
ရန်ကုန် မေ ၃၁
ပခုက္ကူဦးအုံးဖေတည်ထောင်သော ပခုက္ကူစာပေဆုကို နှစ်စဉ် ချီးမြှင့်လျက်ရှိရာ အကြိမ် (၃၀) မြောက်အတွက် ပခုက္ကူစာပေဆုရရှိသူ များ၏ အမည်စာရင်းကို ပခုက္ကူစာပေဆု ရန်ပုံငွေကြီးကြပ်ရေး ကော်မတီက ယနေ့ထုတ်ပြန်ကြေညာသည်။
၀တ္ထုရှည်ဆုတွင် ဒုတိယဆုကို ညိမ်းညိုရေးသားသည့် “မေတ္တာ ထွေးနွေးပါသည်”၊ တတိယဆုကို နေစိုးသော် ရေးသားသည့် “စိတ်” စာမူတို့ကလည်းကောင်း၊ ဝတ္ထုတိုပေါင်းချုပ်ဆုတွင် ပထမဆုကို အမေ့သား (နတ်မောက်) ရေးသားသည့် “မုသားချိုချိုနှင့် အခြား ဝတ္ထုတိုများ”၊ ဒုတိယဆုကို ကိုနီသွေး (မန်းမြို့) ရေးသားသည့် “အတိုဆုံးဝတ္ထု၊ အရှည်ဆုံးပြဇာတ်နှင့် အခြားဝတ္ထုတိုများ”၊ တတိယဆုကို ထွန်းလှိုင် (မြိုင်) ရေးသားသည့် “မွေးရပ်မြေနှင့် သူငယ်ချင်းနှင့် သုတရသဝတ္ထုတိုပေါင်းချုပ်” စာမူတို့ကလည်းကောင်း၊ ကဗျာပေါင်းချုပ်ဆုတွင် ပထမဆုကို ကောင်းနွဲ့ ရေးသားသည့် “ရောင်နီသန်းချိန် ပန်းပွင့်ချိန်”၊ ဒုတိယဆုကို ရွှေမင်းသား(စစ်ကိုင်း) ရေးသားသည့် “မွှေးမြဂုဏ်ရည် စာပန်းသီ ကဗျာများ”၊ တတိယဆုကို ကနောင် နိုင်နွယ်ဦး ရေးသားသည့် “ဘဝတေးသံကဗျာများ” စာမူ တို့က လည်းကောင်း၊ ကျမ်းစာပေဆုတွင် ပထမဆုကို ကိုတိုး(ရန်ကင်း) ရေးသားသည့် “ကုန်းဘောင်ခေတ်စာဆို လက်ဝဲသုန္ဒရ၏ ဘဝနှင့် စာပေ”၊ ဒုတိယဆုကို ဦးဝင်းမြင့်မောင် (လင်းအရုဏ်ဦး) ရေးသားသည့် “ရတနာပုံအိမ်ရှေ့စံ”၊ တတိယဆုကို သက်ဦးမောင် ရေးသားသည့် “ရုပ်ရှင်နှင့် နိုင်ငံရေး၊ အမျိုးသားရေးအခန်းကဏ္ဍ” စာမူတို့ကလည်း ကောင်း၊ သုတေသနစာပေဆုတွင် ပထမဆုကို မာန်သစ်ငြိမ်း(ရှေးဟောင်း သုတေသန) ရေးသားသည့် “သရေခေတ္တရာပျူတို့၏ ရွှေထည်ငွေထည် ယဉ်ကျေးမှု အနုလက်ရာများ”၊ ဒုတိယဆုကို ကိုဇော်ဌေး (ယဉ်ကျေးမှု) ရေးသားသည့် “ဆိုကရေးတီး ရိုးရာခရီး”၊ တတိယဆုကို လက်ယာ (မေတ္တာတံခွန်) ရေးသားသည့် “လပြည့်နေ့ဖွား မြန်မာလူကျော်များ” စာမူတို့ကလည်းကောင်း အသီးသီးရရှိကြသည်။
ပခုက္ကူဦးအုံးဖေတည်ထောင်သော ပခုက္ကူပညာသင်ဆုကို အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ် (ရန်ကုန်)မှ မသန့်ဖြူဖြူထွန်း (ဒုတိယနှစ်-ပန်းချီပညာဌာန)နှင့် အမျိုးသား ယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ်(မန္တလေး) မှ မောင်မင်းသုဟန် ကျော် (ဒုတိယနှစ် - ပန်းချီပညာဌာန) တို့က ရရှိကြသည်။
အကြိမ် (၃၀)မြောက် ပခုက္ကူဦးအုံးဖေစာကြည့်တိုက်ဆုကို ခင်မောင်ဝင်း (အညာမြေ) ရေးသားသည့် ကျွန်တော်သိသော ကျွန်တော့်ရွာစာအုပ်၊ ဆရာသဲ ရေးသားသည့် သရဒွေးလင်္ကာ အဖွင့်ကျမ်းစာအုပ်တို့က ရရှိကြသည်။
ပခုက္ကူဦးအုံးဖေတည်ထောင်သော ပခုက္ကူစာပေ တစ်သက်တာ ဆုကို ၁၀ သိန်း၊ ပခုက္ကူစာပေဆု ပထမဆုကို ခုနစ်သိန်း၊ ဒုတိယဆုကို ငါးသိန်းနှင့် တတိယဆုကို လေးသိန်း ချီးမြှင့်သွားမည်ဖြစ်ကြောင်း သိရသည်။
ပခုက္ကူစာပေဆု ဆုရရှိသူများသည် စာတည်းမှူးချုပ်၊ စာပေဗိမာန် အမှတ် (၅၂၉-၅၃၁)၊ ကုန်သည်လမ်း၊ ရန်ကုန်မြို့၊ စာတည်းမှူးချုပ် ၀၁၈-၂၄၀၀၄၈ နှင့် စီမံရေးရာဌာန ၀၁၈-၃၈၁၄၄၉ သို့ ဆက်သွယ်ကြ ရန်နှင့် ပခုက္ကူဦးအုံးဖေတည်ထောင်သော ပခုက္ကူစာပေဆုချီးမြှင့်ပွဲအခမ်းအနားတွင် စာကြည့်တိုက်စာအုပ်ဆုပါ ချီးမြှင့်သွားမည်ဖြစ်ပြီး ကျင်းပမည့် အချိန်၊ နေရာ၊ ရက်တို့ကို ထပ်မံကြေညာသွားမည်ဖြစ် ကြောင်း သိရှိရသည်။ သတင်းစဉ်