
မေယု-မျိုးအောင် (MANA)
================
မြန်မာနိုင်ငံတွင် ဖြစ်ပွားခဲ့သည့်ဘေးအန္တရာယ်များ အနက် မီးဘေးအန္တရာယ်ဖြစ်ပွားမှုသည် ၇ဝ ရာခိုင် နှုန်းရှိသည်။ မီးလောင်မှုများအနက် အများပြည်သူ တို့၏ပေါ့ဆမှုကြောင့် အများဆုံးဖြစ်ကာ လျှပ်စစ် မီးကြောင့် လောင်ကျွမ်းသည့်မီးက ဒုတိယအများ ဆုံးဖြစ်သည်။ မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့အနေဖြင့် မီးဘေးကို ကြိုတင်ကာကွယ်နိုင်ရန် ပညာပေး လှုံ့ဆော်မှုများ၊ တိုက်တွန်းမှုများကို စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိရာ ပြည်သူလူထုတစ်ရပ်လုံးက လည်း “မီးဘေးရှောင် မလောင်ခင်တား”ဆိုသကဲ့သို့ မီးဘေးအန္တရာယ်ကာကွယ်ရေးကို ပူးပေါင်း ဆောင်ရွက်ဖို့လိုသည်။ တာဝန်ရှိသူများအနေဖြင့် လည်း မီးလောင်မှုကြောင့် ဆုံးရှုံးမှုလျော့နည်း စေရေးနှင့် မီးဘေးလုံခြုံသည့် စနစ်တစ်ရပ်ဖြစ်ပေါ် လာရေး၊ အများပြည်သူတို့ မီးဘေးအန္တရာယ် ကာကွယ်ရေးဆိုင်ရာ ညွှန်ကြားချက်များကို လိုက်နာမှုအားကောင်းလာစေရန် ပညာပေးရေးနှင့် မီးငြှိမ်းသတ်ရာတွင် ခေတ်မီနည်းပညာနှင့် ခေတ်မီ မီးငြှိမ်းသတ်ရေးကိရိယာများ ပိုမိုဖြည့်တင်းရေးတို့ကို တစိုက်မတ်မတ်အကောင်အထည်ဖော်သင့်သည်။
မီးလောင်ကျွမ်းမှုအကြိမ်ပေါင်း ၂၀၈၀
မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့ဌာနချုပ်၏ မှတ်တမ်းများအရ နိုင်ငံတစ်ဝန်းတွင် ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီလမှ ဒီဇင်ဘာ ၂၅ ရက်အထိ တစ်နိုင်ငံလုံး ၌ မီးလောင်ကျွမ်းမှုအကြိမ်ပေါင်း ၂၀၈၀ ကျော် ဖြစ်ပွားခဲ့ပြီး မီးလောင်မှုများကြောင့် ဆုံးရှုံးမှုတန်ဖိုး မှာ ခန့်မှန်းခြေကျပ်သန်းပေါင်း ၆၅ဝဝ ကျော်ရှိခဲ့ ကြောင်း သိရသည်။ ၂၀၁၉ ခုနှစ်က နိုင်ငံတစ်ဝန်း၌ မီးလောင်ကျွမ်းမှုအကြိမ်ပေါင်း ၂၁၀၀ ကျော် ဖြစ်ပွား ခဲ့ပြီး ဆုံးရှုံးမှုတန်ဖိုး ခန့်မှန်းခြေကျပ်သန်းပေါင်း ၃ဝဝဝ ကျော်ရှိခဲ့သဖြင့် ယမန်နှစ်ထက် အကြိမ်ရေ နည်းပါးခဲ့သော်လည်း ဆုံးရှုံးမှုတန်ဖိုးမှာ ပိုမိုကြီးမားခဲ့သည်။ လူတိုင်း၏ လက်တစ်ကမ်း အကွာတွင်ရှိနေသော မီးဘေးအန္တရာယ်ကို ကြိုတင်ကာကွယ်ခြင်းကသာ အကောင်းဆုံး ဖြစ်ကြောင်း ညွှန်ပြနေသည်။
