အကြမ်းဖက်အဖွဲ့များ၏ ဘာသာရေးအပေါ် အကြမ်းဖက်လုပ်ရပ်များ လုပ်ဆောင်နေမှုများ ထပ်မံဖြစ်ပွားမှုမရှိစေရေး တိုင်းရင်းသားပြည်သူလူထုတစ်ရပ်လုံးက အင်တိုက်အားတိုက် ပူးပေါင်းပါဝင်တားဆီးကြရန် မေတ္တာရပ်ခံ

နေပြည်တော်   ဒီဇင်ဘာ  ၈


CRPH နှင့် NUG အမည်ခံအကြမ်းဖက်အဖွဲ့များသည် မြန်မာနိုင်ငံ အတွင်း အကြမ်းဖက်လုပ်ငန်းများကို စတင်လုပ်ဆောင်ရန် စက်တင်ဘာ ၇ ရက်တွင် ကြေညာခဲ့ပြီးနောက် အချို့ဒေသများတွင် အကြမ်းဖက်မှု လုပ်ရပ်များကို ဦးတည်လုပ်ဆောင်လျက်ရှိသည်။ ထိုသို့ အကြမ်းဖက် လုပ်ရပ်များကို လုပ်ဆောင်လျက်ရှိရာ ဒေသခံပြည်သူများ၏ လမ်းပန်း ဆက်သွယ်ရေးနှင့်  ကျန်းမာရေးကိစ္စရပ်များအပြင်  ဘာသာရေးအရ ကိုးကွယ်ဆည်းကပ်လျက်ရှိသည့် ရဟန်းသံဃာများကိုပင် အကြမ်း ဖက်ဖမ်းဆီးခြင်း၊ သတ်ဖြတ်ခြင်းများကို နိုင်ငံရေးလက်နက်သဖွယ် အသုံးချလုပ်ဆောင်လျက်ရှိသည်။ 


ထိုသို့ အကြမ်းဖက်လုပ်ဆောင်မှုများကြောင့် ယနေ့အထိ ရဟန်း သံဃာ ၁၄ ပါး ပျံလွန်တော်မူခဲ့ပြီး အချို့ဒေသများတွင် ဘုန်းတော်ကြီး ကျောင်းများအား မီးရှို့ဖျက်ဆီးခြင်း၊ အကြမ်းဖက်တိုက်ခိုက်ခြင်းများကို လုပ်ဆောင်ခဲ့ကြသည်။


၎င်းအပြင် ဒီဇင်ဘာ ၆ ရက်တွင် ချင်းပြည်နယ် ဖလမ်းမြို့ လုံပီး သာသနရက္ခိတာ  ပရိယတ္တိသာသနာပြု  စာသင်တိုက်ကျောင်းထိုင်ဆရာ တော် မြို့နယ်သံဃာ့နာယကဥက္ကဋ္ဌ ဆရာတော် ဘဒ္ဒန္တဉာဏိကသည် ဖလမ်းမြို့ရှိ  လုံပီးသာသနရက္ခိတာ ပရိယတ္တိသာသနာပြု စာသင်တိုက် သို့ ဖလမ်းမြို့နယ် လူငယ်သင်တန်းကျောင်းမှ ဒုဦးစီးမှူး ဦးချစ်စန်း မောင်းနှင်သည့်ယာဉ်ဖြင့်  ဖလမ်းမြို့ရှိကျောင်းတိုက်သို့  ပြန်လည် ထွက်ခွာလာစဉ် လမ်းခရီး၌ PDF အမည်ခံအကြမ်းဖက်သမားများ၏ အကြမ်းဖက်ဖမ်းဆီးမှုကို ခံခဲ့ရသည်။  ထိုသို့ဖမ်းဆီးခြင်းခံထားရာမှ ယနေ့ညနေပိုင်းတွင် ဆရာတော်သည် ဖလမ်းမြို့သို့  ပြန်လည်ရောက်ရှိ ခဲ့ကြောင်းသိရှိရပြီး  အတူလိုက်ပါခဲ့သည့်  ဒုဦးစီးမှူး  ဦးချစ်စန်းမှာ အကြမ်းဖက်သမားများ၏ ဆက်လက်ဖမ်းဆီးထားခြင်းကိုခံရကာ ပျောက်ဆုံးလျက်ရှိသည်။


