ခေတ်မီဖွံ့ဖြိုးတိုးတက်သည့်နိုင်ငံတည်ဆောက်ရာ၌လည်းကောင်း၊ ပြည်သူများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်စေရန်အတွက်လည်းကောင်း လျှပ်စစ်ဓာတ်အား သည် မရှိမဖြစ်လိုအပ်သောအရာဖြစ်သည်။ လျှပ်စစ်ဓာတ်အားဖြင့် လောက နိဗ္ဗာန်ကို တည်ဆောက်ကြသည်ဟုဆိုကြသည်။ လူမှုဘဝနယ်ပယ်တွင် လျှပ်စစ် ဓာတ်အားဖြင့်သာ နေ့စဉ်ရှင်သန်လှုပ်ရှားနေရသည်ကို တွေ့ရမည်ဖြစ်သည်။
ထို့ကြောင့် အစိုးရအဆက်ဆက်လက်ထက်တွင် လျှပ်စစ်ဓာတ်အားကို နိုင်ငံ အတွင်း မှီတင်းနေထိုင်ကြသောပြည်သူများ ဖူလုံစွာရရှိရေးအတွက် အစဉ် ကြိုးပမ်းအားထုတ်နေကြရသည်။ ယခုအခါတွင် နိုင်ငံတော်က လျှပ်စစ်ဓာတ်အား ရရှိရေး အစဉ်ဖြည့်ဆည်းပေးနေသောကြောင့် နိုင်ငံအတွင်းရှိ အိမ်ထောင်စု စုစုပေါင်း၏ တစ်ဝက်ကျော်မှာ လျှပ်စစ်ဓာတ်အားရရှိနေကြပြီး ဆက်လက်၍ တစ်နိုင်ငံလုံး လျှပ်စစ်ဓာတ်အားရရှိနိုင်အောင် ကြိုးပမ်းဆောင်ရွက်နေသည်။ လျှပ်စစ်ဓာတ်အား အပြည့်အဝရရှိရေးအတွက် နိုင်ငံတော်က နှစ်စဉ်ဘဏ္ဍာငွေ အမြောက်အမြား အကုန်အကျခံကာ ဆောင်ရွက်နေသည်။
လျှပ်စစ်ဓာတ်အားသုံးစွဲသူ မိဘပြည်သူများ လျှပ်စစ်မီးလုံလောက်စွာရရှိ သုံးစွဲနိုင်စေရန် နိုင်ငံပိုင်လျှပ်စစ်ဓာတ်အားပေးစက်ရုံကြီးများမှ လျှပ်စစ် ဓာတ်အားများကို ထုတ်လုပ်လျက်ရှိသည့်အပြင် ပုဂ္ဂလိကပိုင်စက်ရုံများမှလည်း လျှပ်စစ်ဓာတ်အားများကို ဝယ်ယူဖြန့်ဖြူးပေးလျက်ရှိသည်။ ထိုသို့ဆောင်ရွက်နိုင် ရန်အတွက် နိုင်ငံတော်က ဘဏ္ဍာငွေအမြောက်အမြား ကျခံသုံးစွဲပြီး ဆောင်ရွက် ပေးလျက်ရှိရာ ဓာတ်အားအစဉ်မပြတ်သုံးစွဲနိုင်ရန်အတွက် မိဘပြည်သူများ အနေဖြင့် မိမိတို့သုံးစွဲခဲ့သည့် အမှန်တကယ်ကျသင့် လျှပ်စစ်ဓာတ်အားခများကို အချိန်မှန်ပေးဆောင်ရန် လိုအပ်သည်။ ထိုသို့ ပေးဆောင်မှသာလျှင် လျှပ်စစ်ဓာတ် အား နေ့စဉ်ထုတ်လုပ်မှုနှင့် ဝယ်ယူဖြန့်ဖြူးမှုကို ချောမွေ့စွာဆောင်ရွက်နိုင်မည် ဖြစ်သည်။
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနအနေဖြင့် ကိုဗစ်-၁၉ ရောဂါဖြစ်ပွား နေစဉ်ကာလအတွင်း၌ မိဘပြည်သူများ လူမှုစီးပွားအခက်အခဲများကို ဖြေလျှော့ ပေးနိုင်ရေးအတွက် လျှပ်စစ်ဓာတ်အား ကျသင့်ငွေများကို အထိုက်အလျောက် သက်သာစေရန် ၂၀၂၀ ပြည့်နှစ် ဧပြီလမှစတင်၍ ၂၀၂၁ ခုနှစ် မတ်လအထိ လျှပ်စစ်ဓာတ်အားသုံးစွဲသူ အိမ်ထောင်စုများအား လအလိုက် တစ်လလျှင် လျှပ်စစ်ယူနစ် ၁၅၀ ၏ ဓာတ်အားခကျသင့်ငွေကို ကင်းလွတ်ခွင့်ပြုပေးခဲ့သည့် အပြင် လအလိုက် နောက်ဆုံးပေးသွင်းရမည့်ရက်ကိုလည်း ရွှေ့ဆိုင်းပေးကာ နောက်ကျဒဏ်ကြေးပေးသွင်းရမှုမှ ကင်းလွတ်ခွင့်ပြုပေးခဲ့သည်။