“မီး”သည် သုံးတတ်လျှင် မိတ်ဆွေဖြစ်သော် လည်း မသုံးတတ်ပါက ရန်သူဖြစ်၍ မြန်မာမှု နယ်ပယ်တွင် လူခိုးလျှင် အစုတ်ကျန်၊ မီးခိုးလျှင် အပြုတ်နှံဟု တင်စားခေါ်ဝေါ်လေ့ရှိသည်။ “ရေ၊ မီး၊ မင်း၊ ခိုးသူ၊ မချစ်မနှစ်သက်သူ” ဟူသော ရန်သူမျိုးငါးပါးတွင်လည်း မီးဘေးအန္တရာယ်ကို ထည့်သွင်းသတ်မှတ်ထားကြသည်။ မျက်မှောက် ကာလတွင် နိုင်ငံတစ်ဝန်းရှိ မြို့ကြီးပြကြီးများ၌ ခေတ်မီဖွံ့ဖြိုးတိုးတက်လာသည်နှင့်အမျှ အထပ် မြင့် လူနေအဆောက်အအုံများ၊ ဟိုတယ်နှင့် ဈေးကြီးများ၊ လူနေရပ်ကွက်အသစ်များ ပိုမိုများပြား လာသည်။ အိုးအိမ်အဆောက်အအုံများ နီးကပ်စွာ တည်ဆောက်လာခြင်း၊ လျှပ်စစ်ပစ္စည်းအသုံးပြုမှု များပြားခြင်း၊ မီးလောင်ပေါက်ကွဲစေတတ်သည့် ပစ္စည်း၊ လောင်စာများကို ရပ်ကွက်များအတွင်း တရားမဝင်သိုလှောင်ရောင်းချခြင်း၊ လမ်းများ ကျဉ်းမြောင်းမှုကြောင့် မီးသတ်ယာဉ်များ ဝင်ထွက် သွားလာရန် ခက်ခဲခြင်း၊ လမ်းကြားရှိမီးတားကွက်များ အပေါ် လူနေအဆောက်အအုံများ ဆောက်လုပ်လာ ခြင်းနှင့် မီးငြှိမ်းသတ်ရန် ရေရရှိမှုအစီအမံများ အား နည်းနေခြင်းတို့ကြောင့် မီးလောင်မှုကို ပိုမိုဖြစ်ပွားစေ ကာ မီးလောင်ပါကလည်း ဆုံးရှုံးမှုကြီးမားလေ့ရှိသည်။
မြန်မာနိုင်ငံသည် မီးလောင်မှုအကြိမ်ရေ နည်းသော်လည်း ဆုံးရှုံးမှုကြီးမားနေဆဲဖြစ်သည်။ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့၏ အသွင်သဏ္ဌာန်နှင့် အနှစ်သာရပိုင်း နှစ်ခုစလုံးကို ပြုပြင်ပြောင်းလဲနိုင်ရန် ကြိုးပမ်းအားထုတ်ခဲ့သည်။ လူအင်အား၊ ပစ္စည်း အင်အားနှင့် ဖွံ့ဖြိုးလာသည့် မီးငြှိမ်းသတ်ခြင်းဆိုင်ရာ နည်းပညာများကို ဖြည့်တင်းခဲ့ရာ ပြည်ပထောက်ပံ့ ချေးငွေဖြင့် အထပ်မြင့်မီးငြှိမ်းသတ်ရေးနှင့် ရှာဖွေ ကယ်ဆယ်ရေးယာဉ်များ၊ မီးငြှိမ်းသတ်ရေးယာဉ်များ နှင့် မီးသတ်အထောက်အကူပြုယာဉ်များကို ဖြည့်တင်းနိုင်ခဲ့သည်။ ၂၀၁၈ ခုနှစ်နောက်ပိုင်းတွင် အထပ်မြင့်အဆောက်အအုံများ၌ ဖြစ်ပွားခဲ့သော မီးလောင်မှုများကို ထိရောက်စွာ ငြှိမ်းသတ်နိုင်ခဲ့ခြင်း ဖြစ်သည်။
