နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးတွင် လူသားအရင်းအမြစ်က အဓိကအကျ ဆုံးဖြစ်သည်။ သယံဇာတမည်မည်ရရမရှိသော်လည်း အဖိုးတန် လူသားအရင်းအမြစ် ပြုစုပျိုးထောင်ကာ နိုင်ငံကို ထိပ်တန်းသို့ ရောက်အောင် မြှင့်တင်နိုင်ခဲ့သည့် နိုင်ငံများ များစွာရှိသည်။ အဖိုး တန် လူသားအရင်းအမြစ်ဟူသည် အရေအတွက် သက်သက်မျှသာ မဟုတ်သော ပညာတတ်လူသားအရင်းအမြစ်၊ ကျွမ်းကျင်လူသား အရင်းအမြစ်ဖြစ်ပြီး နိုင်ငံတည်ဆောက်ရေးတွင် ကဏ္ဍအလိုက် တတ်သိကျွမ်းကျင်သူများအဖြစ် ဆောင်ရွက်နိုင်စွမ်းရှိသူများပင် ဖြစ်သည်။ သို့ရာတွင် အဖိုးတန်၊ တန်ဖိုးမြင့် လူသားအရင်းအမြစ် ဟူသည် အလိုလျောက် ဖြစ်ထွန်းလာခြင်းမဟုတ်ဘဲ နိုင်ငံ၏ လိုအပ်ချက်နှင့်ကိုက်ညီအောင် စနစ်တကျပြုစုပျိုးထောင်မှု ပြုလုပ်ပြီးမှသာ ပေါ်ထွက်လာခြင်းဖြစ်သည်။
မိမိတို့နိုင်ငံ၏ ပညာရေးအခြေအနေအားနည်းနေခြင်းနှင့် စပ်လျဉ်း၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ်က အကြိမ်ကြိမ်ထုတ်ဖော်ပြောကြားလျက်ရှိသည်။ ၂၀၁၉ ခုနှစ် ကြားဖြတ်သန်းခေါင်စာရင်းအရ မိမိတို့နိုင်ငံတွင် အသက် ၅ နှစ်အထက် ကျောင်းမနေဖူးသူ ဦးရေ ၈ ဒသမ ၁ ရာခိုင်နှုန်းရှိပြီး အသက် ၂၅ နှစ်နှင့်အထက် လူဦးရေ ၁၂ ဒသမ ၈ သန်းမှာ မူလတန်းအောက် ပညာအရည်အချင်းတွင်သာရှိနေ သည်။ သူငယ်တန်းမှ စတင်ကျောင်းဝင်သူ ၁၀၀ လျှင် စတုတ္ထ တန်းသို့ ရောက်သောအခါ ၆၀ သာ ကျန်ရှိတော့ပြီး အလယ်တန်း ပြီးမြောက်အောင် ဆက်လက်သင်ယူသူမှာ ၅၀ ခန့်သာ ကျန်ရှိ တော့သည်ဟု ကိန်းဂဏန်းများက ပြဆိုနေရာ ကျောင်းသုံးစာအုပ်၊ စာရေးကိရိယာ၊ ကျောင်းဝတ်စုံတို့မှအစ အခမဲ့ပညာရေးစနစ် ဖြစ်သည့်အတွက် ကျောင်းနေအရွယ်ကလေးများ ပညာသင်ကြား မှု စဉ်ဆက်မပြတ်ရေး အလေးထားကာ ဘက်ပေါင်းစုံမှ ဝိုင်းဝန်း ဆောင်ရွက်သွားရန် လိုအပ်လျက်ရှိသည်။
“ပညာတတ်များ ပေါကြွယ်ဝလာစေရေး၌ ကျန်းမာကြံ့ခိုင်မှု သည်လည်း အရေးကြီးသဖြင့် ပညာရည်မြှင့်တင်ရေးနှင့် တစ်မျိုး သားလုံး ကျန်းမာကြံ့ခိုင်ရေးကို ဟန်ချက်ညီမြှင့်တင်ရမည်ဖြစ် ကြောင်း၊ တိုင်းပြည်အတွက် အခြေခံကျသည့် တစ်မျိုးသားလုံး ပညာရည်မြှင့်တင်ရေးလုပ်ငန်းကို နိုင်ငံတော်၏ အနာဂတ် အတွက် အချိန်ယူဆောင်ရွက်ရမည်ဖြစ်ပြီး အနည်းဆုံး ၅ နှစ်မှ ၁၀ နှစ်အထိ အရှိန်အဟုန်ပြင်းပြင်းဖြင့် ဆောင်ရွက်ရမည်ဖြစ် ကြောင်း” နိုင်ငံတော်အကြီးအကဲက ပြောကြားခဲ့ရာ လူငယ် လူရွယ်များ ကျန်းမာကြံ့ခိုင်ရေးနှင့် ပညာရည်မြှင့်တင်ရေးတို့ကို နိုင်ငံ့အနာဂတ် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးရေးဟူသော ဦးတည်ချက်ဖြင့် အထိရောက်ဆုံး ဆောင်ရွက်သွားကြရမည် ဖြစ်သည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီး ချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ လမ်းညွှန်ချက်အရ ၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးချွန်စွာ အောင်မြင်ခဲ့ကြသော မြန်မာတစ်နိုင်ငံလုံးတွင် ဘာသာတွဲအလိုက် အမှတ်အများဆုံး အဆင့် ၁ မှ ၁၀ အတွင်း ရရှိခဲ့ကြသူ ကျောင်းသား ကျောင်းသူ ၃၃ ဦးတို့ကို ဇူလိုင် ၄ ရက်မှ ၈ ရက်အထိ၊ စစ်မှုထမ်းဆောင်ဆဲ/ စစ်မှုထမ်းဟောင်း မိသားစုဝင် သားသမီးများမှ ထူးချွန်စွာ အောင်မြင်ခဲ့ကြသည့် ကျောင်းသား ကျောင်းသူ ၃၀ နှင့် အမှတ် အများဆုံးရရှိသော စစ်သည် ၃ ဦးတို့ကို ဇူလိုင် ၁၅ ရက်မှ ၁၉ ရက်အထိ ထိုင်းနိုင်ငံနှင့် စင်ကာပူနိုင်ငံတို့သို့ ဂုဏ်ပြုချီးမြှင့် ပို့ဆောင်ပေးခဲ့သည်။ အဆိုပါခရီးစဉ်များက ထူးချွန်လူငယ်များ အတွက် နိုင်ငံတကာဗဟုသုတ အသိအမြင်တို့ကို မျက်မြင်ကိုယ် တွေ့ ရရှိစေသကဲ့သို့ မိမိနိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေးအတွက် တာဝန်ယူထမ်းဆောင်လိုစိတ်တို့ကို ဖြစ်ထွန်းပေါ်ပေါက်စေမည် ဖြစ်ရာ တန်ဖိုးမြင့်လူ့စွမ်းအားအရင်းအမြစ်များ ပြုစုပြုထောင် ရေးတွင် ထိရောက်စွာ အထောက်အကူပြုနိုင်မည်ဖြစ် ပါကြောင်း။ ။