အလားတူ ဒီဇင်ဘာ ၇ ရက်တွင် တမူးမြို့ မြို့မ(၁၄)ရပ်ကွက် လုဗ္ဗနီ ကျောင်းတိုက်မှ ကျောင်းထိုင်ဆရာတော် ဘဒ္ဒန္တဝါယမ အမှူးပြုသော သံဃာတော်သုံးပါးနှင့်   ကပ္ပိယတစ်ဦးတို့သည်  ကျောင်းတိုက်ပိုင် ယာဉ်ဖြင့်  လှည်းဆိပ်ကျေးရွာရှိ  အလှူမှပြန်လည်ထွက်ခွာလာစဉ် မွန်းလွဲ ၂ နာရီခန့်တွင် ချောင်းနက်ကြီးကျေးရွာအနီးသို့အရောက် PDF အမည်ခံ  အကြမ်းဖက်သမားများက  လက်နက်ငယ်များဖြင့် အကြောင်းမဲ့ ဝိုင်းဝန်းပစ်ခတ်တိုက်ခိုက်မှုကြောင့် မော်တော်ယာဉ် ပျက်စီးခဲ့ကြောင်း သိရှိရသည်။ ထို့အတူ ချင်းပြည်နယ် မင်းတပ်မြို့နယ် ၌ သီတင်းသုံးလျက်ရှိသော တောင်တန်းသာသနာပြုဆရာတော် ဘဒ္ဒန္တ ပညာဇောတ ကိုလည်း ဇွန် ၁၂ ရက် ညနေပိုင်းတွင် အကြမ်းဖက် သမားများက မော်တော်ယာဉ်နှင့်အတူ အကြမ်းဖက်မီးရှို့သတ်ဖြတ်ခြင်း လုပ်ဆောင်ခဲ့ကြောင်း သိရှိရသည်။


ကမ္ဘာပေါ်ရှိနိုင်ငံတိုင်းတွင် နိုင်ငံရေးအရ သဘောထားကွဲလွဲခွင့်၊ လွတ်လပ်စွာ   ဆန္ဒထုတ်ဖော်မှုများရှိသော်လည်း  ဘာသာရေးနှင့် ပတ်သက်၍ ယခုကဲ့သို့ အကြမ်းဖက်လုပ်ဆောင်မှုမျိုး မည်သည့်နိုင်ငံ တွင်မှ လုပ်ဆောင်မှုမရှိသည်ကို သတိပြုရန်လိုအပ်ပြီး ထိုသို့ဘာသာရေး နှင့်ပတ်သက်၍ အကြမ်းဖက်မှုများကိုလည်း လုပ်ဆောင်ရန်မသင့် ကြောင်း သတိပြုမိရန်လိုအပ်သည်။ မိမိတို့နိုင်ငံအတွင်းရှိ မည်သည့် အဖွဲ့အစည်းမဆို ဘာသာရေးနှင့်ပတ်သက်၍ ခြိမ်းခြောက်ခြင်း၊ အကျပ်ကိုင်ခြင်း၊   ဖမ်းဆီးခြင်းနှင့်   သတ်ဖြတ်ခြင်းများအပါအဝင် အကြမ်းဖက်လုပ်ရပ်မှန်သမျှကို       ထပ်မံလုပ်ဆောင်ခြင်းမပြုရန် လေးနက်စွာ  သတိပေးကြောင်းနှင့်  ထိုကဲ့သို့ ဘာသာရေးအပေါ် အကြမ်းဖက်လုပ်ရပ်များ လုပ်ဆောင်လာမှုကိုလည်း ထပ်မံဖြစ်ပွား မှုမရှိစေရေး   တိုင်းရင်းသားပြည်သူလူထု  တစ်ရပ်လုံးအနေဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် အပြည့်အဝပူးပေါင်း၍  လက်တွဲတားဆီး ဆောင်ရွက်သွားကြပါရန် မေတ္တာရပ်ခံထားကြောင်း သိရသည်။                                                   
သတင်းစဉ်