မီးလောင်မှုအများစုမှာ လျှပ်စစ်ဝိုင်ယာနှင့်ပတ်သက်
လူဦးရေထူပြောလှသည့် ရန်ကုန်မြို့တွင်သာမက နေထိုင်ရာပတ်ဝန်းကျင် မည်သည့်နေရာမဆို လူတိုင်းအထူးဂရုပြုလိုက်နာသင့်သည့် အလေ့ အကျင့်များတွင် မီးဘေးအန္တရာယ်ကင်းရှင်းရေး လုပ်ဆောင်ချက်များမှာလည်း အထူးအရေးကြီးလှ သည်။ ရန်ကုန်မြို့အတွင်း နှစ်စဉ်ဖြစ်ပွားခဲ့သည့် မီးလောင်မှုအများစုမှာ လျှပ်စစ်ဝိုင်ယာနှင့်ပတ်သက် သည့် မီးလောင်မှုအမျိုးအစား အများဆုံးဖြစ်ပွား ခဲ့ကြောင်း မီးသတ်ဦးစီးဌာန၏ ထုတ်ပြန်ချက်စာရင်း များအရ သိရသည်။ လူနေထိုင်မှုစနစ် ကောင်းမွန် လာခြင်းနှင့်အတူ အိမ်နီးချင်းနိုင်ငံများမှ လျှပ်စစ် လူသုံးကုန်ပစ္စည်းများ တွင်တွင်ကျယ်ကျယ် ဝင်ရောက်လာခြင်းကြောင့် လျှပ်စစ်လူသုံးကုန်ပစ္စည်း အသုံးပြုမှုများလည်း မြင့်တက်လာလျက်ရှိသည်။
ရန်ကုန်မြို့တွင်းရှိ တိုက်ခန်းအများစုတွင် တပ်ဆင်ထားသည့် ဝိုင်ယာကြိုးများ အရည်အသွေး မပြည့်မီခြင်းကြောင့် တိုက်ခန်းနေထိုင်သူအများစု၏ သုံးစွဲနိုင်သည့် လျှပ်စစ်ဓာတ်အားပမာဏ အပြည့် အဝမရှိမှုများကိုလည်း မကြာခဏတွေ့ကြုံနေကြ သည်။ သုံးစွဲသည့်ဝန်နှင့်အား မမျှခြင်းတို့ကြောင့် လျှပ်စစ်နှင့်ပတ်သက်၍ မီးလောင်မှုများ မကြာခဏ ဖြစ်ပွားနေခြင်းအပြင် မကြာခဏမီးပျက်ခြင်းအပေါ် လူတို့၏ သတိလွတ်မှုများကြောင့် မီးလောင်မှုများ ဖြစ်ပွားစေနိုင်သည်။ မီးဘေးအန္တရာယ်ကင်းရှင်းရေး အတွက် အရေးပေါ်ထွက်ပေါက်များ၊ လှေကားများ၏ အခန်းကဏ္ဍမှာလည်း အရေးကြီးသည်။ တိုက်ခန်း အများစုတွင် အရေးပေါ်လှေကားနှင့် အိမ်ရှေ့ လှေကားများတွင် အသုံးမလိုသည့်ပစ္စည်းများ စုပုံထား ရှိခြင်းကြောင့် အရေးပေါ်အခြေအနေများ ဖြစ်လာ သည့်အခါ အတက်အဆင်းပြုလုပ်ရန်ပင် ခက်ခဲသည်။
နောက်ဘက်အရေးပေါ်လှေကား
