
လင်းဟန်သစ်
အမေရိကန်မှာ လူဦးရေရဲ့ ၆၀ ရာခိုင်နှုန်းခန့် ကိုဗစ်-၁၉ ကာကွယ်ဆေးအပြည့်အဝထိုးနှံပြီးသူ သန်း ၂၀၀ ကျော်ရှိတာတောင် နေ့စဉ် ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားသူ၊ သေဆုံးသူနဲ့ ဆေးရုံတက်ရောက်ကုသသူ အရေအတွက်ဟာ တဖြည်းဖြည်းနဲ့ မြင့်တက်လာပါတယ်။ လွန်ခဲ့တဲ့သီတင်းပတ်က ပုံမှန်အားဖြင့် တစ်နေ့ကို ကိုဗစ်-၁၉ ကာကွယ်ဆေးတစ်ခါထိုးပမာဏ ၁ ဒသမ ၉၂ သန်း ထိုးပေးခဲ့ပါတယ်။ ဒါဟာပြီးခဲ့တဲ့ သီတင်းပတ်ကထက် ကာကွယ်ဆေးထိုးသူပမာဏ ၃၅ ရာခိုင်နှုန်း တိုးမြှင့်ထိုးပေးခဲ့တာဖြစ်ပါတယ်။
တိုးတက်အောင်မြင်မှုရရှိ
အမေရိကန်ပြည်ထောင်စုရဲ့ နေ့စဉ် ကိုဗစ်-၁၉ သေဆုံးနှုန်း၊ ကူးစက်ဖြစ်ပွားနှုန်း၊ ဆေးရုံ တက်ရောက်ကုသနှုန်းဟာ ၁၀ ရာခိုင်နှုန်းအထိ မြင့်တက်လာပြီးနောက် ကာကွယ်ဆေးထိုးတဲ့ နေရာမှာ အခုလို တိုးတက်အောင်မြင်မှုရရှိလာတာ ဖြစ်ပါတယ်။
အားလပ်ရက်ကိုပါ ခြိမ်းခြောက်နေ
အမေရိကန်ပြည်ထောင်စုမှာ အားလပ်ရက် ရာသီရောက်ရှိလာချိန်နဲ့ တိုက်ဆိုင်စွာပဲ ဗီဇပြောင်း အိုမီခရွန်ဗိုင်းရပ်စ်သစ် ကူးစက်ဖြစ်ပွားမှုအန္တရာယ် ကလည်း အရိပ်လို ခြိမ်းခြောက်လျက်ရှိပါတယ်။ အမေရိကန် ပြည်ထောင်စုမှာ အခုချိန်အထိ အိုမီ ခရွန် ဗိုင်းရပ်စ်သစ်ကူးစက်ဖြစ်ပွားတဲ့ ပြည်နယ် ၂၁ ခုထိ ရှိလာပြီဖြစ်တယ်လို့ ဝါရှင်တန်ပို့စ်က မကြာ သေးမီက ဖော်ပြလိုက်ပါတယ်။
ထို့အတူ နယူးယောက်တိုင်းမ်ကလည်း အမေ ရိကန်ပြည်ထောင်စုဟာ တစ်နေ့ကို ပျမ်းမျှ ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားသူ ၁၂၁၃၀၀ ရှိတယ်လို့ ဖော်ပြ ထားပါတယ်။ ဒါဟာ လွန်ခဲ့တဲ့ သီတင်းပတ်နှစ်ပတ် ကထက် ၂၇ ရာခိုင်နှုန်း တိုးလာတာဖြစ်ပါတယ်။ အလားတူ သေဆုံးသူကလည်း ၁၂ ရာခိုင်နှုန်း မြင့်တက်လာပါတယ်။ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ဆေးရုံတက်ရောက်ရတဲ့ ကိုဗစ်-၁၉ လူနာအရေ အတွက်ဟာ ၅၅၀၀၀ ကျော်လာပါတယ်။ စက်တင် ဘာလက ဆေးရုံတက်ရောက်တဲ့အရေအတွက် ပိုနည်းသော်လည်း လွန်ခဲ့တဲ့ သီတင်းပတ်နှစ်ပတ် ထက် ၁၅ ရာခိုင်နှုန်း တိုးလာခဲ့ပါတယ်။
