
မိုးကေနိုင်
ယနေ့ကိုဗစ်ကပ်ရောဂါဟာ ဒုတိယကမ္ဘာစစ်နောက်ပိုင်း လူသား တွေအားလုံး အဆိုးရွားဆုံးခံစားနေရတဲ့ အကျပ်အတည်းကြီးတစ်ခု ပါပဲ။
ရောဂါကူးစက်မှုတွေလည်း တိုးနေဆဲဖြစ်သလို သေဆုံးမှုတွေ လည်းရှိနေဆဲပါ။ ကမ္ဘာကြီးရဲ့ တချို့နေရာတွေမှာ ရောဂါကပ်အပြင် စစ်မက်အသံတွေလည်း ကျယ်ကျယ်လောင်လောင်ကြားနေရ တော့ ငြိမ်းချမ်းရေးနဲ့တည်ငြိမ်ရေးဟာ လူသားတွေအားလုံးက အရေးတကြီး တောင့်တနေတဲ့ Issue တစ်ခုဖြစ်လာနေပါပြီ။ ကူးစက် ကပ်ရောဂါလိုပဲ ကမ္ဘာကြီးရဲ့တစ်နေရာက မငြိမ်းချမ်းမှုဟာ အခြား ဒေသတွေဆီလည်း ကူးစက်လွယ်နေပါတယ်။
ကမ္ဘာ့စီးပွားပျက်ကပ်အနေအထားကတော့ အဆိုးကြီးမဖြစ်သေး ဘူးဆိုပေမယ့် ဟိုတစ်စဒီတစ်စ စီးပွားပျက်ကပ်ဖြစ်နေတဲ့အသံတွေလည်း မှန်မှန်ကြားနေရသလိုပဲ။ အထူးသဖြင့် ကူးစက်ကပ်ကြီးနဲ့အတူ စစ်ပွဲဒဏ်ခံစားရတဲ့ နိုင်ငံတွေရဲ့ လူမှုစီးပွားဘ၀တွေဟာ ပိုပြီးဆိုး တယ်လို့ ဆိုရပါလိမ့်မယ်။ ရောဂါနဲ့စစ်ပွဲတွေကြောင့် တချို့နိုင်ငံတွေမှာ စီးပွားရေးဟာ ယိုင်နဲ့လုနီးနီး ပြိုလဲလုနီးနီးဖြစ်နေပြီး ဆင်းရဲတွင်း ချောက်ကမ်းပါးထဲ ရောက်လုနီးနီးဖြစ်နေတာကို စိတ်မကောင်းစွာ မြင်နေကြားနေရပါတယ်။
အကျပ်အတည်းနဲ့ဖိအားကို ရင်ဆိုင်နိုင်အောင်ပြင်ဆင်ထားသင့်
ဖွံ့ဖြိုးမှု စီးပွားရေးဘာသာရပ်ဆိုင်ရာ ကမ္ဘာ့သုတေသနအင်စတီကျု (World Institute for Development Economics Research) ရဲ့ အစီရင်ခံစာအရ ကိုဗစ်ကပ်ကြီးတစ်ခုကြောင့်တင် လူသားသန်း ၅၀၀ လောက် ဆင်းရဲတွင်းနက်ပြီး အငတ်ဘေးဆိုက် နိုင်တယ်လို့ သိရပါတယ်။ ဘယ်နိုင်ငံကမှတော့ ဆင်းရဲနွမ်းပါးမှုပြမျဉ်း (poverty line) အောက်မှာ နေချင်ကြမှာမဟုတ်ပါဘူး။ ဆင်းရဲမွဲတေမှုနဲ့ ငတ်မွတ်ခေါင်းပါးမှုပြဿနာကို ဖြေရှင်းဖို့ရာ အလွန် ရှုပ်ထွေးခက်ခဲ ပါတယ်။ ဒီအခါမှာ အကျပ်အတည်းတစ်ခုအောက်မှာ ဖိစီးမှုတွေ ပြေလျော့အောင်ဘယ်လိုနေထိုင်ကြမလဲ၊ အကျပ်အတည်းနဲ့ ရင်ဆိုင်ရ မယ်ဆိုရင်ရော ဖိအားဒဏ်ခံနိုင်အောင် တစ်ဦးချင်း ဘယ်လိုပြင်ဆင် ထားကြမလဲ ဘယ်လိုခြိုးခြံနေထိုင်ကြမလဲ မျှဝေပေးချင်တာလေးတွေ ရှိလာပါတယ်။
