ကျန်းမာရေးသည် လူတိုင်းလူတိုင်းအတွက် အရေးအကြီးဆုံး အခြေခံ လိုအပ်ချက်ဖြစ်ပါသည်။ အခြေခံကျန်းမာရေးကို ကိုယ်စီကိုယ်စီတည်ဆောက် ထားနိုင်မှသာ ကြုံတွေ့လာရမည့် ရောဂါဘေးအန္တရာယ် အမျိုးမျိုးကို ကျော်လွှားသွားနိုင်မည်ဖြစ်သည်။ လူတစ်ဦးတစ်ယောက်အဖို့ အခြေခံ ကျန်းမာရေး ကောင်မွန်ခြင်းမရှိလျှင် နိုင်ငံရေး၊ လူမှုရေး၊ စီးပွားရေး၊ ဘာသာရေး၊ ပညာရေး စသည့်ဘဝဖွံ့ဖြိုးရေးတို့ကို ဆောင်ရွက်နိုင်ခြင်း မရှိတော့ဘဲ ကျန်းမာရေး တဖြည်းဖြည်း ဆုတ်ယုတ်ကာ နောက်ဆုံးတွင် ဘဝကိုအရှုံးပေးသွားနိုင်ပေသည်။
ကိုဗစ်-၁၉ ရောဂါဘေးကြီးကို ရင်ဆိုင်နေရသောအခါကာလဝယ် လူတိုင်းလူတိုင်းအနေဖြင့် အခြေခံကျန်းမာရေးကို ပိုမိုခိုင်မာအောင် တည်ဆောက်ထားသင့်ပေသည်။ ကျန်းမာရေးနှင့်ညီညွတ်သော နေထိုင် စားသောက်မှုပုံစံများတည်ဆောက်ခြင်း၊ ရောဂါကင်းဝေးရေးအတွက် ကျန်းမာ ရေးနှင့် အားကစားဝန်ကြီးဌာန၏ လမ်းညွှန်မှုနှင့်အညီ ပြုမူနေထိုင်ခြင်း စသည့် အခြေခံကျန်းမာရေးဆိုင်ရာ အလေ့အထကောင်းများကို ဆောင်ရွက်ကြရ မည်ဖြစ်သည်။ ယခုအခါ မြန်မာနိုင်ငံတွင် ကိုဗစ်ရောဂါ အတည်ပြုလူနာ ၁၆၅၀၀ ကျော်ရှိပြီး သေဆုံးသူ ၃၇၀ ကျော်ရှိနေပြီ ဖြစ်သည်။ ရောဂါပိုး တွေ့ရှိဖြစ်ပွားမှုတိုးလာခြင်းမှာ ပိုမိုထိရောက်မြန်ဆန်သော စစ်ဆေးမှု များပြုလုပ်နိုင်သောကြောင့်ဖြစ်ပြီး ရောဂါရှာဖွေမှု၊ ပြုစု ကုသမှုများ နိုင်နိုင် နင်းနင်းလုပ်ကိုင်နိုင်ပြီဆိုပါက ရောဂါဖြစ်ပွားနှုန်းကို ထိန်းချုပ်နိုင်မည် ဟု မျှော်လင့်ရသည်။
အရေးကြီးသည်မှာ ရောဂါပိုးနှင့်ပတ်သက်၍ စောစောသိရှိရပြီး စောစောကုသမှုခံယူခြင်းသည် ပြည်သူများကျန်းမာရေးအတွက် ပိုမိုစိတ်ချ ကောင်းမွန်မည်ကို ပြည်သူအားလုံးသိရှိထားရန်ဖြစ်သည်။ အဓိကမှာ ပြည်သူ များသာဖြစ်ပြီး ကိုဗစ်-၁၉ ပထမလှိုင်းဖြစ်စေ၊ ဒုတိယလှိုင်းဖြစ်စေ ညီညွတ် မှုနှင့်အတူ ပူးပေါင်းပါဝင်ဆောင်ရွက်ခြင်းဖြင့် မြင့်မားလာသော ကူးစက် ရောဂါကို ထိန်းချုပ်နိုင်မည်ဖြစ်သည်။ ယင်းနှင့်ပတ်သက်၍ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က “ရောဂါအခြေအနေကို ထိန်းထားနိုင်တယ်ဆိုတာ ဘာကြောင့်ထိန်းထားနိုင်လဲလို့ ကြည့်လိုက်ရင် နိုင်ငံချမ်းသာတာနဲ့လည်း မဆိုင်ဘူး။ ဆင်းရဲတာနဲ့လည်း မဆိုင်ဘူး။ နောက်ဆုံးကျတော့ ပြည်သူတွေ စည်းကမ်းရှိမှု၊ ပြည်သူတွေ စည်းမျဉ်းစည်းကမ်း လိုက်နာမှုနဲ့ပဲဆိုင်တယ် ဆိုတာ ထပ်ပြီး ကျွန်မသတိပေးပါရစေ”ဟု အောက်တိုဘာလ ၂ ရက်နေ့တွင် ပြည်သူများသို့ အစီရင်ခံတင်ပြခဲ့သည်။
