အခြေအနေ အချိန်အခါနှင့် ကိုက်ညီလျော်ကန်စေရာ

 

မြန်မာ့အသံနှင့် ရုပ်မြင်သံကြားနှင့် ဆက်စပ်ပြီး ရုပ်မြင်သံကြား ထုတ်လုပ်ဝန်ဆောင်မှုပေးနေသည့်  ကုမ္ပဏီများနှင့်  Content Provider များအနေဖြင့် ပြည်တွင်းရုပ်ရှင်ဇာတ်ကား/ဇာတ်လမ်း တွဲ၊    ပြည်ပရုပ်ရှင်ဇာတ်ကား / ဇာတ်လမ်းတွဲများအား  ဗီဒီယို ဆင်ဆာ စိစစ်ခွင့်ပြုချက်ရယူပြီးမှ ပြသကြရတော့မည်ဖြစ်သည်။

 


အဆိုပါ  ရုပ်မြင်သံကြားထုတ်လွှင့်သူများသည်   ရုပ်ရှင် ဇာတ်ကားကြီးများနှင့်  ဗီဒီယိုဇာတ်ကားကြီးများကို ဆင်ဆာ ခွင့်ပြုချက်ရရှိပြီးမှ   ပြသလျက်ရှိကြသော်လည်း  ပြည်တွင်း ဇာတ်လမ်းတွဲများနှင့်  နိုင်ငံခြားဇာတ်လမ်းတွဲများကို  မြန်မာ စာတန်းထိုးခြင်း၊ မြန်မာစကားပြောအသံထပ်၍ ပြသခြင်းတို့ကိုမူ ဆင်ဆာစိစစ်ရေးအဖွဲ့သို့ မတင်ဘဲ မိမိတို့ကိုယ်တိုင် စိစစ်တာဝန် ယူမှုဖြင့်    ပြသလျက်ရှိရာ  နိုင်ငံ၏   လက်ရှိအခြေအနေနှင့် မသင့်လျော်သည့် ဇာတ်လမ်း၊ ဇာတ်ကွက်၊ ဇာတ်ဝင်ခန်းများနှင့် စကားပြောများ ပါဝင်နေခြင်းကြောင့် ယခုကဲ့သို့ ဆင်ဆာခွင့်ပြု ချက်ရယူပြီးမှ ပြသရန် လိုအပ်လာခြင်းဖြစ်သည်။

 


မိမိတို့နိုင်ငံသည် ပါတီစုံဒီမိုကရေစီစနစ်ကို ကျင့်သုံးနေသည့် နိုင်ငံဖြစ်ပြီး နိုင်ငံသားများသည်လည်း ဖွဲ့စည်းပုံအခြေခံဥပဒေပါ နိုင်ငံသားအခွင့်အရေးများကို ရယူကျင့်သုံးနိုင်ခွင့်တို့ ရှိကြသည်။ သို့ရာတွင် နိုင်ငံ၏ ပစ္စက္ခအခြေအနေမှာ အရေးပေါ်ကာလတစ်ရပ် ကို ဖြတ်သန်းနေရသည့် အခြေအနေဖြစ်သည်ကို အားလုံးသိရှိကြ ပြီးဖြစ်သည်။ မဲမသမာမှုကို အကြောင်းပြု၍ ယိမ်းယိုင်တိမ်းစောင်း ခဲ့ရသည့်   မိမိတို့နိုင်ငံ၏   ပါတီစုံဒီမိုကရေစီစနစ်ကို   ပြန်လည် ထိန်းသိမ်းတည့်မတ်ဆောင်ရွက်ရာတွင် နိုင်ငံအတွင်း ဖြစ်ပေါ် နေသည့် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး အခြေအနေများ၊ အကြမ်း ဖက် သတ်ဖြတ်ဖျက်ဆီးမှုများ၊ မိမိတို့နိုင်ငံ၏ ဘာသာ၊ သာသနာ၊ ယဉ်ကျေးမှုဓလေ့ထုံးတမ်းအစဉ်အလာများကို ရည်ရွယ်ချက်ရှိရှိ ဖြင့် သေးနုပ်သိမ်ဖျင်းအောင် ကြံစည်ကြိုးပမ်းနေမှုများ၊ နိုင်ငံ တော် အစိုးရနှင့် ပြည်သူအကြား၊ တပ်မတော်နှင့် ပြည်သူအကြား၊ ဘာသာ သာသနာတစ်ခုနှင့် တစ်ခုအကြား၊ နိုင်ငံသား၊ တိုင်းရင်း သား၊ ပြည်သူလူထုအချင်းချင်းအကြား မညီမညွတ်ဖြစ်အောင်၊ သွေးကွဲအောင်၊ အမုန်းပွားအောင်၊ သံသယများဖြစ်ပေါ်လာအောင် ဖန်တီးနေမှုများ စသည့်အနှောင့်အယှက်အဟန့်အတား စိန်ခေါ် မှုများကို မိမိတို့အားလုံး ရင်ဆိုင်နေကြရခြင်းဖြစ်သည်။

