အက်ဖ်အေဖလားဆီမီးဖိုင်နယ်တွင် မန်စီးတီးကို လီဗာပူးကနိုင်ပြီး ချယ်ဆီးက ပဲလေ့စ်ကို အနိုင်ယူ

 

အက်ဖ်အေဖလားဆီမီးဖိုင်နယ်ပွဲစဉ်မှ  မန်စီးတီးအသင်းနှင့် လီဗာပူးအသင်းတို့ပွဲစဉ်ကို  ဧပြီ ၁၆ ရက်  ညပိုင်းက   ဝင်ဘလေကွင်း၌  အကြိတ်အနယ်ယှဉ်ပြိုင်ကစားခဲ့ရာ လီဗာပူးအသင်းက သုံးဂိုး-နှစ်ဂိုးဖြင့် အနိုင်ရရှိပြီး  အက်ဖ်အေဖလားပြိုင်ပွဲဗိုလ်လုပွဲသို့ တက်လှမ်းနိုင်ခဲ့သည်။ 

 


အဆိုပါပွဲစဉ်၌    ဦးဆောင်ဂိုးကို    လီဗာပူးအသင်းက   ပွဲချိန်ကိုးမိနစ်တွင်    စတင်ရရှိ ခဲ့ပြီး ကိုနာတေးက   သွင်းယူပေးခဲ့သည်။   ဦဆောင်ဂိုး  ခွင့်ပြုပေးလိုက်ရသော်လည်း မန်စီးတီးအသင်း၏ ကစားအားတက်လာခြင်းမရှိဘဲ လီဗာပူးအသင်း၏ ဖိအားပေး မှုကိုသာ ခံခဲ့ရသည်။ လီဗာပူးအသင်းအတွက်  ဒုတိယဂိုးနှင့်  တတိယဂိုးကို  ပွဲချိန် ၁၇ မိနစ်နှင့် ၄၅ မိနစ်တွင် မာနေးက သွင်းယူပေးခဲ့သည်။ 

 


ဒုတိယပိုင်းတွင်  မန်စီးတီးအသင်း  ကစားအားတက်လာပြီး ချေပဂိုးများ ရရှိခဲ့သည်။ ပွဲချိန် ၄၇ မိနစ်တွင်  ဂျီးဆပ်၏   ဖန်တီးမှုမှ   ဂရီးလစ်ချ်က  ဂိုးသွင်းယူနိုင်ခဲ့သဖြင့် မန်စီးတီးအသင်း   ချေပဂိုးရရှိခဲ့သည်။  မန်စီးတီးအသင်းအတွက်  ဒုတိယချေပဂိုးကို ပွဲချိန်ပြည့်ခါနီးတွင် ဆေးလ်ဗားက သွင်းယူပေးခဲ့သည်။ ထို့နောက်  တစ်ဖက်နှင့်တစ်ဖက် ထပ်မံဂိုးသွင်းယူနိုင်ခြင်း   မရှိသောကြောင့်    လီဗာပူးအသင်းက    သုံးဂိုး - နှစ်ဂိုးဖြင့် အနိုင်ရရှိကာ ဗိုလ်လုပွဲသို့ တက်လှမ်းနိုင်ခဲ့ခြင်း ဖြစ်သည်။ 

 


အဆိုပါပွဲစဉ်တွင် နှစ်သင်းကြား ဂိုးကန်သွင်းမှုအပိုင်း၊ ဂိုးပေါက်တည့်မတ်မှုအပိုင်းတွင် သိသိသာသာ ကွာခြားခြင်းမရှိသော်လည်း အဆုံးသတ်သေချာသည့် လီဗာပူးအသင်းက အနိုင်ရရှိကာ နောက်တစ်ဆင့် တက်လှမ်းနိုင်ခြင်း ဖြစ်သည်။

 

 
ချယ်ဆီးနှင့် ပဲလေ့စ်တို့၏ ဆီမီးဖိုင်နယ် ဒုတိယ ပွဲစဉ်ကို ဧပြီ ၁၇ ရက်က ယှဉ်ပြိုင် ကစားရာ ချယ်ဆီးက နှစ်ဂိုး-ဂိုးမရှိဖြင့် အနိုင်ရရှိခဲ့သည်။ အက်ဖ်အေဖလားဗိုလ်လုပွဲကို မေ ၁၄ ရက်တွင် ယှဉ်ပြိုင်မည်ဖြစ်ရာ လီဗာပူးနှင့် ချယ်ဆီးတို့ ယှဉ်ပြိုင်ကစားကြမည် ဖြစ်သည်။                                                                                          

 

အောင်ဇော်