အိုမီခရွန်ဝင်ရောက်လာမှု လူတိုင်းကိုယ်စီ ဂရုပြုကာကွယ်

 

 

မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိမှု ရာခိုင်နှုန်းသည် နေ့စဉ် ၂ ရာခိုင်နှုန်းအောက်သို့ ကျဆင်းလာချိန်တွင် အရှေ့အလယ်ပိုင်း ဒေသမှ ကယ်ဆယ်ရေးလေယာဉ်ခရီးစဉ်ဖြင့် ပြန်လာသူ မိမိနိုင်ငံသား လေးဦးထံ ကိုဗစ်-၁၉ ဗီဇပြောင်းမျိုးကွဲ အိုမီခရွန် ကူးစက်ခံထား ရကြောင်း တွေ့ရှိရသည်။ အိမ်နီးချင်းနိုင်ငံများအပါအဝင် ဒေသတွင်း နိုင်ငံများ၊ ကမ္ဘာ့နိုင်ငံများ စသည့်နိုင်ငံပေါင်း ၁၀၀ ကျော်တွင် အိုမီခရွန် က ကူးစက်ပျံ့နှံ့လျက်ရှိရာ မိမိတို့နိုင်ငံတွင်လည်း ဝင်ရောက်လာနိုင် သည့်အခြေအနေအပေါ် မျက်ခြည်မပြတ်စောင့်ကြပ်ကြည့်ရှုခဲ့ခြင်း ကြောင့် ယခုကဲ့သို့ အချိန်နှင့်တစ်ပြေးညီ သိရှိနိုင်ခဲ့ခြင်းဖြစ်သည်။
ကိုဗစ်-၁၉ ဗီဇပြောင်း မျိုးကွဲအိုမီခရွန်သည် လက်ရှိမြန်မာနိုင်ငံ တွင် လွှမ်းမိုးနေသည့် ကိုဗစ်-၁၉ ဗီဇပြောင်း မျိုးကွဲ ဒယ်လ်တာထက် ကူးစက်ပျံ့နှံ့မှုနှုန်း နှစ်ဆခန့် ပိုမိုမြန်ဆန်ခြင်းကြောင့် ရောဂါကူးစက် မခံရရေးအတွက် သတိပြုနေထိုင်ကြရမည်ဖြစ်သော်လည်း အလွန် အမင်းစိုးရိမ်ကြောင့်ကြခြင်း မပြုကြရန် ကျန်းမာရေးဝန်ကြီးဌာနက နှိုးဆော်ထားသည်။ အိုမီခရွန်သည် ကူးစက်ပျံ့နှံ့မှု မြန်ဆန်သော် လည်း ရောဂါပြင်းထန်မှုနည်းကြောင်း၊ သို့ရာတွင် လူအများအပြား တွင် ရောဂါပိုးကူးစက်မှုမြင့်မားလာပါက ရောဂါပြင်းထန်မှု မြင့်မား သွားသည့်အနေအထားသို့ ပြောင်းလဲသွားနိုင်ကြောင်း နိုင်ငံတကာ သတင်းများတွင် တွေ့ရှိရသည့်အတွက် မပေါ့မဆ သတိပြုနေထိုင် ကြရန်လိုသည်။ ရောဂါအခံရှိသည့် သက်ကြီးရွယ်အိုတစ်ဦး အိုမီခရွန် ကြောင့် ဩစတြေးလျတွင် သေဆုံးသွားကြောင်း သတင်းအရ အကြောင်းတရားတို့ ပေါင်းဆုံပါက အိုမီခရွန်သည်လည်း အသက် အန္တရာယ်ပြုနိုင်သည်ဟု သိနားလည်ထားကြရမည်ဖြစ်သည်။
