မြန်မာ့အလင်းအယ်ဒီတာအာဘော်
ပြည်သူလူထုက မိမိတို့၏ စိတ်သဘောဆန္ဒပေါ်မူတည်၍ မိမိတို့ ကိုယ်တိုင် စိုက်ထုတ်သည့် လုံ့လ ဝီရိယတို့ဖြင့် မဲရုံများဆီသို့ သွားကာ မိမိတို့ရင်ထဲက ယုံကြည်သည့်အတိုင်း မဲပေးရွေးချယ်ခဲ့ကြ သော ပြည်သူ့ကိုယ်စားလှယ်များသည် ယခုလာမည့် ဖေဖော်ဝါရီ ၁ ရက်တွင် လွှတ်တော်များ၌ စတင်တာဝန်ယူတော့မည်ဖြစ်ပါသည်။
ထိုသို့ တာဝန်ယူ အလုပ်လုပ်နိုင်ရေးအတွက် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များကို နေပြည်တော်တွင် ကိုဗစ်-၁၉ကာကွယ်ဆေး ထိုးနှံပြီးစီးကြောင်းလည်း သိရပါသည်။ ဆက်လက်၍ နောက်တစ်နေ့ တွင် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်များကို ထိုးနှံမည်ဖြစ်ပါ၏။
ထို့အတူပင် ဖေဖော်ဝါရီ ၉ ရက်တွင် တိုင်းဒေသကြီးနှင့် ပြည်နယ် ပြည်သူ့လွှတ်တော်များ စတင်ခေါ်ယူမည်ဖြစ်ရာ တိုင်းဒေသကြီးနှင့် ပြည်နယ် ပြည်သူ့ကိုယ်စားလှယ်များသည်လည်း ဆိုင်ရာဆိုင်ရာ လွှတ်တော်အသီးသီးသို့ တက်ရောက်ကြရန် အဆင်သင့်ဖြစ်နေကြ ပြီ။ ဤသို့ဖြင့် လွှတ်တော်အသီးသီးတွင် ပြည်သူ့ကိုယ်စားလှယ်များ တက်ရောက်နေရာယူကာ တိုင်းပြည်အတွက် ကျရာကျရာ တာဝန် များယူကြသည့် ဒီမိုကရေစီစနစ်၏ ကျက်သရေအရှိဆုံး မြင်ကွင်း တို့ကို ပြည်သူလူထုက မျှော်လင့်နေကြပြီဖြစ်ပေသည်။
ပြည်သူ့ကိုယ်စားလှယ်တို့သည် ဓမ္မနှင့် အဓမ္မကို သေသေချာချာ ခွဲခြားနားလည်သည်၊ ဘာက အမှန်၊ ဘာက အမှားဆိုသည်ကို ဂဃနဏ ခွဲခြားသိမြင်သည်၊ သိသည့်အတိုင်း အမှန်တရားပေါ်မှာ သစ္စာရှိမည်ဟု ပြည်သူတို့က ယုံကြည်သည်။ ပါတီ၏မူဝါဒနှင့် လမ်းစဉ်ကြောင့်ဖြစ်စေ၊ ပါတီခေါင်းဆောင်များနှင့် လူကိုကြည့်၍ ဖြစ်စေ၊ ပြည်သူတို့ ရွေးချယ်တင်မြှောက်ခဲ့သော ပြည်သူ့ကိုယ်စားလှယ် များသည် ပြည်သူလူထု၏ မျက်နှာကိုကြည့်မည်၊ ပြည်သူလူထုအကျိုး ကိုသာ ဆောင်ရွက်မည်၊ ပြည်သူလူထုကို ပွင့်လင်းစွာအသိပေးပြီးမှ ပြည်သူ့ဘဏ္ဍာငွေများကို ပြည်သူတို့အတွက် အကျိုးရှိရာရှိကြောင်း ကို အလေအလွင့်မရှိအောင် ထိန်းသိမ်းစောင့်ရှောက်သုံးစွဲမည်၊ အဂတိ ကင်းအောင်နေမည်၊ ကိုယ်ကျိုးစီးပွား၊ မိသားစုအကျိုးစီးပွားကို နောက်တန်းသို့ပို့ကာ ပြည်သူ့အကျိုးစီးပွားကို ဦးတည်ရှေးရှုမည် စသည်ဖြင့် ယုံကြည်ထားကြ၏။