နောက်ဘက်အရေးပေါ်လှေကားကို ကိုယ့်အကန့်၊ ကိုယ့်သံဆန်ခါနှင့်ပိတ်၊ အသုံးမလိုသောပစ္စည်းများ၊ စုပုံထားကြသည်။ အိမ်ရှေ့လှေကားမှာလည်း အသုံးမလိုသောပစ္စည်းများ စုပုံထားပြီး စက်ဘီးက အစ ထားကြသည့်အတွက် အတက်အဆင်း ဒုက္ခ ရောက်ကြရသည်။ အောက်ထပ်က ဝိုင်ယာရှော့ခ်ဖြစ် ကာ မီးခိုးများ အူထွက်လာသောအခါ ဆင်းပြေးချိန် လှေကားမှ ပစ္စည်းများပိတ်နေခြင်းကြောင့် အသက် အန္တရာယ်ရောက်ချိန်ပင် ဆင်းရန်အခက်အခဲနှင့် ကြုံရနိုင်သည်။ မီးလောင်မှုဖြစ်စဉ်များတွင် အဖြစ် အများဆုံးမီးလောင်မှုသည် ပေါ့ဆမှုကြောင့် ဖြစ်ရ သည်။ မီးသုံးလျှင် မပေါ့မဆသတိထားသုံးရမည် ဖြစ်သလို အိမ်ထောင်စုတိုင်းကလည်း မီးဘေး ကြိုတင်ကာကွယ်ရေးအတွက် မလွဲမသွေပြုကျင့် လိုက်နာဆောင်ရွက်ရန်လိုအပ်သည်။
သဘာဝဘေး၊ ကျန်းမာရေး၊ စီးပွားရေး၊ လူမှုရေးအရပ်ရပ်တွင် ကြိုတင်ကာကွယ်မှု ထားရှိ ရေးလိုအပ်သည်။ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရာတွင် အိမ်တွင်း၊ အိမ်ပြင် သန့်ရှင်းအောင် ရှင်းလင်းခြင်း၊ ထင်းမီးဖို၊ မီးသွေးမီးဖိုတို့ကို အကာ အရံဖြင့် အသုံးပြုခြင်း၊ မီးဖိုဘေးတွင် မီးအလွယ် တကူလောင်ကျွမ်းစေသော ပစ္စည်းများမထားခြင်း၊ ဂက်မီးဖိုများ လုံခြုံမှု ရှိ၊ မရှိ ပုံမှန်စစ်ဆေးခြင်း၊ လျှပ်စစ်ဝိုင်ယာကြိုးများ ဟောင်းနွမ်းနေပါက အသစ်လဲလှယ်ခြင်း၊ အိမ်စောင့်မရှိလျှင် လျှပ်စစ် မိန်းခလုတ်ချပြီးမှ ပြင်ပသို့ထွက်ခွာခြင်း၊ မီးဖို အသုံးပြုစဉ် လူစောင့်အမြဲထားရှိခြင်း၊ ခြင်ဆေးခွေ၊ ဖယောင်းတိုင်၊ အမွှေးတိုင်များ ထွန်းညှိပြီးပါက မီးငြှိမ်းသတ်မှု မပျက်မကွက်ပြုခြင်း၊ မီးကြွင်း မီးကျန်များအား ရေဖြင့်သေချာအောင် ငြှိမ်းသတ် ခြင်း စသည့်ကြိုတင်ကာကွယ်မှုအရပ်ရပ် အားကောင်းလျှင် မီးဘေးအန္တရာယ် ကင်းလွတ်ပေ မည်။ အထူးသဖြင့် မီးစလောင်ပါက ငြှိမ်းသတ်နိုင် ရန် မီးသတ်ဘူး၊ ရေ၊ သဲ၊ မီးချိတ်၊ မီးကပ်တို့ အသင့် ဆောင်ထားဖို့လိုသည်။
ကျန်းမာရေးစောင့်ရှောက်မှုအဖွဲ့များ
မီးစတင်လောင်ကျွမ်းရာ အခြေခံအကြောင်း တရားများမှာ ပေါ့ဆမီး၊ ဝိုင်ယာရှော့ခ်မီး၊ လျှပ်စစ် ဝန်နှင့်အား မမျှ၍ အပူလွန်ကဲလောင်သောမီး၊ မီးကြွင်းမီးကျန်မှလောင်သောမီး၊ ဂက်စ်အိုးမလုံ သဖြင့် လောင်သောမီး၊ ဆေးလိပ်မီးတို့မှအစ တောမီးလောင်ကျွမ်းမှုအထိ အမျိုးမျိုးရှိရာ မည်ကဲ့သို့ မီးစတင်လောင်ကျွမ်းသည်ဖြစ်စေ အတွင်းကျိတ် မငြှိမ်းသတ်ဘဲ ပတ်ဝန်းကျင်ကို ဦးစွာအသိပေးပြီး မီးသတ်ဦးစီးဌာနသို့ မပျက်မကွက်အကြောင်းကြား ရပေမည်။ မီးလောင်မှုကြောင့် ပျက်စီးဆုံးရှုံးမှု များခြင်းသည် ကနဦးစတင်မီးလောင်စဉ် ဝိုင်းဝန်း မငြှိမ်းသတ်နိုင်ခြင်း၏ အကျိုးဆက်ပင်ဖြစ်သည်။