အိုမီခရွန် ကူးစက်ခံခဲ့ရသည့် မြန်မာနိုင်ငံသား လေးဦးအနက် တစ်ဦးတွင်သာ ရောဂါလက္ခဏာများ တွေ့ရှိရပြီး ကျန်သုံးဦးတွင် မတွေ့ရှိရသည့်အတွက်   တိတ်တဆိတ်   ကူးစက်ပျံ့နှံ့နိုင်သည့် အန္တရာယ်မြင့်မားသည်ဟု ဆိုရမည်ဖြစ်သည်။ အိုမီခရွန်ဝင်ရောက် လာနိုင်သည့်အခြေအနေနှင့်   စပ်လျဉ်း၍  ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်ရန်အတွက် “မိမိတို့ သတိထားရမည့် အနေအထားရှိကြောင်း၊ ဆေးရုံများအကုန်ပြင်ထားရန်လိုကြောင်း၊ ကျန်းမာရေးဝန်ကြီးဌာနမှ ဆေးရုံများ၊ တပ်မတော်ဆေးရုံများအားလုံးကို ကိုဗစ်နှင့်ပတ်သက်၍ ကုသရန် သီးခြားနေရာတစ်ခုလုပ်ခိုင်းထားကြောင်း၊ သီးခြားနေရာ များ၊ အောက်ဆီဂျင်ထုတ်သည့် စက်ရုံများ၊ ဆရာဝန်များ အကုန်လုံးရှိ ရမည်ဖြစ်ကြောင်း၊   ကိုဗစ်မရှိ၍  မလုပ်ဘူးဟူ၍  မလုပ်သင့်ကြောင်း၊ ဖြစ်လာမှ မျက်ကလဲဆန်ပျာနှင့် ဘယ်မှာမှရှာမရ၊ ဟိုပစ္စည်းသုံးမရ၊ ဒီပစ္စည်းသုံးမရ၊ ဟိုဟာရှာမရ၊ ဒီဟာရှာမရနှင့် မိမိတို့ တော်တော်ကို အခက်အခဲဖြစ်ခဲ့ဖူးကြောင်း၊   ပြည်နယ်နှင့်တိုင်းအလိုက်   ပြန်၍ စစ်ဆေးကြပ်မတ်ပေးရန်  ပြောလိုကြောင်း” ဖြင့်   နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဒီဇင်ဘာ ၁၃ ရက်တွင် ကျင်းပသည့်  နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီအစည်းအဝေး(၁၈/၂၀၂၁)သို့ တက်ရောက် အမှာစကားပြောကြားရာတွင် ထည့်သွင်းပြောကြားခဲ့ရာ အိုမီခရွန်နှင့် စပ်လျဉ်း၍ ကြိုတင်ဆော်ဩခဲ့ခြင်းပင်ဖြစ်သည်။
အိုမီခရွန်သည် မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ တတိယလှိုင်း ဖြစ်ပွား စေခဲ့သည့်   ဒယ်လ်တာမျိုးကွဲထက်  ကူးစက်မှု  ပိုမိုမြန်ဆန်သည့် အပြင် ကာကွယ်ဆေးထိုးပြီးသူများနှင့် ကိုဗစ်-၁၉ ရောဂါဖြစ်ပွားခဲ့ပြီး ပြန်လည်ကျန်းမာလာသူများတွင်လည်း   ရောဂါကူးစက်ဖြစ်ပွား စေနိုင်သည်ဟု  ကမ္ဘာ့ကျန်းမာရေးအဖွဲ့က  သတိပေးထားသည်။ ကူးစက်ခံရသူများ ရုတ်တရက်မြင့်မားလာပါက ကျန်းမာရေးစနစ် တွင် ဝန်ပိသည့်အခြေအနေလည်း ဖြစ်ပေါ်စေနိုင်ရာ ရောဂါကူးစက် မခံရရေးအတွက် တစ်ဦးချင်းက ဂရုပြုနေထိုင်ကြရန် လိုအပ်သည်။ ကိုဗစ်-၁၉ ရောဂါ   ကာကွယ်ရေးဆိုင်ရာ  အခြေခံစည်းမျဉ်းများနှင့် အညီ နေထိုင်ခြင်း၊ ကာကွယ်ဆေးထိုးနှံမှုကို အကြိမ်ပြည့် မပျက် မကွက်ခံယူခြင်း နည်းလမ်းများဖြင့် ကိုဗစ်-၁၉ မျိုးဗီဇတို့ မည်မျှပင် ပြောင်းစေကာမူ တစ်ဦးချင်းမှစကာ တစ်မျိုးသားလုံးအဆင့်အထိ ကာကွယ်နိုင်ကြပါစေကြောင်း။           ။