ပြည်သူလူထုနှင့် ပြည်သူ့ကိုယ်စားလှယ်များ၊ ပြည်သူ့အကျိုးကို ရှေးရှုသည့် နိုင်ငံရေးခေါင်းဆောင်များ၏အကြားရှိ တစ်ဦးနှင့်တစ်ဦး ဆက်နွှယ်နေမှု၊ ယုံကြည်စိတ်ချမှု၊ မျှော်လင့်မှုတို့သည် လေးနက်မှု ရှိနေသည်။
ယနေ့ မြန်မာနိုင်ငံ၏အခြေအနေက ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ် ကာကွယ်နိုင်ရေးအပါအဝင်၊ နိုင်ငံတော်၏စီးပွားရေး ဦးမော့လာနိုင် ရေး၊ ပြည်သူလူထုတစ်ဦးချင်း၏ စားဝတ်နေရေးပြေလည်ရေး၊ အလုပ်အကိုင်များ ပြန်လည်ရှင်သန်လှုပ်ရှားနိုင်ရေး၊ ရုပ်ပိုင်းစိတ်ပိုင်း ဘ၀များ အေးချမ်းလုံခြုံရေး အစရှိသည်တို့က မရအရ ကြိုးစား ရယူရမည့် ဦးတည်ချက်များဖြစ်၏။ အစိုးရ၊ လွှတ်တော်များနှင့် ပြည်ထောင်စုသား ပြည်သူလူထုအပေါင်း ညီညွတ်သွေးစည်းစွာ ရုန်းကန်လှုပ်ရှားကြရဦးမည်။ အားသွန်ခွန်စိုက် ကြိုးပမ်းကြရ ဦးမည်။
ထို့ကြောင့်ပင် ရွေးချယ်ခံ ပြည်သူ့ကိုယ်စားလှယ်များ၏ မှတ်စု စာအုပ်များတွင် နေ့အလိုက်၊ လအလိုက်၊ နှစ်အလိုက် လုပ်ရမည့် အလုပ်ဇယားများက မင်နီ မင်ပြာတို့ဖြင့် ပြည့်နှက်နေပါလိမ့်မည်။ အထူးသဖြင့် ယခုကဲ့သို့ လွှတ်တော်အဖွင့်ကာလ အခြေတည်ရမည့် လုပ်ငန်းများ၊ စနစ်တည်ဆောက်မှုများက အချိန်များစွာပေး ပြင်ဆင် ကြရမည်ဟု ထင်ပါသည်။ နောင်သက်တမ်း ငါးနှစ်တာအတွက် အရှိန် ယူရမည့် တာထွက်ကာလဖြစ်ပေရာ စဉ်းစားတွေဝေနေရန် အချိန် များစွာမရှိ။ မှေးမှိတ်ငိုက်မျဉ်းနေရန် အချိန်အနည်းငယ်မျှမရှိ။ ညည်းညူစိတ်ရှုပ်ထွေးနေစရာအချိန် စိုးစဉ်းမျှမရှိ။ စိုးရိမ်ပူပန်နေ ရန် အချိန်လုံး၀မရှိ။ ထိုသို့သော အရေးအရာတို့အတွက် အချိန်လည်း မရှိသလို အကြောင်းလည်းမရှိဘဲ အထက်တွင်ဆိုသကဲ့သို့ နိုင်ငံ့ရေး ပြည်သူလူထုအရေးတို့အတွက် ဆောင်ရွက်ရန်ရှိသည်တို့ကို တာဝန် ယူကြရမည် ဖြစ်ပါသည်။
အချုပ်ကိုဆိုရသော် ပြည်သူ့ကိုယ်စားလှယ်တို့သည် ပြည်သူ့ အကျိုး၊ နိုင်ငံအကျိုးအတွက် လုပ်ရမည်တို့က တန်းစီစောင့်နေပြီ ဖြစ်၏။ နိုင်ငံရေး စိတ်စေတနာ ဖြူဖြူစင်စင်ဖြင့် အင်အားစိုက်ထုတ် ကြိုးကုတ်လုံးပန်းကြရန်အတွက် လွှတ်တော်များက ကြိုဆိုနေကြပြီ ဖြစ်ပါကြောင်း။ ။