 


ရုပ်ရှင်၊ ရုပ်မြင်၊ သဘင်၊ ဂီတ စသည့်အနုပညာတို့မှာ သိမ်မွေ့ သည့် တန်ခိုးဩဇာ (Soft Power) ကို ပိုင်ဆိုင်ထားကြပြီး ပြည်သူ လူထုအပေါ် ဩဇာသက်ရောက်မှုလည်း ရှိကြသည်။ ယင်းအချက် ကို ကောင်းစွာနားလည်သည့် နိုင်ငံရေးသမားအချို့က  ရုပ်ရှင်၊ ရုပ်မြင်၊ သဘင်၊ ဂီတတို့ကို ၎င်းတို့အကျိုးအတွက် သုံးစွဲလေ့လည်း ရှိကြသည်။ တာဝန်သိသော ရုပ်ရှင်၊ ရုပ်မြင်၊ သဘင်၊ ဂီတတို့အနေ ဖြင့် နိုင်ငံ၏ လက်ရှိပကတိအခြေအနေတို့ကို မူတည်၍ နိုင်ငံ၏ ပြည်သူလူထု၏     ကောင်းရာကောင်းကျိုး      ဖြစ်ထွန်းအောင် လမ်းကြောင်းမှန်ကို ဖော်ပြခေါ်ဆောင်နိုင်ရမည်ဖြစ်သည်။ မိမိတို့ ၏ Soft Power ကိုအသုံးပြု၍ နိုင်ငံအေးချမ်းသာယာရေး၊ ဖွံ့ဖြိုး တိုးတက်ရေး၊ နိုင်ငံသူ၊ နိုင်ငံသား တိုင်းရင်းသားပြည်သူလူထု အကြား ချစ်ခင်ရင်းနှီးမှုနှင့် စည်းလုံးညီညွတ်ရေး၊ အတွေးအခေါ် များ  မှန်ကန်ရေးနှင့်   လူမှုပြုပြင်ရေးတို့ကို  ဆောင်ရွက်ပေးနိုင် ရမည်ဖြစ်သည်။ 

 


ပြည်တွင်း ရုပ်ရှင်ဇာတ်ကား၊ ဇာတ်လမ်းတွဲများနှင့် နိုင်ငံခြား ရုပ်ရှင်ဇာတ်ကား၊ ဇာတ်လမ်းတွဲများကို ထုတ်လွှင့်ပြသခြင်းမပြုမီ နိုင်ငံ၏  လက်ရှိအခြေအနေအရ  မပြသင့်သည့်  ဇာတ်လမ်း၊ ဇာတ်ဝင်ခန်း၊  စကားပြောများ  စသည်တို့ကို ဆင်ဆာစနစ်ဖြင့် စိစစ်တည်းဖြတ်ခြင်းမှာ လုပ်သင့်လုပ်ထိုက်သည်ကို ပြုလုပ်ခြင်း သာဖြစ်သည်။    ပြည်တွင်းပြည်ပ    ရုပ်ရှင်ဇာတ်ကားများနှင့် ဇာတ်လမ်းတွဲများ ထုတ်လွှင့်ပြသခြင်းဖြင့် ပြည်သူလူထုအတွင်း အပန်းပြေရေးနှင့် အနုပညာရသ ခံစားနိုင်ရေး၊ ကောင်းကျိုးတစ်စုံ တစ်ရာ ဖြစ်ထွန်းနိုင်ရေးတို့အတွက်သာ ဖြစ်သင့်ပြီး နိုင်ငံရေး၊ ဘာသာရေး၊  ယဉ်ကျေးမှု၊  စည်းလုံးညီညွတ်မှုတို့ကို    ထိခိုက် ပျက်ပြားစေမည်ဆိုပါက စိစစ်ဖယ်ရှားသွားကြရမည်သာ ဖြစ်ပါ ကြောင်း။           ။