တစ်ချိန်ချိန်မှာ ကိုယ်ကိုယ်တိုင်က အခြားသူတွေလို ၀င်ငွေ များများစားစား မရှာနိုင်တော့မှာ၊ သူတို့နေထိုင်သလို ကိုယ်မနေနိုင် တော့မှာ၊ သူတို့စားနိုင်၀တ်နိုင်သလောက် ကိုယ်မစားနိုင်မ၀တ်နိုင်တဲ့ အခြေအနေမျိုးဖြစ်သွားနိုင်တာကို သတိပြုမိပြီး ပြင်ဆင်ထားသင့် ပါတယ်၊၊ အဆိုးမြင်တစ်ဦးမဟုတ်ပေမယ့် အကောင်းမြင်နိုင်ဖို့ အတွေး စလေးတစ်ခုနဲ့ အပြုသဘောချဲ့ကြည့်မိတာပါ။ ကမ္ဘာ့တချို့ နေရာတွေ မှာ အိုးမဲ့အိမ်မဲ့တွေ၊ အငတ်ဘေးပြဿနာတွေ ကြားနေမြင်နေရပါ လိမ့်မယ်။
စား၀တ်နေရေးမှာ တစ်၀မ်းတစ်ခါး စားရေးအတွက်ကိုပဲ အသည်း အသန်ရုန်းကန်နေရတဲ့ မြင်ကွင်းတွေကို ဒုနဲ့ဒေး ကြားသိနေရသလို ကမ္ဘာလုံးဆိုင်ရာ စီးပွားပျက်ကပ်ကြုံရမယ့်ဘေးက လွတ်မြောက် အောင်၊ ရင်ဆိုင်နိုင်အောင် ကမ္ဘာ့နိုင်ငံတွေ မီးကုန်ယမ်းကုန် ကြိုးစား နေကြတာတွေ၊ ခြိုးခြံချွေတာနေကြတာတွေကိုလည်း အကောင်းဆုံး နမူနာအဖြစ် သင်ခန်းစာယူရပါလိမ့်မယ်။
ဆင်းရဲခြင်း မိမိထံမရောက်အောင် ကိုယ်ကိုယ်တိုင်ပဲဦးဆောင်ပါ
ကိုဗစ်လှိုင်းတွေက မပြီးသေးပါဘူး၊ ဆက်နေဦးမယ့် သဘောရှိပါ တယ်။ ဒါဆိုရင် မိမိတို့တစ်ဦးချင်းအပေါ် ကျလာနိုင်တဲ့ဖိအားတွေကို ဘယ်လိုရင်ဆိုင်ဖြေရှင်းမလဲ၊ ဒီနေရာမှာ အစိုးရရဲ့ တာဝန်ယူမှုကို ခဏမေ့ထားပြီး အဖြေကို မိမိထံကပဲရအောင် ရှာဖွေကြည့်ရအောင် ပါ။ အရေးပေါ်ကာလတစ်ရပ်မှာ နိုင်ငံတော်အစိုးရရဲ့ ဖြေရှင်းပေးမှု၊ စီမံပေးမှုချည်းကိုပဲ အားကိုးနေလို့မရပါဘူး။ အကျပ်အတည်းကာလ မရေရာမသေချာတဲ့ အခြေအနေမှာ ကိုယ့်အတွက် ကိုယ့်ကိုယ်ကိုယ်ပဲ ဦးဆောင်ရမယ်လို့ခံယူလိုက်ပါ။ ကိုယ်ကိုယ်တိုင် မဆင်းရဲရအောင် ဘယ်လိုနေထိုင်စားသောက်မလဲ၊ ကိုယ့်ပတ်ဝန်းကျင်မှာ ဆင်းရဲသူ တွေ ရှိနေသလို ချမ်းသာသူတွေလည်းရှိတယ်ဆိုတာ မြင်အောင် ကြည့်ပါ။
