အက်ဖ်အေဖလားပဉ္စမအဆင့်၌ မန်စီးတီး၊ ပဲလေ့စ်တို့ နောက်တစ်ဆင့်တက်ပြီး စပါးအသင်းပြိုင်ပွဲမှ ထွက်ခဲ့ရ

 

အက်ဖ်အေဖလား  ပဉ္စမအဆင့်ပွဲစဉ်မှ  ပွဲစဉ်သုံးပွဲကို မတ် ၂ ရက်   နံနက်ပိုင်းက  ယှဉ်ပြိုင်ကစားခဲ့ရာ ပီတာဘရော့နှင့်  မန်စီးတီးအသင်းတို့    ပွဲစဉ်တွင် မန်စီးတီးအသင်းက နှစ်ဂိုး-ဂိုးမရှိ၊ ပဲလေ့စ်နှင့် စတုတ်အသင်း တို့ပွဲစဉ်တွင် ပဲလေ့စ်က နှစ်ဂိုး-တစ်ဂိုး၊ မစ်ဒယ်ဘရော့နှင့် စပါးအသင်းတို့ ပွဲစဉ်တွင် မစ်ဒယ်ဘရော့အသင်းက တစ်ဂိုး-ဂိုးမရှိဖြင့် အနိုင်ရရှိကာ နောက်တစ်ဆင့် တက်ရောက်နိုင်ခဲ့သည်။  

 


ချန်ပီယံရှစ်တွင် ကစားပြီး တန်းဆင်းဇုန်အတွင်း ကျရောက်နေသည့်     ပီတာဘရော့အသင်းကို ပရီမီယာလိဂ်အမှတ်‌ပေးဇယား ဦးဆောင်နေ သည့် မန်စီးတီးအသင်းက မိနစ်  ၆၀ နှင့် ၆၇ မိနစ်တို့တွင် မာရက်ဇ်နှင့် ဂရီးလစ်ချ်တို့၏  သွင်းဂိုးများဖြင့် ဂိုးပြတ်အနိုင်ရရှိခဲ့သည်။ 

 


ပဲလေ့စ်နှင့် စတုတ်အသင်းတို့ပွဲစဉ်တွင်  ပဲလေ့စ်အသင်းအတွက် သွင်းဂိုးများကို ပွဲချိန် ၅၃  မိနစ်နှင့်  ၈၂ မိနစ်တွင် ကူယာတေးနှင့် ရီဒီဝေးလ်တို့က သွင်းယူပေးပြီး စတုတ်အသင်းအတွက် ချေပဂိုးကို ပွဲချိန် ၅၈ မိနစ်တွင် တိုင်မွန်က သွင်းယူပေးခဲ့သည်။ ယခုပွဲစဉ်တွင် ပဲလေ့စ်အသင်းက အနိုင်ရရှိခဲ့ခြင်းဖြစ်သည်။ 

 

မစ်ဒယ်ဘရော့နှင့်  စပါးအသင်းတို့ပွဲစဉ်တွင်   သာမန်ပွဲကစားချိန် အတွင်း ဂိုးမရှိသရေကျနေ၍ အချိန်ပို မိနစ် ၃၀ ဆက်လက်ယှဉ်ပြိုင် ကစားခဲ့ရသည်။ အချိန်ပို ၁၀၇ မိနစ်တွင် မစ်ဒယ်ဘရော့အသင်းမှ လူစားဝင်ကစားသမား ကိုဘန်း၏ တစ်လုံးတည်းသောသွင်းဂိုးများ ဖြင့် စပါးအသင်းကို အနိုင်ရရှိကာ အက်ဖ်အေဖလား ကွာတားဖိုင်နယ် သို့   တက်လှမ်းနိုင်ခဲ့သည်။                                        

အောင်ဇော်