မီးလောင်နေစဉ် မီးသတ်ကားများ ဝင်ထွက် နိုင်အောင် လမ်းများရှင်းလင်းခြင်း၊ သက်ကြီး ရွယ်အိုများ၊ ကလေးငယ်များ၊ နာမကျန်းသူများကို ဦးစားပေးကယ်တင်ရန် စီစဉ်ထားခြင်း၊ ရပ်ကွက် အလိုက် စုပေါင်းမီးငြှိမ်းသတ်ခြင်း၊ မီးလွတ်ရာ နေရာတွင် ချထားသည့်ပစ္စည်းများကို လုံခြုံရေး ထားရှိခြင်း စသည့်ဇာတ်တိုက်လေ့ကျင့်မှုများ ပြုထားလျှင် ဆုံးရှုံးမှုသက်သာမည်ဖြစ်သည်။ မီးငြှိမ်းသတ်ရေးအဖွဲ့၊ ရွှေ့ပြောင်းရေးအဖွဲ့၊ လမ်းရှင်းလင်းရေးအဖွဲ့၊ လုံခြုံရေးအဖွဲ့များအပြင် ဖြစ်နိုင်ပါက ကျန်းမာရေးစောင့်ရှောက်မှုအဖွဲ့များ ထားရှိပါက ပို၍လွယ်ကူအဆင်ပြေချောမွေ့စွာ ကာကွယ်နိုင်မည်ဖြစ်သည်။
H စာမျက်နှာ ၁၇ မှ
မီးလောင်နေစဉ် သေဆုံးရခြင်းအကြောင်း ရင်းမှာ မီးခိုးမွှန်အသက်ရှူကျပ်သေဆုံးရခြင်းသာ ဖြစ်ပြီး သေဆုံးပြီးမှ မီးလောင်ခံရခြင်းဖြစ်သည်။ မီးလောင်သည်ကို သိလျှင်သိချင်း တံခါးအမြန် ဖွင့်ပြီး အိမ်ပြင်ထွက်ပေါက် သို့မဟုတ် လှေကားသို့ လေးဖက်ထောက်အမြန်သွားရန် လိုအပ်သည်။ မီးဘေးကြိုတင်ကာကွယ်ရေး သတိပေးဆောင်ပုဒ် များစွာရှိသည်။ မီးသတိပြု၊ သင့်ကြောင့် မီးမလောင် ပါစေနှင့်၊ မီးဘေးရှောင်မလောင်ခင်တား၊ မီးကြွင်း မီးကျန်သတိပြု၊ ဝိုင်းဝန်းကာကွယ် မီးဘေးအန္တရာယ်၊ အမှိုက်ကစ ပြာသာဒ်မီးလောင် ၊ လမ်းလျှောက်ရင်း ဆေးလိပ်မသောက်ပါနှင့်၊ မီးမပေါ့ဆနှင့် အစရှိ သည့် ဆောင်ပုဒ်များသည် လူတိုင်းလိုက်နာရမည့် မီးဘေးကြိုတင်ကာကွယ်ရေး သတိပေးဆောင်ပုဒ် များဖြစ်သည်။