ယခုအချိန်တွင် ပြည်သူများအား လျှပ်စစ်ဓာတ်အားခ မပေးချေကြရန်နှင့် လျှပ်စစ်ဓာတ်အားခများကို ကောက်ခံခြင်းရပ်တန့်ရန် အထူးသတိပေးခြင်းဆိုသည့် ဖက်ဆစ်ဆန့်ကျင်ရေးလက်ရုံးတပ်ဖွဲ့ (ဖ.ဆ.လ.တ) ဆိုသည့် အဖျက်အမှောင့် လုပ်ကိုင်သော အဖွဲ့တစ်ဖွဲ့က ပြည်သူများအား ထင်ယောင်ထင်မှားဖြစ်အောင် ပြုလုပ်လာသည်ကိုတွေ့ရသည်။ အဆိုပါလုပ်ဆောင်မှုသည် ပြည်သူများသုံးစွဲ နေသော လျှပ်စစ်ဓာတ်အားများ ဆက်လက်ထုတ်လုပ်ဖြန့်ဖြူးပေးနိုင်ရန် အခက် အခဲဖြစ်အောင် ပြုလုပ်ခြင်းဖြစ်သည်။ လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှုစရိတ်၊ ဝယ်ယူနေရသော သဘာဝဓာတ်ငွေ့နှင့် (LNG) ဓာတ်အားခများအတွက် ဝင်ငွေ မရရှိပါက အခက်အခဲဖြစ်ပေါ်လာနိုင်ပြီး ပြည်သူများ လျှပ်စစ်ဓာတ်အားလျော့နည်း ရရှိကာ လျှပ်စစ်ဓာတ်အား အလှည့်ကျပေးသည့်စနစ် ပြန်ပေါ်လာနိုင်သဖြင့် ပြည်သူများအတွက် ထိခိုက်နစ်နာမှုများ ဖြစ်လာနိုင်သည်။
ပြည်သူများအနေဖြင့်လည်း အဖျက်အမှောင့်လုပ်ငန်း လုပ်ဆောင်နေသော အဖျက်သမားများ၏ လုပ်ရပ်များကို နားမယောင်ဘဲ မိမိတို့သုံးစွဲခဲ့သော မီတာခ များကို ပုံမှန်ပေးဆောင်ခြင်းဖြင့် မိမိတို့လည်းအဆင်ပြေ၊ လျှပ်စစ်ဓာတ်အားလုပ်ငန်း လည်ပတ်အောင်လည်း ဆောင်ရွက်သင့်ကြပေသည်။ အကယ်၍ နိုင်ငံရေး ပယောဂဖြင့် မီတာခမပေးဆောင်လျှင် လျှပ်စစ်ဓာတ်အား ပို့လွှတ်မှုလျော့နည်းခြင်း၊ ပြတ်တောက်ခြင်းများဖြစ်လာပါက အထူးသဖြင့် မြို့ပေါ်နေပြည်သူများအားလုံး သည် မြို့ပြအထပ်မြင့်အိမ်ရာများနှင့် နေထိုင်ကြသောကြောင့် မီးမလာသည်နှင့် အခက်အခဲများ ချက်ချင်းကြုံတွေ့နိုင်သည်။ လျှပ်စစ်ကိုအကြောင်းပြု၍ နောက် ဆက်တွဲ ဒုက္ခအခက်အခဲများ ရောက်ရှိလာနိုင်မည်ဖြစ်သည်။ လူမှုရေး၊ စီးပွားရေး အခက်အခဲများ ကြုံတွေ့လာနိုင်သည်။
အဖျက်သမားများသည် ပြည်သူများအခက်အခဲဖြစ်အောင် တစ်မျိုးမဟုတ် တစ်မျိုး အမျိုးမျိုးပြုလုပ်နေကြသည်။ ဗုံးဖောက်ခွဲဖျက်ဆီးမှု၊ မီးရှို့ဖျက်ဆီးမှု၊ သူလျှိုဒလန်စွပ်စွဲ၍ ပြည်သူများအား သတ်ဖြတ်မှု၊ ငွေကြေးအခက်အခဲဖြစ်အောင် ပြုလုပ်မှု၊ ကျောင်းမနေရေး၊ စာမသင်ရေး ဟန့်တားနှောင့်ယှက်မှု၊ ယခုတစ်ဖန် မီတာခ မပေးဆောင်ရေး စည်းရုံးလှုပ်ရှားမှု စသည်ဖြင့်ပြုလုပ်နေကြရာ မည်သို့ပင် ပြုလုပ်သော်လည်း ပြည်သူများ ဒုက္ခအခက်အခဲများမှကင်းဝေးရေး၊ ဘေးအန္တရာယ်ကင်းဝေးရေးအတွက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက စိတ်ရင်းစေတနာမှန်ကန်စွာဖြင့် ကြိုးပမ်းလုပ်ဆောင်ပေးလျက်ရှိသည်။
သို့ဖြစ်ရာ ပြည်သူများအနေဖြင့် မိမိတို့လူမှုစီးပွားဘဝ အဆင်ပြေစေရေး အတွက် လျှပ်စစ်ဓာတ်အားခများ ပေးဆောင်ကြရန်လိုအပ်ပေသည်။ မိမိတို့ သုံးစွဲ ခဲ့သော လျှပ်စစ်မီတာခများကို လစဉ်ပုံမှန်ပေးဆောင်ခြင်းဖြင့် ပြည်သူလူထုတစ်ရပ် လုံး၏ အကျိုးစီးပွားများဖြစ်ထွန်းလာအောင် အသိတရားရှေ့ထား၍ အပြန်အလှန် အလေးထား ဆောင်ရွက်ပေးကြပါရန် မေတ္တာရပ်ခံအပ်ပါကြောင်း။ ။
Remark Type