ရောဂါပိုးတွေ့လူနာများလာခြင်းသည် ပြည်သူလူထုအနေဖြင့် အသိ တရားရှိရှိ ပူးပေါင်းပါဝင်လာမှု၊ ရောဂါရှာဖွေ စစ်ဆေးကုသပေးနိုင်မှုတို့ ကြောင့် ပိုးတွေ့များလာသည့်အခြေအနေကို တွေ့ရှိရခြင်းဖြစ်ပေလိမ့်မည်။ ယင်းကို နိုင်နိုင်နင်းနင်းဆောင်ရွက်နိုင်လျှင် ရောဂါကို ထိန်းချုပ် နိုင်မည်ဖြစ်သည်။ ယခုအခါ ပြည်သူများ ကျန်းမာရေးဆိုင်ရာအချက်များကို လိုက်နာနေသည်။ စည်းကမ်းများကို ထိန်းသိမ်းနေသည်။ ပြည်သူလူထု တစ်ဦးချင်း၊ တစ်ယောက်ချင်းပါဝင်နေကြပြီဟု ယူဆနိုင်သည်။ ပြည်သူ လူထုပါဝင်မှုကြောင့် ရောဂါပြန့်ပွားနှုန်း ရပ်တန့်သွားပြီး ထိန်းချုပ်နိုင်သည့် အဆင့်သို့ ရောက်ရှိသွားနိုင်ပေသည်။
ပြည်သူများ ကျန်းမာရေးအသိတရားရှိလာသည်နှင့်အမျှ မိမိတို့၏ အခြေခံကျန်းမာရေးကို သတိထားမိလာမည်ဖြစ်သည်။ ပြည်သူများ အခြေခံကျန်းမာရေးကောင်းမွန်လာသည်နှင့်အမျှ ကိုဗစ်- ၁၉ ရောဂါကို ခုခံနိုင်စွမ်းရှိမည်ဖြစ်သည်။ ဖွံ့ဖြိုးပြီးနိုင်ငံများတွင် သက်ကြီးရွယ်အိုများ သေဆုံးနှုန်းမြင့်မားနေခြင်းသည် သက်ကြီးရွယ်အိုများမှာ ရောဂါအခံနည်းပါး ပြီး အသက်အရွယ်ကြောင့် ကိုယ်ခံအားကျဆင်းသဖြင့် ကိုဗစ်နှင့် တွေ့သော အခါ သေဆုံးရခြင်းဖြစ်သည်။ မြန်မာနိုင်ငံရှိ သက်ကြီးရွယ်အိုများမှာမူ ရောဂါအခံများနှင့် အခြေခံကျန်းမာရေးအားနည်းမှုရှိသဖြင့် ကိုဗစ်နှင့်တွေ့ဆုံ သောအခါ သေဆုံးမှုတိုးလာရခြင်းဖြစ်သည်ဟု ခန့်မှန်းရသည်။
ထို့ကြောင့် ကိုဗစ်-၁၉ရောဂါနှင့်ရင်ဆိုင်နေရသောအချိန်တွင် အစား အသောက်၊ အနေအထိုင်၊ အပြုအမူ စသည့် တစ်ဦးချင်း အခြေခံကျန်းမာရေး ကို အထူးဂရုစိုက်ရန်လိုအပ်ပေသည်။ ကိုဗစ်-၁၉ ရောဂါနှင့်တွေ့လျှင် အန္တရာယ် ဖြစ်စေနိုင်သော သွေးတိုး၊ ဆီးချို၊ နှလုံး၊ ကျောက်ကပ်စသည့်ရောဂါအခံ များမဖြစ်အောင် အစားအသောက်၊ အနေအထိုင်တို့ကို သတိပြုဆင်ခြင်ကြ ရမည်ဖြစ်သည်။ အသီးအနှံများကိုစားသုံးခြင်း၊ ကိုယ်လက်လေ့ကျင့်ခန်းများ ကို ပုံမှန်ပြုလုပ်ပေးခြင်း၊ အိပ်ရေးဝအောင်အိပ်စက်ခြင်း စသည်တို့ကို ပုံမှန် ပြုလုပ်ပေးရန် လိုအပ်ပေသည်။ ကျွန်ုပ်တို့သည် သတ္တလောကကြီး၏ ဆုတ်ကပ်သံသရာ၌ ရောဂါဘေးအမျိုးမျိုးနှင့် ကြုံတွေ့ကြရဦးမည် ဖြစ်သည်။ ပြည်သူများအနေဖြင့် ကိုယ်ခံအားကောင်းအောင်၊ ကိုယ်တွင်းရောဂါ များကင်းဝေးအောင် နေထိုင်စားသောက်ကျင့်ကြံပြုမူလုပ်ကိုင်ထားကြ ပါမှ ကျန်းမာသောဘဝတွင် စိတ်ချမ်းသာစွာ နေထိုင်နိုင်မည်ဖြစ်သည်။
သို့ဖြစ်ရာ ပြည်သူများအတွက် ကျန်းမာရေးစောင့်ရှောက်မှုကို နိုင်ငံတော်က အလေးထားတာဝန်ယူ စောင့်ရှောက်ပေးနေပြီး ပြည်သူ တစ်ဦးချင်း၊ တစ်ဦးချင်းစီ၏ အခြေခံကျန်းမာရေးကောင်းမွန်စေရန် အခြေခံ ကျန်းမာရေးမှအစပြု၍ ကိုယ်စီအလေ့အကျင့်ကောင်းများဖြစ်အောင် ကျင့်ကြံအားထုတ်ကြရမည်ဖြစ်သည်။ ကိုဗစ်-၁၉ ကို ရင်ဆိုင်ရန်သာမက ကြုံတွေ့လာနိုင်သည့် ရောဂါဘေးအမျိုးမျိုးတို့ကို ကျော်လွှားနိုင်ရန် လူတိုင်း ကိုယ်စီ အခြေခံကျန်းမာရေးကို တည်ဆောက်ထားကြရမည်ဖြစ်ပါ ကြောင်း။ ။
Remark Type