မီးဘေး ကြိုတင်ကာကွယ်ရေးအတွက် ခြောက်သွေ့ရာသီမတိုင်မီ မီးသတ်ဦးစီးဌာနကဲ့သို့ တာဝန်ရှိသူများ လာရောက်စစ်ဆေးစဉ် အစစ်ဆေး ခံပြီး အကြံပြုချက်များအတိုင်း လိုက်နာဆောင်ရွက် ခြင်းသည်လည်း ကြိုတင်ကာကွယ်ခြင်းဖြစ်သည်။ မီးလောင်မှုကြီးများဖြစ်သည့် ၂၀၁၆ ခုနှစ်အတွင်းက ဖြစ်ပွားခဲ့သော မင်္ဂလာဈေးမီးလောင်မှု၊ ကန်တော် ကြီးပဲလေ့စ်ဟိုတယ်မီးလောင်မှု၊ ၂၀၁၈ ခုနှစ် ဧပြီ လအတွင်းက လှိုင်သာယာ ထိန်ပင်အမှိုက်ပုံ မီးလောင်မှု စသည့်မီးလောင်မှုများတွင် စွမ်းစွမ်း တမံ မီးငြှိမ်းသတ်ကြပြီး ပြည်သူများ၏ စိုးရိမ် ကြောင့်ကြမှုကို ဖြေသိမ့်ခဲ့ကြသည်။
မီးလောင်မှုဖြစ်စဉ် ကြီးကြီးမားမားကြုံတွေ့ ရသောနေရာများမှာ သိုလှောင်ရုံများ၊ စက်ရုံ၊ အလုပ် ရုံများ၊ ဈေးများ၊ စက်သုံးဆီအရောင်းဆိုင်များ၊ တရား မဝင် စက်သုံးဆီ သိုလှောင်ရာနေရာများပင်ဖြစ်သည်။ မီးလောင်ပါက မီးဘေးကြိုတင်ကာကွယ်ရေးအတွက် မီးသတ်ဦးစီးဌာန၏ အကြံပြုချက်နှင့်အညီ တိတိ ကျကျလိုက်နာဆောင်ရွက်မှသာ မီးဘေးအန္တရာယ် ကင်းဝေးမည်ဖြစ်သည်။ မီးလောင်မှုသည် အချိန် ရာသီမရွေး ဖြစ်ပွားတတ်သော်လည်း ခြောက်သွေ့ ရာသီတွင် မီးလောင်လွယ်သဖြင့် ပို၍ဂရုစိုက်သင့် သည်။ ပတ်ဝန်းကျင်ရှိ အမှိုက်များ၊ သစ်ရွက်ခြောက် များသည် မီးလောင်လွယ်သောမီးစာများဖြစ်သည်။ အိမ်တွင်း၊ အိမ်ပြင်သန့်ရှင်းရေးသာမက ပတ်ဝန်းကျင် စုပေါင်းသန့်ရှင်းရေးဆောင်ရွက်ခြင်း၊ အမှိုက်များကို စည်းကမ်းတကျစွန့်ပစ်ခြင်းများမှာလည်း မီးဘေး ကြိုတင်ကာကွယ်ခြင်းဖြစ်သည်။
လူသားတို့ အသက်ရှင်ရပ်တည်ရေးအတွက် မီးသည် မရှိမဖြစ်လိုအပ်သည်။ မီးသည် သုံးတတ်လျှင် မိတ်ဆွေဖြစ်သော်လည်း မသုံးတတ်လျှင် ရန်သူ ဖြစ်တတ်ကြောင်း သတိမူသင့်သည်။ သူခိုးခိုးလျှင် အစုတ်ကျန်၊ မီးခိုးလျှင် အပြုတ်နှံဆိုသည့်အတိုင်း မီးလောင် လျှင် စည်းစိမ်ပြုတ်ဆုံးရှုံးခံရမည်ဖြစ်သဖြင့် မီးမလောင်ခင်က ကြိုတင်ကာကွယ်မှုပြုထားမှ ဘေးဆိုးအန္တရာယ်မှ လွတ်ကင်းချမ်းသာရကြမည် ဖြစ်သည်။ မီးဘေးအန္တရာယ်ကြုံတွေ့ရသည် ရှိသော် ကိုယ်စီအသိစိတ်ဖြင့် ဝိုင်းဝန်းငြှိမ်းသတ် ခြင်း၊ မီးသတ်ကားများ ဆောလျင်စွာဝင်၊ထွက်နိုင် ရေး လမ်းရှင်းလင်းပေးခြင်း၊ မီးသတ်တပ်ဖွဲ့ဝင်များ အား ကူညီဆောင်ရွက်ပေးခြင်းတို့ဖြင့် မီးအမြန် ဆုံးငြိမ်းအောင် ပူးပေါင်းဆောင်ရွက်ကြရန်လိုအပ်ပါ ကြောင်း တိုက်တွန်းရေးသားလိုက်ရပါသည်။ ။
- Log in to post comments