ဒိုမီနိုသက်ရောက်မှုကို ဖန်တီးနေသူတွေ
အမေရိကန် ကျန်းမာရေးလုပ်သားတွေက အကြောင်းအမျိုးမျိုးကြောင့် ဆေးဝန်ထမ်းပြတ်လပ် မှုတွေ ရှိလာတဲ့အတွက် အခြေအနေတွေဟာ ဆိုးသထက် ဆိုးလာတယ်လို့ ပြောပါတယ်။
ကိုဗစ်-၁၉ အပြည့်အဝ ကာကွယ်ဆေးထိုးနှုန်း မြင့်မားတဲ့ ပြည်နယ်တွေတောင်မှ ဥပမာ Maine မှာဆိုရင် လူဦးရေရဲ့ ၇၃ ရာခိုင်နှုန်းလောက် ကိုဗစ်-၁၉ ကာကွယ်ဆေးအပြည့်အဝ ထိုးနှံပြီးတာတောင် ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားနှုန်းဟာ မကြာသေးမီက မြင့်တက်လာပါသေးတယ်။
တစ်ချိန်တည်းမှာပဲ ဆရာဝန်တွေနဲ့ ကျွမ်းကျင် သူတွေက ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးဖို့ ငြင်းဆန် နေသူတွေဟာ နိုင်ငံအတွက် သေဆုံးမှုများစေနိုင်တဲ့ ဒိုမီနိုသက်ရောက်မှုကို ဖန်တီးနေသူတွေလို့ သတိပေး ပြောကြားထားပါသေးတယ်။
သူတို့တွေ နာမကျန်းတွေဖြစ်လာမယ်။ သူတို့ ချစ်ခင်သူတွေကို ဗိုင်းရပ်စ်တွေလက်ဆင့်ကမ်းပေးမယ်။ အလားတူ လူမှုအသိုင်းအဝိုင်းကိုလည်း ရောဂါတွေ ဝေမျှပေးမယ်။ ဆေးရုံမှာ လူနာခုတင် တွေတိုးလာမယ်။ ဆေးဘက်ဆိုင်ရာ အရင်းအမြစ် တွေကို ရှားပါးစေလိမ့်မယ်လို့ မီချီဂန်ဆေးပညာ ဆိုင်ရာ အမှုဆောင်အရာရှိချုပ်နဲ့ မီချီဂန်ဆေးဘက် ဆိုင်ရာကျောင်းရဲ့ နာယကတစ်ဦးဖြစ်သူ Marschall Runge ရဲ့ပြောကြားချက်ကို ယူအက်စ်အေတူဒေးက ကိုးကားဖော်ပြခဲ့ပါတယ်။
စည်းရုံးပြောကြားရဦးမယ်
အမေရိကန်မိဘ ၁၀ ဦးမှာ သုံးဦးလောက်ဟာ သူတို့ရဲ့ အသက် ၅ နှစ်က ၁၁ နှစ်ထိ ကလေးတွေကို ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးထားပေးကြောင်း သို့မဟုတ်ပါကလည်း ကာကွယ်ဆေးထိုးပေးဖို့ စီစဉ်ထားကြောင်း ကေဆာမိသားစုဖောင်ဒေးရှင်းရဲ့ မိဘတွေအမြင်နဲ့ပတ်သက်တဲ့ စစ်တမ်းတစ်ခုမှာ ဖော်ပြထားပါတယ်။
၃၂ ရာခိုင်နှုန်းလောက်ရှိတဲ့ မိဘတွေကတော့ သူတို့က ဘာတွေဖြစ်လာဦးမလဲဆိုတာကို စောင့်ကြည့်ဦးမယ်လို့ ဖော်ပြထားပါတယ်။ ခုနစ် ရာခိုင်နှုန်းက လိုအပ်ရင် သူတို့လည်းထိုးမယ်လို့ ပြောကြားလိုက်ပြီး ၂၉ ရာခိုင်နှုန်းလောက်ကတော့ လုံးဝမထိုးဘူးလို့ ဆိုထားပါတယ်။
