
အမြဲတမ်းအတွင်းဝန် ဦးစိုးဟန် (၁၇) ကြိမ်မြောက် အာဆီယံ-ကနေဒါဆွေးနွေးပွဲတွင် ပူးတွဲသဘာပတိအဖြစ် ဆောင်ရွက်
==================================================
နေပြည်တော် ဩဂုတ် ၁၁
နိုင်ငံခြားရေးဝန်ကြီးဌာန အမြဲတမ်း အတွင်းဝန် ဦးစိုးဟန်သည် ယနေ့ နံနက် ၇ နာရီခွဲတွင် Video Conferencing စနစ်ဖြင့် ကျင်းပသည့် (၁၇) ကြိမ်မြောက် အာဆီယံ-ကနေဒါ ဆွေးနွေးပွဲသို့ နေပြည်တော် ရှိ နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပါဝင် တက်ရောက်သည်။
ထိုသို့ တက်ရောက်ရာတွင် မြန်မာ နိုင်ငံသည် အာဆီယံ-ကနေဒါ ဆွေးနွေးဖက်ဆက်ဆံရေး ညှိနှိုင်း ရေးမှူး နိုင်ငံဖြစ်သည့်အတွက် ဆွေးနွေးပွဲတွင် နိုင်ငံခြားရေးဝန်ကြီး ဌာန အမြဲတမ်းအတွင်းဝန် ဦးစိုးဟန် နှင့် ကနေဒါနိုင်ငံခြားရေးဝန်ကြီးဌာန၊ အာရှ-ပစိဖိတ်ဆိုင်ရာ လက်ထောက် ဒုတိယနိုင်ငံခြားရေးဝန်ကြီး Mr. Paul Thoppil တို့က ပူးတွဲသဘာပတိ များအဖြစ် ဆောင်ရွက်ကြသည်။
အစည်းအဝေးသို့ အာဆီယံအဖွဲ့ဝင် နိုင်ငံများနှင့် ကနေဒါနိုင်ငံတို့မှ အဆင့်မြင့် အရာရှိကြီးများနှင့် အာဆီယံနိုင်ငံရေးနှင့် လုံခြုံရေး အသိုက်အဝန်းဆိုင်ရာ ဒုတိယ အတွင်းရေးမှူးချုပ်တို့ ပါဝင်တက် ရောက်ကြသည်။
ဆွေးနွေး
ဆွေးနွေးပွဲတွင် အဆင့်မြင့် အရာရှိကြီးများက အာဆီယံနှင့် ကနေဒါနိုင်ငံတို့၏ ဖြစ်ပေါ်တိုးတက် မှုများနှင့် ကိုဗစ်-၁၉ ကူးစက်ရောဂါ ကာကွယ်ထိန်းချုပ်ရေးဆိုင်ရာ တုံ့ပြန် ဆောင်ရွက်ချက်များ၊ အာဆီယံ-ကနေဒါ ဆွေးနွေးဖက်ဆက်ဆံရေးကို ပိုမိုတိုးတက်ခိုင်မာစေရေးအတွက် ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်နိုင်မည့် နယ်ပယ်များ၊ ဒေသတွင်းနှင့် နိုင်ငံတကာ၏ ဖြစ်ပေါ်တိုးတက် ပြောင်းလဲမှု အခြေအနေများကို အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြ သည်။
အာဆီယံ-ကနေဒါ ပူးပေါင်း ဆောင်ရွက်မှုအခြေအနေ ပြန်လည် သုံးသပ်ခြင်းနှင့် အနာဂတ်ဦးတည် ချက် ဘာသာရပ်ခေါင်းစဉ်အောက် တွင် အမြဲတမ်းအတွင်းဝန် ဦးစိုးဟန် က အာဆီယံပေါင်းစည်းရေး ဦးဆောင် ဦးရွက်ပြုမှု လုပ်ငန်းအစီအစဉ် - ၃ (၂၀၁၆-၂၀၂၀ ) အကောင်အထည်ဖော် မှုအခြေအနေများနှင့် အာဆီယံ ပေါင်းစည်းရေး ဦးဆောင်ဦးရွက်ပြုမှု လုပ်ငန်းအစီအစဉ် - ၄ (၂၀၂၀-၂၀၂၅) ရေးဆွဲ အကောင်အထည်ဖော်ရာတွင် အာဆီယံနှင့် ကနေဒါနိုင်ငံတို့အကြား ဆက်လက်ပူးပေါင်းဆောင်ရွက်နိုင် မည့် နယ်ပယ်များကို ဦးဆောင် ဆွေးနွေးခဲ့သည်။
အဆိုပါဆွေးနွေးပွဲသို့ အာဆီယံ ရေးရာဦးစီးဌာနမှ အဆင့်မြင့် အရာရှိကြီးများ ပါဝင်တက်ရောက် ခဲ့ကြသည်။
သတင်းစဉ်