုတ်ပြန်ရေး အကြီးအကဲဖြစ်သူ ဂျန်ပစာကီက ပြောသည်။
ခက်ခဲသည့်ဆောင်းတွင်းကို ကျော်ဖြတ်ရမည်
အမေရိကန်ပြည်သူများအနေဖြင့် ကာကွယ်ဆေးထိုးခြင်း၏ အကျိုးကျေးဇူးများကို သိရှိရန်လိုအပ်ကြောင်း အစိုးရအနေဖြင့် အကဲ ဖြတ်မှုများနှင့် ဆေးစစ်မှုများကို တိုးမြှင့်လုပ်ဆောင်မည်ဟုလည်း ၎င်းက ဆက်ပြောသည်။
ဆောင်းတွင်းမတိုင်မီ အိုမီခရွန်ကူးစက်မှုသည် တစ်ကမ္ဘာလုံး ဆိုင်ရာကူးစက်မှု လှိုင်းသစ်ဖြစ်လာနိုင်ကြောင်း အမေရိကန် ကပ်ရောဂါဆိုင်ရာ ထိပ်တန်းအကြံပေးတစ်ဦးဖြစ်သူ အန်သိုနီဖောင်ချီ က ဒီဇင်ဘာ ၁၉ ရက်တွင် သတိပေးပြောကြားခဲ့သည်။ အိုမီခရွန် ကူးစက်မှုနှင့်အတူ ခက်ခဲသည့်ဆောင်းတွင်းကို ကျော်ဖြတ်ရမည်ဟု လည်း ၎င်းက ဆက်ပြောခဲ့သည်။
နိုင်ငံအတော်များများတွင် တွေ့ရှိလာရ
အိုမီခရွန်ကူးစက်မှုမှာ ယခုအချိန်ထိ လွှမ်းမိုးနေဆဲဖြစ်သော ဒယ်လ်တာကူးစက်မှုလောက် ဆိုးရွားပြင်းထန်မှုမရှိသော်လည်း ကနဦးရရှိထားသည့် အချက်အလက်များအရ အိုမီခရွန်သည် ကူးစက်မှုပို၍ မြန်ဆန်ပြီး ကာကွယ်ဆေးကို ခုခံရာတွင်လည်းပို၍ မြင့်မားနိုင်ဖွယ်ရှိသည်ဟု သိရသည်။ အိုမီခရွန်ကူးစက်မှုကို နိုဝင်ဘာ လအတွင်း တောင်အာဖရိက၌ ပထမဆုံးတွေ့ရှိခဲ့ရပြီး ယခုအခါ နိုင်ငံအတော်များများတွင်ပါ တွေ့ရှိလာရပြီဖြစ်သည်။
ဖျော်ဖြေရေးပွဲများ ဖျက်သိမ်းရ
ထို့ကြောင့် ကပ်ရောဂါကို အဆုံးသတ်နိုင်တော့မည်ဟူသော မျှော်လင့်ချက်ကို ရေစုန်မျောစေခဲ့သည်။ အမေရိကန်နိုင်ငံတစ်လွှား ဆေးရုံများတွင် အလုပ်ပြန်ရှုပ်လာပြီး ကာကွယ်ဆေးစစ်ဆေးသည့် နေရာများတွင်လည်းလူတန်းရှည်ကြီးဖြစ်သည့်အထိ စောင့်ဆိုင်း လာရသည်။ ထို့ပြင် အားကစားနှင့် ဖျော်ဖြေရေးပွဲများကိုလည်း ဖျက်သိမ်းခဲ့ရသည်။
ပါးစပ်နှာခေါင်းစည်း တပ်ဆင်ခြင်းနှင့် ကာကွယ်ဆေးထိုးခြင်း တို့မှာ နိုင်ငံရေးအရ အငြင်းပွားမှုများဖြစ်ပေါ်နေပြီး ယင်းအခြေအနေ အောက်တွင် ရောဂါကူးစက်မှုများကို ထိန်းချုပ်နိုင်ရန်မှာ လွယ်ကူ မည့်ကိစ္စ မဟုတ်ပေ။
