အခက်အခဲများကိုသိရှိနားလည် တက်ကြွစွာ ကူညီပူးပေါင်းဖြေရှင်း

 

၂၀၃၀ ပြည့်နှစ်တွင်   တစ်နိုင်ငံလုံး   လျှပ်စစ်ဓာတ်အားရရှိရေး အတွက် နိုင်ငံတော်က ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။ နိုင်ငံ အတွင်း လတ်တလောဖြစ်ပေါ်နေသော ဓာတ်အားပြတ်တောက်မှု များကြောင့် အဆင်မပြေမှုများ ကြုံတွေ့နေရသည့် ပြည်သူများ အနေဖြင့် လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန၏ ကြိုးပမ်းဆောင်ရွက် နေမှုများ၊ ရင်ဆိုင်ဖြေရှင်းနေရသည့် အခက်အခဲများအပေါ် သိရှိ နားလည်စွာဖြင့် တက်ကြွစွာ ပူးပေါင်းဆောင်ရွက်ကြသည်နှင့်အမျှ လာမည့် ရှစ်နှစ်တာကာလတွင် တစ်နိုင်ငံလုံးရှိ အိမ်ထောင်စု များအားလုံး  ဓာတ်အားသုံးစွဲခွင့်ရရှိရေးသည် မစားရဝခမန်း အပြောသက်သက်မျှသာမဟုတ်ဘဲ လက်တွေ့အကောင်အထည် ပေါ်လာမည်ဖြစ်သည်။

 


မိမိတို့နိုင်ငံအတွက် လိုအပ်သည့် လျှပ်စစ်ဓာတ်အားပမာဏ ကို ရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံများနှင့် သဘာဝဓာတ်ငွေ့ ဓာတ်အားပေးစက်ရုံများက အဓိကထုတ်လုပ်ပေးနေခြင်းဖြစ်ပြီး ကျောက်မီးသွေး၊ နေစွမ်းအင်၊ လေအားတို့ကမူ ရာခိုင်နှုန်းအနည်း ငယ်မျှသာ ထုတ်လုပ်လျက်ရှိသည်။ ရေအားလျှပ်စစ်ဓာတ်အား ပေးစက်ရုံများမှာ သဘာဝအားဖြင့် ရေလှောင်တမံအတွင်းသို့ ရေဝင်ရောက်မှုနည်းပါးလာသည့် ခြောက်သွေ့ရာသီများတွင် ဓာတ်အားထုတ်လုပ်မှုနှင့် စိုက်ပျိုးရေပေးဝေမှုတို့ကို ထိန်းညှိ ဆောင်ရွက်ကြရသည်။ သဘာဝဓာတ်ငွေ့ဓာတ်အားပေးစက်ရုံ များမှာလည်း ရေရှည်တွင် ကုန်ခန်းသွားနိုင်သည့် အကန့်အသတ် ရှိသော   သယံဇာတဖြစ်သည့်အပြင်   ပြည်ပမှတင်သွင်းသည့် ဓာတ်ငွေ့ LNG to Power မှာလည်း ဈေးနှုန်းအတက်အကျပေါ် တွင် မူတည်နေသည်။

 