တတ်နိုင်သူနဲ့ မတတ်နိုင်သူအကြား ကွာဟချက်အချို့ဟာ စိတ်ဝင်စားဖို့ ကောင်းပါတယ်။ တချို့က မကျန်းမာရင် ကောင်းစွာ ဆေးကုနိုင်ပေမယ့် တချို့ကတော့ အခြေခံကျန်းမာရေးစောင့်ရှောက် မှုကိုပင် လက်လှမ်းမမီ ဖြစ်နေရတယ်။ တချို့က အလုပ်အကိုင်ရှိတယ်၊ တချို့က အလုပ်လက်မဲ့။ တချို့က ကျောင်းပညာနဲ့ထိတွေ့နိုင်ပေမယ့် တချို့ကပညာရေးလမ်းပျောက်နေတယ်။
ကျွန်တော်တို့လည်း သာမန်ဝန်ထမ်းမျိုးရိုးက ပေါက်ဖွားလာသူ တွေပါပဲ။ အဖေအမေဝန်ထမ်းက မုန့်ဖိုးပိုက်ဆံပေးရင်တောင် ပေးလိုက်တဲ့ ပိုက်ဆံအနည်းငယ်လေးကို ဘယ်မှာသုံးမှာလဲ၊ ဘယ်လောက်သုံးမှာလဲ မေးပြီးစိစစ်ပြီးမှ ထုတ်ပေးလေ့ရှိတာကို ကျွန်တော်တို့ အရွယ်ရောက်လူလားမြောက်မှ သဘောပေါက်လာ မိပါတယ်။ မိဘကပေးတဲ့ ဒီအတွေ့အကြုံလေးက ကျွန်တော်တို့ ဘဝတစ်လျှောက် မချမ်းသာပေမယ့် မဆင်းရဲအောင် ခြိုးခြိုးခြံခြံနေ တတ်ထိုင်တတ်စေတဲ့ အကျင့်ကောင်းတစ်ခုကို မွေးဖွားပေးလိုက်ပါ လားလို့ ခံယူမိပါတယ်။
ခြိုးခြံချွေတာခြင်းဟူသည်...
ကျွန်တော်တို့တစ်တွေဟာ ရုန်းမထွက်နိုင်သေးတဲ့ ကပ်ဘေးဆိုး အထွေထွေကနေ လွယ်လွယ်ကူကူ ပြန်လည်နာလန်ထနိုင်အောင်ရယ်၊ စဉ်ဆက်မပြတ် ရှင်သန်နေအောင်ရယ်က မိမိကိုယ်မိမိ ခြိုးခြံချွေတာ ခြင်းဆိုတဲ့ ခေါင်းစဉ်အောက်မှာပဲ အဆိုးထဲမှ အကောင်းဆုံးဖြစ် အောင် ကြိုးစားနေထိုင်ကြရပါလိမ့်မယ်။ ဒါပေမယ့် ခြိုးခြံချွေတာခြင်း ဆိုတဲ့ ထိုစကားလုံးဟာ အချို့သူတွေအတွက်တော့ နားလည်ရခက် နေသေးတယ်ဆိုတာလည်း လက်ခံပါတယ်။
ခြိုးခြံချွေတာခြင်းဆိုတာ ကိုယ့်ရဲ့ငွေကြေးဥစ္စာဓနနဲ့ အချိန်ဆိုတဲ့ ပိုင်ဆိုင်တဲ့ အင်အားတွေကို အလဟဿမဖြုန်းတီးဘဲ သူ့နေရာနဲ့သူ အကျိုးရှိရှိသုံးစွဲခြင်းလို့ပဲ မှတ်ယူပါ့မယ်။ မလိုအပ်တဲ့ နေရာမှာတော့ မသုံးဘူးပေါ့။ အကူအညီလိုသူတွေအတွက်၊ ကိုယ့်လက်အောက်က သူတွေအတွက်ဆိုရင်တော့ လောက၀တ်အရ လူမှုရေးအရ ကပ်စေး မနည်းဘဲ မနှမြောမတွန့်တိုဘဲ သုံးဖို့လိုအပ်ရင် သုံးတဲ့သဘောဆောင် ပါတယ်။ တရားသဘောအရဆိုရင် ရောင့်ရဲတင်းတိမ်ခြင်း၊ သည်းခံ ခြင်း၊ မာန်မာနမရှိခြင်း စတဲ့မင်္ဂလာတရားတွေနဲ့လည်း ဆက်စပ် နေပါတယ်။
