
ဗီယင်ကျန်း သြဂုတ် ၂၃
လွန်ခဲ့သည့်ရက်အနည်းငယ်က လာအိုနိုင်ငံတောင်ပိုင်း ဆာဗန် နာခက်ပြည်နယ်၌ ကိုဗစ်-၁၉ ရောဂါ ဓာတ်ခွဲအတည်ပြုလူနာ သစ် ၁၀၀ ကျော် တွေ့ရှိခဲ့ခြင်းနှင့်အတူ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှုနှုန်း အရှိန်မြင့်မားလာကြောင်း သိရသည်။
မကြာသေးမီက နိုင်ငံ၏တောင်ပိုင်းတွင် တွေ့ရှိခဲ့သည့် ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ ၁၀၀ ကျော်အနက် အများစုမှာ အကျဉ်းသားများဖြစ်ကြောင်း သိရသည်။ အဆိုပါ အကျဉ်းသား များသည် အကျဉ်းထောင်အရာရှိတစ်ဦးထံမှ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရဖွယ်ရှိကြောင်း ဒုတိယပြည်နယ်အုပ်ချုပ်ရေးမှူး နှင့် ပြည်နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးကော်မတီ အကြီးအကဲ လင်သောင်ဆင်တာဗန်က ပြောကြားသည်။
ပြည်နယ်အာဏာပိုင်များသည် ကိုဗစ်-၁၉ ရောဂါ ကူးစက် ခံရသော အကျဉ်းသားများအတွက် သီးခြားစောင့်ကြည့်ရေး စင်တာတစ်ခုကို ထူထောင်ပေးပြီး ကိုဗစ်-၁၉ ရောဂါ ကူးစက် ခံရမှုမရှိသည့်အကျဉ်းသားများကို အခြားအကျဉ်းထောင်များသို့ ပြောင်းရွှေ့ပေးခဲ့ကြောင်း၊ ကိုဗစ်-၁၉ ရောဂါ နောက်ထပ် ကူးစက်ခြင်းမှ ကာကွယ်တားဆီးရန် အကျဉ်းသားများအနေဖြင့် ကိုဗစ်-၁၉ ရောဂါတိုက်ဖျက်ရေးကော်မတီက ချမှတ်ထားသည့် ရောဂါကာကွယ်ရေးဆိုင်ရာ အစီအမံများကို လိုက်နာရမည် ဖြစ်ကြောင်း ၎င်းက ထပ်မံပြောကြားသည်။
လာအိုနိုင်ငံ၌ လွန်ခဲ့သည့် ၂၄ နာရီအတွင်း ကိုဗစ်-၁၉ ရောဂါ ဓာတ်ခွဲအတည်ပြုလူနာသစ် ၁၅၂ ဦး ထပ်မံတွေ့ရှိခဲ့ ပြီးနောက် လက်ရှိအချိန်အထိ အဆိုပါရောဂါ ကူးစက်ခံရသူပေါင်း ၁၂၆၂၁ ဦးရှိလာကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန် သည့် နောက်ဆုံးအချက်အလက်များအရ သိရသည်။
ကိုးကား - ဆင်ဟွာ
ဘာသာပြန် - ဂျေတီ