အကြမ်းဖက်မှုကို လိမ်ညာဖုံးကွယ် အကျင့်သိက္ခာကင်းမဲ့သည့် မီဒီယာများ

 

ကျိုက်ထီးရိုးဘုရား၊  ကင်မွန်းချောင်းတောင်တက်ကားဂိတ် ပစ်ခတ် မှု ဖြစ်စဉ်မှာ  အကြမ်းဖက်သမားတို့၏  ရက်စက်ကြမ်းကြုတ်မှု၊ အသိဉာဏ်ကင်းမဲ့  မိုက်မဲမှုသက်သက်သာဖြစ်ကြောင်း ထင်ရှား ပေါ်လွင်ပြီးသားဖြစ်သည်။  အကြမ်းဖက်သမားများနှင့်  ၎င်းတို့၏ အပေါင်းအဖော်မီဒီယာများက မည်သို့ပင် လိမ်လည်ဖုံးကွယ်ကြ စေကာမူ အခိုင်အမာ ကျန်ရစ်သည့် သက်သေများ၊ မှတ်တမ်းများ၊ အထောက်အထားများကို ငြင်းဆို၍မရ။

 


KNLA တပ်မဟာ (၁) နှင့် NUG ၊ CRPH တို့၏ လက်ဝေခံ PDF အမည်ခံ အကြမ်းဖက်သမားတို့ ကင်မွန်းချောင်းတောင်တက် ကားဂိတ်အား ပစ်ခတ်ခြင်းအပေါ် ဘီဘီစီ၊ ဧရာဝတီတို့ကဲ့သို့သော မီဒီယာများက လုပ်ကြံဖန်တီးမှုများဖြင့်  ဖုံးကွယ်ပေးခဲ့ကြသည့် အပြင်   လုံခြုံရေးတပ်ဖွဲ့များက  ဘုရားဖူးများကို ရမ်းသန်းပစ်ခဲ့ သည်ဟူ၍    သိက္ခာကင်းမဲ့စွာ   ရေးသားဖော်ပြခြင်းဖြင့်လည်း မီဒီယာကျင့်ဝတ်ကို  ချိုးဖောက်ခဲ့ကြသည်။  အကြမ်းဖက်အားပေး ၎င်းမီဒီယာများအနေဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များအပေါ် ပြည်သူ လူထုက အထင်အမြင်လွဲမှားစေရေး၊ လုံခြုံရေးတပ်ဖွဲ့ဝင်များကို သိက္ခာချရေးဟူသော   ဆိုးယုတ်သည့်   ရည်ရွယ်ချက်များဖြင့် မီဒီယာကျင့်ဝတ်ကို   တမင်ချိုးဖျက်ခဲ့ကြခြင်းလည်း  ဖြစ်သည်။ တစ်ဖက်မှလည်း   မမှန်မကန်  အချက်အလက်များဖြင့် ဖြစ်စဉ် အပေါ် အမြင်များကို ရှုပ်ထွေးဝေဝါးစေကာ အကြမ်းဖက်သမား တို့၏ စစ်ရာဇဝတ်မှုမြောက်သော  ကျူးလွန်မှုကို ပေါ့သွားအောင် အောက်တန်းကျသည့် မီဒီယာနည်းလမ်းဖြင့် ဝိုင်းဝန်းပံ့ပိုးပေးနေ ကြခြင်းလည်းဖြစ်သည်။

 


NUG ၊ CRPH  တို့၏   သွေးထိုးလှုံ့ဆော်မှုများနောက်တွင် အသိဉာဏ်နည်းစွာပေါ်ပေါက်လာသည့် PDF အမည်ခံ အကြမ်းဖက် အဖွဲ့များက    ၎င်းတို့၏အခေါ်      တော်လှန်ရေးကာလအတွင်း ကျောင်းသားများ ကျောင်းမတက်ရန်၊ ဝန်ထမ်းများ အလုပ်မလုပ် ရန်၊   အနုပညာရှင်များလည်း  အနုပညာအလုပ်မလုပ်ကြရန်၊ ပျော်ပွဲရွှင်ပွဲများ မကျင်းပကြရန်၊ ဘုရားဖူးခရီးများလည်း မထွက် ကြရန်၊    အပန်းဖြေအနားယူမှုများ  မလုပ်ကြရန်   စသည်ဖြင့် ခြိမ်းခြောက်ဟန့်တားပိတ်ဆို့မှုများကို လူမှုကွန်ရက်များ အသုံးပြု ၍ ပြုလုပ်ခဲ့ကြသည်။ ၎င်းတို့၏  ရည်ရွယ်ချက်မှာ  နိုင်ငံအတွင်း အရာရာဆိတ်သုဉ်းလျက် ပုံမှန်အခြေအနေတွင် မရှိကြောင်းကို နိုင်ငံတကာသို့   ပြသလိုခြင်းဖြစ်သည်။   ပြည်သူလူထုအတွင်း ဝမ်းနည်းပူဆွေးမှုများဖြစ်ပေါ်နေပုံ၊   ချွတ်ခြုံကျ  ငတ်ပြတ်နေပုံ၊ ပျော်ရွှင်အေးချမ်းမှုတို့ ကင်းမဲ့နေပုံတို့ကိုသာ နိုင်ငံတကာသို့ ပြသလိုကြပြီး  ယင်းသို့ပြသနိုင်ရန်အတွက်  ပြည်ပလက်ဝေခံ မီဒီယာများနှင့်  လက်ဝါးချင်းရိုက်ထားကြပြီး  ပြည်တွင်းမှာရော ပြည်ပ၌ပါ မကြာမကြာ လိမ်လည်နေကြခြင်းဖြစ်သည်။ 

 


ယခု   ကျိုက်ထီးရိုးဘုရား၊   ကင်မွန်းချောင်းတောင်တက် ကားဂိတ်ကို  အကြမ်းဖက်ပစ်ခတ်မှုဖြစ်စဉ်၌လည်း ၎င်းတို့အနေ ဖြင့် မည်သို့ပင် ရှုပ်ထွေးအောင် လှည့်ပတ်လှီးလွှဲနေကြစေကာမူ အေးချမ်းစွာ ဘုရားဖူးလာရောက်နေကြသည့် ပြည်သူအများအပြား ရှိရာ သာသနာ့နယ်မြေကို လာရောက်တိုက်ခိုက်ခြင်းမှာ ငြင်း၍ မရနိုင်သည့် မိုက်မဲမှုပင်ဖြစ်ပြီး ခိုင်မာသည့် သက်သေအထောက် အထားများနှင့်   ယုတ္တိဗေဒနည်းတို့အရလည်း   ဖြစ်စဉ်အမှန်ကို ငြင်းဆန်၍ မရနိုင်ပါကြောင်း။         ။