အသက် ၅ နှစ်က ၁၁ နှစ်အထိ အမေရိကန် ကလေးငယ် ၂၈ ဒသမ ၄ သန်းလောက်မှာ ငါးသန်း သို့မဟုတ် ၁၈ ရာခိုင်နှုန်းဟာ သီတင်းပတ်ငါးပတ် အတွင်းမှာ အနည်းဆုံး ကိုဗစ်-၁၉ ကာကွယ်ဆေး တစ်ကြိမ် ထိုးနှံပြီးပြီဖြစ်တယ်လို့ အစိုးရရဲ့ အချက် အလက်တွေအရ သိရပါတယ်။ ပြည်နယ်အလိုက် အနည်းငယ်ကွာခြားမှုတော့ရှိပါတယ်။
အသက် ၅ နှစ်က ၁၁ နှစ်အထိ ကလေးငယ်တွေ ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးတဲ့ အရေအတွက်ဟာ နည်းနေသေးတဲ့အတွက် ကျန်းမာရေးအာဏာပိုင် တွေအနေနဲ့ မိဘတွေကို ကလေးငယ်တွေ ကိုဗစ်-၁၉ ကာကွယ်ဆေးတွေလာထိုးဖို့ စည်းရုံးပြောကြား ရဦးမှာဖြစ်တယ်လို့ သည်ဝေါစထရိစ်ဂျာနယ်မှာ ဖော်ပြထားပါတယ်။
ကိုယ်ခံအားနည်းသူတွေအတွက် ဆေးတစ်မျိုးထုတ်လုပ်
ဒီဇင်ဘာ ၈ ရက်က အမေရိကန်အစားအသောက် နဲ့ ဆေးဝါးစီမံခန့်ခွဲမှုအာဏာပိုင်အဖွဲ့ (အက်ဖ်ဒီအေ)က ကာကွယ်ဆေးနဲ့ ထိထိရောက်ရောက် မကာ ကွယ်နိုင်တဲ့ ကိုယ်ခံအားနည်းတဲ့သူတွေအတွက် ကိုဗစ်-၁၉ ကပ်ရောဂါကို ကာကွယ်တားဆီးဖို့ ပထမဆုံးဆေးဝါးတစ်မျိုးကို ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုနိုင်ဖို့ ခွင့်ပြုပေးခဲ့ပါတယ်။
အဲဒီဆေးကို အက်စ်ထရာဇနီကာက တီထွင် ထုတ်လုပ်ခဲ့ပြီး Evusheld ဆိုတဲ့နာမည်နဲ့ ဈေးကွက်မှာ ရောင်းချသွားမှာဖြစ်ပါတယ်။
ဒီဆေးဟာ ကာလကြာရှည်အောင် ကာကွယ် နိုင်စွမ်း ရှိမှာဖြစ်ပါတယ်။ နှစ်ဝက်လောက်ထိ ကာကွယ်ပေးနိုင်မှာဖြစ်ပါတယ်။
စတုတ္ထအကြိမ် ကိုဗစ်-၁၉
ကာကွယ်ဆေးထိုးဖို့ လိုကောင်းလို
ဖိုက်ဇာအမှုဆောင်အရာရှိချုပ် အဲလ်ဘတ် ဘိုလာက ဘီရွန်တက်နဲ့အတူ ထုတ်လုပ်လိုက်တဲ့ ကိုဗစ်-၁၉ ကာကွယ်ဆေးကနေ ထုတ်လုပ်လိုက်တဲ့ ပဋိပစ္စည်းတွေကို အိုမီခရွန်ဗိုင်းရပ်စ်သစ်က ခုခံနိုင် စွမ်းရှိတယ်လို့ ကနေဦး သုတေသနအချက်အလက် တွေက ဖော်ပြလိုက်တဲ့နောက်မှာတော့ လူတွေဟာ စတုတ္ထအကြိမ် ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးဖို့ လိုအပ်ကောင်း လိုအပ်လာမယ်လို့ ပြောပါတယ်။
တကယ့်ဆန်းစစ်ချက်ကိုတော့ နောက်သီတင်း ပတ် နှစ်ပတ်အတွင်းမှာ သိရတော့မှာ ဖြစ်ပါတယ်။
ကိုးကား-ဆင်ဟွာ