လက်ရှိဖြစ်ပေါ်နေသည့် ဓာတ်အားပြတ်တောက်မှုများတွင် ပြည်ပမှတင်သွင်းသည့် LNG များ ဈေးနှုန်းလေးဆခန့် မြင့်တက် နေမှု၊  ဘီလူးချောင်းဓာတ်အားပေးစက်ရုံမှ  ဓာတ်အားပို့လွှတ် သည့် ဓာတ်အားလိုင်း သုံးလိုင်း အကြိမ်ကြိမ် ဖောက်ခွဲဖျက်ဆီးခံရမှု တို့ကြောင့် ဓာတ်အားထုတ်လုပ်မှု စုစုပေါင်း မဂ္ဂါဝပ် ၉၇၀ ခန့် လျော့ နည်းသွားရာမှ အလှည့်ကျဓာတ်အားပေးရခြင်း ဖြစ်ပေါ်လာရသည်။ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနသည် ဖျက်ဆီးခံရသည့် ဓာတ်အား လိုင်းများ ပြန်လည်ပြုပြင်ခြင်းနှင့် သဘာဝဓာတ်ငွေ့ဓာတ်အားပေးစက်ရုံများ လည်ပတ်ထုတ်လုပ်နိုင်ရေးတို့ကို ကြိုးပမ်းဆောင် ရွက်လျက်ရှိရာ ရွှေသဘာဝဓာတ်ငွေ့ကမ်းလွန်စီမံကိန်း တွင်းသစ် နှစ်တွင်းမှ သဘာဝဓာတ်ငွေ့များ ရယူရန်အတွက် ရေအောက် ပိုက်လိုင်းဆက်သွယ်မှုကို   မတ်လ ၁၂ ရက်မှ   ၁၈ ရက်အထိ တစ်ပတ်တိတိ ဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် ယင်းကာလ အတွင်း အလှည့်ကျဓာတ်အားပေးမှု ပိုမို၍ လျော့နည်းသွားမည် ဖြစ်ရာ အချို့နေရာများတွင် ၂၄ နာရီ ဓာတ်အားပြတ်တောက်မှုတို့ ဖြစ်ပေါ်လာမည်ဖြစ်ကြောင်း သိရသည်။

 


ပြည်သူလူထုအနေဖြင့် တစ်ပတ်တာကာလအတွင်း ရင်ဆိုင် ကြုံတွေ့ရမည့် ဓာတ်အားပြတ်တောက်မှုအခြေအနေကို သတင်း ထုတ်ပြန်ချက်အရ ကြိုတင်သိရှိပြီးဖြစ်ရာ လိုအပ်သည်များကို ပြင်ဆင်ဆောင်ရွက်ထားရန်နှင့် ပိုမိုကောင်းမွန်လာမည့် အခြေ အနေအတွက် တစ်ပတ်မျှ နားလည်သည်းခံကြရန် လိုအပ်မည် ဖြစ်သည်။ တစ်ဖက်တွင်လည်း ကိုဗစ်-၁၉ ရောဂါ မျိုးကွဲ အိုမီခရွန် ကြောင့် ကူးစက်ပျံ့နှံ့မှုရာခိုင်နှုန်း ပြန်တက်လာနေသည့် အခြေ အနေ၊ ဆေးကုသရေးနှင့် ဆေးဝါးများသိုလှောင်မှု၊ အောက်ဆီဂျင် ထုတ်လုပ်မှုတို့အတွက် ၂၄ နာရီ ဓာတ်အားလိုအပ်ချက်များ၊ နိုင်ငံ စီးပွားရေးအတွက် အရေးကြီးသည့် ကုန်ထုတ်လုပ်ငန်းများရှိရာ စက်မှုဇုန်များလည်ပတ်နိုင်ရန် ဓာတ်အားလိုအပ်ချက်များ၊ လက်ရှိ ဖြစ်ပေါ်နေသည့် စက်သုံးဆီဈေးနှုန်းမြင့်တက်နေမှုအခြေအနေ များကို ချင့်ချိန်တွက်ချက်ကာ ရန်ကုန်ကဲ့သို့သော လူဦးရေထူထပ် သည့် စီးပွားရေးအချက်အချာမြို့တော်အတွက် တစ်ပတ်တာ ယာယီဓာတ်အားပေးနိုင်ရန် သက်ဆိုင်ရာတို့က စုပေါင်းဆွေးနွေး အဖြေရှာကူညီကာ ဆောင်ရွက်ကြခြင်းဖြင့် လျှပ်စစ်နှင့်စွမ်းအင် ဝန်ကြီးဌာနသည် ရေအောက်ပိုက်လိုင်းဆက်သွယ်မှုလုပ်ငန်းကို  ဖိအားကင်းကင်း အရည်အသွေးမြင့်မြင့်မားမား ဆောင်ရွက်သွား နိုင်မည်ဟု ရှုမြင်ပါကြောင်း။     ။