စီမံခန့်ခွဲမှုသဘောတရားမှာလည်း မိမိမှာရှိတဲ့သွင်းအားစုကို အနည်းဆုံးအင်အား (least input) နဲ့ အကောင်းဆုံးရလဒ် (best output) ရအောင် လုပ်နိုင်တဲ့သူ/ အဖွဲ့အစည်းသည်သာ efficient အကျိုးများပြီး ခရီးရောက်တယ်လို့ သတ်မှတ်ခြင်းခံရပါတယ်။ ဒါကြောင့် ယခုလို အရာရာချို့တဲ့အားနည်းနေတဲ့ ခေတ်ကာလ အခြေ အနေတစ်ခုမှာ ကိုယ့်ရဲ့ အင်အားကို အကောင်းဆုံးအသုံးချပြီး ခြိုးခြံ ချွေတာတတ်ခြင်းဆိုတဲ့အသိနဲ့ အောင်မြင်မှုကို ရယူနိုင်ခြင်းကို ရှိသင့် ရှိထိုက်တဲ့ အရည်အချင်းတစ်ရပ်အဖြစ် သဘောထားလာကြပြီဆိုတာ ကို မျှဝေပေးလိုက်ရပါတယ်။
အသုံးနဲ့အဖြုန်းကို စိစစ်နိုင်မှ အကြွေးသံသရာကလွတ်နိုင်မှာ
ခြိုးခြံချွေတာခြင်းကို တစ်ဦးချင်းကအစ အားလုံးလိုက်ပါနိုင်မှသာ ထိရောက်ပါတယ်။ အကျပ်အတည်းကာလမှာ အစိုးရတွေအနေနဲ့ ဘတ်ဂျက်အသုံးစရိတ်ကို အဂတိကင်းကင်းနဲ့ ခြိုးခြံစိစစ်ရသလို နိုင်ငံသားတွေကလည်း ဟန်ချက်ညီညီနဲ့ မိမိရဲ့အသုံးနဲ့ အဖြုန်းကို စိစစ်သုံးစွဲနိုင်မယ်ဆိုရင် အစိုးရကို များစွာကူညီရာရောက်ပါမယ်။
ခြိုးခြံချွေတာတတ်မယ်ဆို ချွေတာနိုင်တဲ့နေရာတွေ များစွာရှိပါ တယ်။ ရှေးဦးစွာ လောလောဆယ်ရင်ဆိုင်နေရတဲ့ ကျန်းမာရေးပြဿနာ တွေကိုပဲကြည့်ပါ။ ရောဂါတော်တော်များများမှာ ကြိုတင်ကာကွယ် နိုင်တဲ့ရောဂါက အများစုဆိုပေမယ့် ဒီလိုရောဂါတွေကြောင့်ပဲ ကိုယ်နေထိုင်မကောင်းဖြစ်တဲ့အခါ ကျွန်တော်တို့အိတ်ကပ်ထဲကငွေကို ကိုယ့်ကျန်းမာရေးအတွက်စိုက်ထုတ်သုံးစွဲနေရခြင်းဟာ အားလုံး ကြုံတွေ့နေရတဲ့ ပြဿနာ တစ်ခုမဟုတ်ပါလား...။
ကျန်းမာရေးနဲ့အညီ နေထိုင်စားသောက်တတ်ပြီး မဖြစ်သင့်တဲ့ ရောဂါမဖြစ်အောင် ကာကွယ်နိုင်မှသာ သက်ရှည်ကျန်းမာပြီး ကျန်လိုအပ်တဲ့နေရာတွေမှာ ပိုနေတဲ့ငွေကို အကျိုးရှိရှိ သုံးစွဲသွားနိုင် မှာဖြစ်ပါတယ်။ အရေးကြီးတဲ့ စားရေးသောက်ရေးမှာ တန်ဖိုး နည်းနည်းနဲ့ ကျန်းမာရေးနဲ့ညီညွတ်ပြီး