
အက်ဖ်အေဖလား ပဉ္စမအဆင့် ပွဲစဉ်မှ ပွဲစဉ်သုံးပွဲကို မတ် ၃ ရက် နံနက်ပိုင်းက ယှဉ်ပြိုင်ကစားခဲ့ရာ လူတန်နှင့် ချယ်ဆီးအသင်းတို့ ပွဲစဉ်တွင် ချယ်ဆီးအသင်းက သုံးဂိုး-နှစ်ဂိုး၊ ဆောက်သမ်တန်နှင့် ဝက်စ်ဟမ်းအသင်းတို့ ပွဲစဉ်တွင် ဆောက်သမ်တန် အသင်းက သုံးဂိုး-တစ်ဂိုး၊ လီဗာပူးနှင့် နော့ဝှစ်ချ်အသင်းတို့ ပွဲစဉ်တွင် လီဗာပူးအသင်းက နှစ်ဂိုး- တစ်ဂိုး ဖြင့် အနိုင်ရရှိပြီး နောက်တစ်ဆင့် တက်ရောက်နိုင်ခဲ့သည်။
ချန်ပီယံရှစ်ကလပ် လူတန် အသင်းသည် ချယ်ဆီးအသင်း ဘက်သို့ ဦးဆောင်ဂိုးများ သွင်းယူ နိုင်ခဲ့သော်လည်း ခြေစွမ်းကွာဟမှု ကြောင့် သုံးဂိုး-နှစ်ဂိုးဖြင့် ရှုံးနိမ့် ခဲ့သည်။ လူတန်အသင်းအတွက် သွင်းဂိုးများကို ပွဲချိန် နှစ်မိနစ်တွင် ဘာကီနှင့် ဒုတိယဂိုးကို မိနစ် ၄၀ တွင် ကော်နစ်က သွင်းယူပေးခဲ့ သည်။ ချယ်ဆီးအသင်းအတွက် သွင်းဂိုးများကို နီဂွက်ဇ်၊ ဝါနာနှင့် လူကာကူတို့က ပွဲချိန် ၂၇ မိနစ်၊ ၆၈ မိနစ်နှင့် ၇၈ မိနစ်တို့တွင် သွင်းယူပေးခဲ့သည်။
ဆောက်သမ်တန်နှင့် ဝက်စ် ဟမ်းအသင်းတို့ ပွဲစဉ်တွင် နှစ်သင်းကြား ခြေစွမ်းကွာဟမှု မရှိဘဲ အပြန်အလှန် ထိုးဖောက်တိုက်စစ်ဆင်မှုများဖြင့် အကြိတ် အနယ်ရှိခဲ့သည်။ ဆောက်သမ်တန် အသင်းအတွက် သွင်းဂိုးများကို ပါရောက်က ပွဲချိန် ၃၁ မိနစ်တွင် အဖွင့်ဂိုး သွင်းယူပေးပြီး ဝက်ပ ရောက်စ်က ပွဲချိန် ၆၉ မိနစ်တွင် ပယ်နယ်တီမှတစ်ဆင့် ဒုတိယဂိုး သွင်းယူပေးခဲ့သည်။ ဆောက်သမ် တန်အသင်းအတွက် အနိုင်သေချာ စေမည့် တတိယဂိုးကို ပွဲချိန်ပြည့် ခါနီးတွင် ဘရိုဂျာက သွင်းယူပေး ပြီး ဝက်စ်ဟမ်းအသင်းအတွက် ချေပဂိုးကို ပွဲချိန် မိနစ် ၆၀ တွင် အန်တိုနီယိုက သွင်းယူပေးခဲ့သည်။
လီဗာပူးနှင့် နော့ဝှစ်ချစ် အသင်းတို့ပွဲစဉ်တွင် လီဗာပူး အသင်းကသာ ပွဲချိန်တစ်လျှောက် ဖိအားပေး ကစားနိုင်ခဲ့သည်။ လီဗာပူးအသင်းအတွက် သွင်းဂိုး များကို မီနာမီနိုက ပွဲချိန် ၂၇ မိနစ် နှင့် ၃၉ မိနစ်တို့တွင် သွင်းယူပေးခဲ့ သည်။ နော့ဝှစ်ချ်အသင်းအတွက် ချေပဂိုးကို ပွဲချိန် ၇၆ မိနစ်တွင် ရုပ်က သွင်းယူပေးခဲ့သည်။
အောင်ဇော်