သမ္မတတွင်ရောဂါ ကူးစက်ခံထားရခြင်းမရှိ
အဲဖို့ဒ်ဝမ်းလေယာဉ်ပေါ်တွင်လိုက်ပါခဲ့ပြီး အမေရိကန်သမ္မတနှင့် အတူ နာရီဝက်ခန့်တွေ့ဆုံခဲ့သည့် ဝန်ထမ်းများထဲမှ ဝန်ထမ်းတစ်ဦး တွင် ကိုဗစ်- ၁၉ ကူးစက်ခံထားရကြောင်း ဒီဇင်ဘာ ၂၀ ရက် စစ်ဆေး တွေ့ရှိပြီးနောက် အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်ကိုလည်း ကိုဗစ် - ၁၉ ရှိ မရှိ ဆေးစစ်ခဲ့ရသည်။ သမ္မတတွင် ကိုဗစ် - ၁၉ ကူးစက်ခံထားရခြင်း မရှိကြောင်း အိမ်ဖြူတော်က ပြောသည်။ သမ္မတကို ပုံမှန်ဆေးစစ်မှုအား ဒီဇင်ဘာ ၁၉ ရက်တွင် လုပ်ဆောင်ခဲ့ပြီး ကိုဗစ် - ၁၉ ကူးစက်ထားခြင်း မရှိကြောင်း အတည်ပြုခဲ့သည်ဟု အိမ်ဖြူတော် သတင်းထုတ်ပြန်ရေး အကြီးအကဲဖြစ်သူ ဂျန်ပစာကီက ပြောသည်။
လမ်းညွှန်ချက်များအတိုင်းဆက်လက်လုပ်ဆောင်
သမ္မတဘိုင်ဒင်သည် အမေရိကန် ရောဂါထိန်းချုပ်ရေးနှင့် ကာကွယ်ရေးစင်တာမှ ချမှတ်ထားသော လမ်းညွှန်ချက်များအတိုင်း ၎င်း၏နေ့စဉ်လုပ်ငန်းဆောင်တာများကို ဆက်လက်လုပ်ဆောင်လျက် ရှိသည်ဟု ကြေညာချက်ထုတ်ပြန်ခဲ့သည်။ အမေရိကန်ရောဂါ ထိန်းချုပ်ရေးနှင့် ကာကွယ်ရေးစင်တာမှ ချမှတ်ထားသော လမ်းညွှန် ချက်အရ ကာကွယ်ဆေးအပြည့်ထိုးထားသောသူများသည် ရောဂါရှိသူ နှင့် ထိတွေ့မှုရှိသော်လည်း အသွားအလာစောင့်ကြည့်ကန့်သတ်မှု ခံယူရန် မလိုအပ်ဟု သိရသည်။
အားကစားပွဲကြီးများ ဖျက်သိမ်းခဲ့ရ
အိုမီခရွန်ကူးစက်မှုမှာ လျင်မြန်စွာပျံ့နှံ့လျက်ရှိပြီး အမေရိကန် ပြည်ထောင်စု ၄၈ ပြည်နယ်တွင် တွေ့ရှိလာရသည်။ အိုမီခရွန်ပထမဆုံး ကူးစက်မှုမှာ ဒီဇင်ဘာ ၁ ရက်တွင် ကယ်လီဖိုးနီးယား၌ တွေ့ရှိခဲ့ခြင်း ဖြစ်သည်။ အိုမီခရွန်မှာကူးစက်မှု အလွန်လျင်မြန်သည်ဟု ပြောဆို နေကြသော်လည်း ကနဦးရရှိထားသည့် အချက်အလက်များအရ အိုမီခရွန်သည် ဆေးရုံတက်ရမှုနှုန်းနှင့် ရောဂါလက္ခဏာပြင်းထန်မှုနှုန်းမှာမူ နည်းပါးသည်ဟု ကျွမ်းကျင်သူများက ပြောသည်။