ကစီဓာတ် ၊ အသားဓာတ်၊ အရွက်၊ ဥအမျိုးမျိုး စသဖြင့် အာဟာရပြည့်တဲ့ အမယ်စုံကို ရွေးချယ် စားသောက်တတ်တဲ့ အလေ့အကျင့်ရှိဖို့ လိုပါတယ်။ ကိုယ်တိုင်စိုက်ပျိုး မွေးမြူနိုင်ရင်တော့ ကျန်းမာရေးနဲ့လည်းညီ ဘေးလည်းကင်းပြီး ဈေးဖိုးလည်း ကာမိနိုင်တာပေါ့။ ပစ္စည်းတစ်ခုခု ၀ယ်မယ်ဆိုရင်လည်း မဝယ်ခင်မှာ ဒီပစ္စည်းရဲ့ ရေရှည်အသုံးခံမှု အသုံးတည့်မှုနဲ့တကွ ငွေရဲ့တန်ဖိုးကိုနားလည်ပြီး စိစိစစ်စစ် သုံးစွဲတတ်တဲ့အကျင့်ရှိခြင်း သည်သာလျှင် ငွေကိုစနစ်တကျ စီမံခန့်ခွဲနိုင်ခြင်းဖြစ်ပါတယ်။ မလိုတဲ့ အသုံးကိုသေချာစိစစ်မှသာ ဖြုန်းတီးရာမရောက်ဘဲ အကြွေးသံသရာ က လွတ်နိုင်မှာဖြစ်ပါတယ်။
စစ်ပြီးခေတ် အင်္ဂလန်ပြည်သူများရဲ့
ခြိုးခြံချွေတာခဲ့ရမှုအတွေ့အကြုံ
ဒီနေရာမှာ ဒုတိယကမ္ဘာစစ်ပြီးခေတ် နေမဝင်အင်ပါယာချုပ်ငြိမ်း သွားပြီး စစ်ဒဏ်အလူးအလဲခံလိုက်ရတဲ့ အင်္ဂလန်နိုင်ငံနဲ့ ဆူနာမီဘေး ကြုံတွေ့ခဲ့ရတဲ့ ဂျပန်နိုင်ငံတို့ရဲ့ ပြန်လည်ရုန်းထခဲ့ကြတဲ့ သင်ခန်းစာ တွေကို နမူနာပေးချင်ပါတယ်။ ကျွန်းနိုင်ငံဖြစ်လို့ ကိုလိုနီနိုင်ငံတွေဆီက တင်သွင်းကုန်တွေပဲ အားထားရတဲ့ အင်္ဂလန်နိုင်ငံရဲ့ ပြည်သူတွေဟာ စစ်ကြီးဒဏ်ကို ပြင်းပြင်းထန်ထန် ခံစားလိုက်ကြရပေမယ့် သူတို့ ဘာကြောင့် ရုန်းထွက်နိုင်ကြပြီး ဘယ်လိုပြန်လည်ရှင်သန်လာခဲ့ကြပါသလဲ...။ အပြင်းအထန်ဗုံးကြဲခံရတဲ့ စစ်ဒဏ်ခံအင်္ဂလန်နိုင်ငံရဲ့ GDP ဟာ ထိုးကျပြီး အလုပ်လက်မဲ့အမြင့်ဆုံး၊ ကုန်သွယ်မှုအနိမ့်ဆုံးနဲ့ ပြည်သူတွေရဲ့ စီးပွားလူမှုဘဝဟာ တော်တော်ဆိုးဆိုးရွားရွား ချွတ်ခြုံ ကျခဲ့ကြရတယ်ဆိုတာ နေမ၀င်အင်ပါယာတစ်ခုရဲ့ ပြည်သူတွေ အတွက်တော့ အိပ်မက်တစ်ခုပါပဲ။
တိုင်းပြည်ရဲ့လုပ်သားအင်အားစုဖြစ်တဲ့ လူငယ်တွေဟာ စစ်ထဲပါ သွားလို့ ကုန်ထုတ်စွမ်းအားအရင်းအမြစ်များစွာ ပြတ်တောက်ကုန်တဲ့ အထိ ဖြစ်ခဲ့ရတယ်။ ဒီနေရာမှာ စစ်ပြီးခေတ်အင်္ဂလန်နိုင်ငံကို အုပ်ချုပ် ခွင့်ရခဲ့တဲ့ လေဘာပါတီရဲ့ ဦးဆောင်နိုင်စွမ်းဟာ အရေးပါခဲ့တယ်လို့ ဆိုရပါလိမ့်မယ်။ လေဘာပါတီအစိုးရဟာ တိုင်းပြည်ရဲ့အရေးပါတဲ့ သယ်ယူပို့ဆောင်ရေးနဲ့ စက်မှုလုပ်ငန်းကြီးတွေကို နိုင်ငံပိုင်သိမ်းခဲ့ပြီး အခမဲ့အမျိုးသားကျန်းမာရေးစနစ်ကို ထူထောင်ပေးခဲ့တယ်။ အစိုးရရဲ့ ထိုအစီအစဉ်တွေဟာ ထင်ရာရမ်းသန်းလုပ်တဲ့ အစီအစဉ်တွေအဖြစ် ဝေဖန်ခံခဲ့ရပြီး လူကြိုက်မများတဲ့ လုပ်ငန်းတွေအဖြစ်နဲ့တောင် စွပ်စွဲ ခံခဲ့ရပါသေးတယ်။
အစားအစာနဲ့ကုန်ပစ္စည်းတွေဟာ ရှားပါးလွန်းလို့ စစ်အတွင်း နဲ့စစ်ပြီးခေတ်တစ်လျှောက်လုံး အစားအစာ၊ အဝတ်အထည်နဲ့ လောင်စာဆီကို ရာရှင်(ခွဲတမ်း)စနစ်နဲ့သာ ဝေခြမ်းပေးခံရတဲ့အဖြစ်ဟာ နေမဝင်အင်ပါယာက ပြည်သူတွေအတွက်တော့ အတော် ခါးသီးကြ မှာပါပဲ။
ဒီရာရှင်စနစ်ဟာ ဘယ်အထိ တာသွားသလဲဆိုရင် အင်္ဂလန်ပြည်သူ တွေဟာ အစားအစာ၊ အဝတ်အထည်၊ လောင်စာတွေကို အကန့်အသတ် နဲ့သာ သုံးစွဲတတ်ကြပါတော့တယ်။ ယခင်ကချမ်းသာတဲ့ အင်္ဂလိပ်တွေ ဟာ မသေချာမရေရာတဲ့ ဘဝမှာ ခြိုးခြံချွေတာသုံးစွဲတတ်လာကြ တယ်။
မလိုအပ်ရင် မဝယ်တော့တဲ့အဆင့်ရောက်သွားတယ်၊ မာနရှိခဲ့ သူတွေဖြစ်ပေမယ့် ဒုက္ခဆင်းရဲခြင်းအောက်မှာ မရှိအတူ ရှိအတူ မျှဝေ ခံစား ဝေခြမ်းစားသောက်နေထိုင်တတ်လာကြတယ်။ အချင်းချင်း ကူညီရိုင်းပင်း ပူးပေါင်းဆောင်ရွက်တတ်လာကြတယ်။ စစ်ဒဏ်ခံ ပြည်သူတွေဟာ ဗုံးဒဏ်ခံ အမိုးအကာတွေဆောက်ရာမှာလည်း အချင်းချင်း ကူညီစောင့်ရှောက်ရိုင်းပင်းခဲ့ကြတယ်။
ရာရှင်စနစ်ကပေးလိုက်တဲ့ ပြောင်းလဲလာတဲ့ အင်္ဂလန်နိုင်ငံသား တွေရဲ့ ခံယူချက်တွေပါ။ ဒီခံယူချက်ကောင်းတွေကပဲ ပြာပုံထဲက အင်္ဂလန်နိုင်ငံကြီးကို ယနေ့မြင်ရတဲ့ ဖွံ့ဖြိုးတိုးတက်တဲ့ အခြေအနေ အထိ ပြန်ရောက်သွားစေတယ်။ ရာရှင်စနစ်ကနေ အလူးအလဲ ရုန်းကန်နေရတဲ့ပြည်သူတွေဟာ နောက်ဆုံးတော့ သူတို့ရဲ့ တက်ညီ လက်ညီ ကြိုးစားမှုကြောင့်ပဲ ၁၉၅၄ ခုနှစ်အရောက်မှာ ရာရှင်စနစ်ကို ကွန်ဆာဗေးတစ်အစိုးရက အပြီးတိုင် ပြန်လည်ရုပ်သိမ်းပေးလိုက် နိုင်တာဟာ အင်္ဂလန်ပြည်သူတွေရဲ့စစ်ပြီးခေတ် အောင်ပွဲတစ်ခုအဖြစ် သင်ခန်းစာယူနိုင်ပါလိမ့်မယ်။