အမေရိကန်ပြည်ထောင်စု၌ ကိုဗစ် - ၁၉ ကြောင့် ဆေးရုံတက်ရမှု နှုန်းနှင့် သေဆုံးမှုများမှာ ဆက်လက်မြင့်မားနေဆဲဖြစ်ပြီး ယင်းအချက် ကြောင့်ပင် အားကစားပွဲကြီးများနှင့် ဂီတဖျော်ဖြေပွဲများ ဖျက်သိမ်းခဲ့ရ သည်။
အွန်လိုင်းမှပြန်လည်သင်ကြားရ
အချို့သောကောလိပ်များမှာ အွန်လိုင်းမှသင်ကြားသည့်ပုံစံသို့ ပြန်သွားနေရသည်။ ကျောင်းသားများ အိမ်ကိုစောစီးစွာ ပြန်နိုင်ရေးအတွက်လုပ်ဆောင်နေရသည်။ တိုင်းပြည်အတွင်း ပျမ်းမျှအားဖြင့် နေ့စဉ်ကူးစက်မှုမှာ ၁၃၀၀၀၀ ရှိပြီး ပြီးခဲ့သည့် သီတင်းပတ်အတွင်းက ကူးစက်မှုထက် ၁၀ ရာခိုင်နှုန်းတိုးလာခဲ့သည်ဟု အမေရိကန်ရောဂါ ထိန်းချုပ်ရေးနှင့်ကာကွယ်ရေးစင်တာ၏ အချက်အလက်များအရ သိရသည်။ တစ်ပတ်အတွင်းပျမ်းမျှသေဆုံးမှုနှုန်းမှာ ၁၁၈၀ ရှိပြီးယခင် သီတင်းပတ်နှင့် နှိုင်းယှဉ်လျှင် ၈ ဒသမ ၂ ရာခိုင်နှုန်း တိုးလာခြင်း ဖြစ်သည်။
မဟန့်တားနိုင်
လက်ရှိအချိန်တွင်အမေရိကန်၌ နေ့စဉ်ဆေးရုံတက်ရမှုနှုန်းမှာ ၇၈၀၀ ရှိပြီး ပြီးခဲ့သည့်သီတင်းပတ်ကနှင့် နှိုင်းယှဉ်လျှင် ၄ ဒသမ ၄ ရာခိုင်နှုန်းတိုးလာခြင်းဖြစ်သည်ဟု အချက်အလက်များအရ သိရ သည်။ နယူးယောက်ပြည်နယ်၌ ကိုဗစ်- ၁၉ ကူးစက်မှုမှာသုံးရက် ဆက်တိုက်စံချိန်တင် များပြားလျက်ရှိပြီး ဒီဇင်ဘာ ၁၉ ရက်တစ်ရက် တည်းတွင်ပင် ၂၂၀၀၀ ကူးစက်ခံရသည်။ ကူးစက်မှုများပြားနေခြင်းက ပြည်သူများအားလပ်ရက် ခရီးသွားမည့်အရေးကို မဟန့်တားနိုင်ချေ။
တိုက်တွန်းထား
ဒီဇင်ဘာ ၂၃ ရက်နှင့် ဇန်နဝါရီ ၃ ရက်ကြားတွင် အမေရိကန် ၂၁ သန်းခန့် ခရီးသွားမည်ဟု အမေရိကန်သယ်ယူပို့ဆောင်ရေးစီမံခန့်ခွဲမှုက ခန့်မှန်းထားသည်။ ပြည်သူများခရီးမသွားမီနှင့် လူစုလူဝေးပွဲ များမတက်ရောက်မီ ဆေးစစ်မှုပြုလုပ်ကြရန် ကျန်းမာရေးကျွမ်းကျင် သူများက သတိပေးထားသည်။ ထို့ပြင် ကာကွယ်ဆေးထိုးရန်နှင့် နှစ်ကြိမ်ထိုးပြီးသူများလည်း အပိုဆောင်းကာကွယ်ဆေးထိုးကြရန်၊ပါးစပ်နှာခေါင်းစည်းတပ်ဆင်ကြရန်နှင့် လူမှုဝေးကွာအစီအစဉ်များကို လိုက်နာကြရန်လည်း တိုက်တွန်းထားသည်။ ။
ကိုးကား - အေအက်ဖ်ပီ၊ ဆင်ဟွာ