ဂျပန်ပြည်သူတွေအတွက် ဆူနာမီကပေးခဲ့တဲ့ အရှုံးထဲကအမြတ်
နောက်ဥပမာတစ်ခုက ဂျပန်နိုင်ငံပြည်သူတွေ ခါးသီးစွာ ကြုံတွေ့ ခံစားခဲ့ရတဲ့ ၂၀၁၁ ခုနှစ် မတ်လမှာ ရုတ်တရက် ဖြစ်ပွားခဲ့တဲ့ ဆူနာမီ လှိုင်းနဲ့ မြေငလျင်ဒဏ်ပါပဲ။ ဂျပန်နိုင်ငံဟာ လူကြောင့်ဖြစ်ရတဲ့အဏုမြူ ဘေးဒဏ်အပြင် သဘာဝဘေးကြောင့်ဖြစ်ရတဲ့ ငလျင်ဒဏ်နဲ့ လေပြင်း မုန်တိုင်းဒဏ်တွေကို မကြာခဏဆိုသလို အလူးအလဲရင်ဆိုင်ရတဲ့ နိုင်ငံတစ်နိုင်ငံဖြစ်ပါတယ်။
ဆူနာမီဆိုတာ ကြိုတင်ခန့်မှန်းရ အလွန်ခက်တဲ့အတွက် ဂျပန် နိုင်ငံမှာဖြစ်ခဲ့တဲ့ ဘယ်ငလျင်နဲ့မှ နှိုင်းယှဉ်လို့မရပါဘူး။ ဆူနာမီကြောင့် ပြင်းထန်ဆိုးရွားတဲ့ လူသားဆိုင်ရာ ပဋိပက္ခကြီးဖြစ်ခဲ့ရပြီး စီးပွားရေး အပေါ် ထိခိုက်မှုကလည်း ကြီးမားလွန်းခဲ့တယ်။ အစားအစာ၊ သောက်သုံးရေနဲ့ အမိုးအကာ၊ လောင်စာနဲ့ဆေးဝါးတွေ ပြတ်လပ် ကုန်ပြီး ဒုက္ခသည် သုံးသိန်းခန့်နဲ့ လူပေါင်း ၁ သိန်း ၆ သောင်းလောက် သေဆုံးခဲ့ကြတယ်။
ဒါပေမယ့် ဂျပန်ပြည်သူတွေဟာ ဒုက္ခလှိုင်းတံပိုးတွေအောက်မှာ ဒူပေနာပေခံနိုင်တဲ့ သူတွေဖြစ်တဲ့အတွက် သူတို့ရဲ့ မှင်တက်မှုက ခဏတာပါပဲ။ အပြောင်းအလဲတွေနဲ့အတူ ပြန်လည်နိုးထရုန်းထွက်နိုင်ခဲ့တယ်လို့ဆိုရပါမယ်။ အထူးသဖြင့် လူထုအလွှာရဲ့ အောက်ခြေ လူတန်းစားအဆင့်နဲ့ လူငယ်မျိုးဆက်တွေဆီကနေ စတင်ပြောင်းလဲ ခြင်းပါပဲ။
ဘယ်လို ပြောင်းလဲမှုပါလဲ... သူတို့ကိုယ်တိုင်ရဲ့ မသေချာမရေရာတဲ့ အခြေအနေတစ်ရပ်အပေါ် အရှုံးမပေးဘဲရှင်သန်ရပ်တည်နိုင်ဖို့ အမြဲ ကြိုးစားပြင်ဆင်နေရမယ်ဆိုတဲ့ အသိနဲ့ အစိုးရနဲ့တကွ အကူအညီ လိုနေတဲ့မည်သူကိုမဆို အကူအညီပေးနိုင်ဖို့ ငါတို့မှာ တာဝန်ရှိလာ နေတယ်ဆိုတဲ့ ခံယူချက်ဖြစ်ပါတယ်။
သဘာဝဘေးဒဏ်ကြီးမဖြစ်ခင်က လူငယ်တွေဟာ မိမိကိုယ်မိမိ တိုးတက်ဖို့အတွက်သာ ပြင်းထန်တဲ့ပြိုင်ဆိုင်လိုစိတ်တွေ အမြဲရှိခဲ့ ပေမယ့် ဆူနာမီအပြီးမှာတော့ ကိုယ့်အတွက်ထက် တခြားသူအတွက်ကို ကူညီပေးနိုင်ဖို့ စဉ်းစားလာကြပါတယ်။ မိမိငွေကို ခြိုးခြံချွေတာ၊ လောင်စာနဲ့ စွမ်းအင်ကိုလည်း ခြိုးခြံပြီး ရောင့်ရဲနေထိုင်တတ်လာသလို အချိန်ကိုလည်း ကပ်စေးနည်းလာတတ်ကြတယ်။ ရတဲ့အချိန်လေးမှာ ဖိအားတွေလျှော့ပြီး ပျော်ပျော်နေတတ်လာကြတယ်။ ပိုက်ဆံကို ကိုယ့်အတွက်ချည်းပဲ မစဉ်းစားတော့ဘဲ ပရဟိတစိတ်နဲ့ အများ အတွက် အလှူဒါနအလုပ်တွေကို ဦးစားပေးတတ်လာကြတယ်။
ဆူနာမီကပေးတဲ့ သင်ခန်းစာနဲ့အတူ နောက်ပိုင်းမှာဖြစ်ခဲ့တဲ့ဘေးဒဏ်တွေမှာတော့ အရေးပေါ်တစ်ခုခုဖြစ်ရင် panic buying အလန့်တကြား ဈေးဝယ်ကြတာမျိုး မရှိကြတော့ဘဲ စည်းကမ်းရှိရှိနဲ့ အချင်းချင်း စာနာရိုင်းပင်းတတ်လာကြတာမျိုးလည်း တွေ့လာရပါ တယ်။ ဂျပန်လူမျိုးတွေဟာ အကြီးအကျယ်ဒုက္ခတွေ့ဖူးမှပဲ အချင်းချင်း စည်းစည်းလုံးလုံး ချစ်ချစ်ခင်ခင်ဖြစ်သွားကြတဲ့ ခံစားမှုနဲ့ တကွ ဘယ်အချိန်မှ ဘာမှမမြဲဘူးဆိုတဲ့ အသိတရားကပေးတဲ့ အမူ အကျင့် ပြောင်းလဲမှုမျိုးဟာ ဆူနာမီကရလိုက်တဲ့ အရှုံးထဲကအမြတ် တစ်ခုပါပဲ။
အထက်ပါ ဥပမာတွေအရ မမျှော်လင့်ထားတဲ့အခြေအနေတွေ၊ မရေရာမသေချာတဲ့ အနေအထားတွေကို ကျွန်တော်တို့ဟာ ကြိုတင် မျှော်တွေးထားရပါမယ်။ ကြုံလာမယ့် အခြေအနေကို ရင်ဆိုင်နိုင်ဖို့ ကြိုတင်ပြင်ဆင်ထားရမယ့်အရာဟာ အသုံးနဲ့အဖြုန်းကို စိစစ်ခြိုးခြံ ချွေတာတတ်ဖို့နဲ့ ရောင့်ရဲတင်းတိမ်နိုင်ဖို့ပါပဲ။ ယခုအချိန်မှာ ကျွန်တော် တို့အားလုံးအတွက် ဆင်းရဲတွင်းနက်ကြီးကို မကျရောက်စေဖို့ အဆိုးထဲကအကောင်းရှာပြီး မိမိကိုယ်မိမိ စောင့်ရှောက်ကာကွယ် ဖန်တီးယူနိုင်တဲ့ အခွင့်အလမ်းတွေနဲ့အတူ အင်အားတွေမွေးထား စေချင်ပါတယ်။ သို့မှသာ မိမိတို့တစ်ဦးချင်းအပေါ် ကျရောက်လာနိုင်တဲ့ ဖိအားမျိုးစုံကို ရင်ဆိုင်ကျော်လွှားနိုင်မှာဖြစ်ပြီး ကိုယ့်ရဲ့မိသားစု၊ မိမိ ရဲ့ပတ်ဝန်းကျင်နဲ့ လူ့အဖွဲ့အစည်းကိုလည်း များစွာကူညီ စောင့်ရှောက် ရာရောက်မှာဖြစ်ပါကြောင်း ရေးသားတင်ပြလိုက်ရပါတယ်။ ။
- Log in to post comments