အမေရိကန်ပြည်ထောင်စု၌ အခက်အခဲကြုံတွေ့နေရသည့် မြန်မာနိုင်ငံသားများအား ပြန်လည်ခေါ်ဆောင်ခဲ့

 

နေပြည်တော် အောက်တိုဘာ ၁၈


နိုင်ငံတကာ ခရီးသည်တင် လေယာဉ်များ ပျံသန်းမှု ယာယီ ရပ်ဆိုင်းထားခြင်းကြောင့် အမေရိကန် ပြည်ထောင်စု၌ အခက်အခဲကြုံတွေ့ နေရသည့် မြန်မာနိုင်ငံသားများ အား ကိုရီးယားသမ္မတနိုင်ငံ အင်ချွန်း အပြည်ပြည်ဆိုင်ရာ လေဆိပ်မှတစ်ဆင့်
ဝါရှင်တန်မြို့ရှိ မြန်မာသံရုံးနှင့် ဆိုးလ်မြို့ရှိ မြန်မာသံရုံးတို့မှ ပူးပေါင်းစီစဉ်သည့် မြန်မာအပြည်ပြည်ဆိုင်ရာ လေကြောင်းလိုင်း (MAI) ကယ်ဆယ်ရေးလေယာဉ်ဖြင့် ပြန်လည်ခေါ်ဆောင်ခဲ့ရာ ယနေ့ ည ၈ နာရီတွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ အဆင်ပြေချောမွေ့ စွာ ပြန်လည်ရောက်ရှိခဲ့ကြသည်။ အဆိုပါ ကယ်ဆယ်ရေး လေယာဉ်တွင် အမေရိကန်ပြည်ထောင်စုမှ ၅၁ ဦးနှင့် ကိုရီးယားသမ္မတနိုင်ငံမှ ၆၁ ဦး စုစုပေါင်း ၁၁၂ ဦး လိုက်ပါ ခဲ့ကြသည်။
၎င်းတို့ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိချိန်တွင် လူဝင်မှုကြီးကြပ်ရေး၊ ကျန်းမာရေးစိစစ် ရေး၊ သီးသန့်စီစဉ်ပေးသည့် နေရာ/ သတ်မှတ် ဟိုတယ်များ ၌ အသွားအလာကန့်သတ်မှု ခုနစ်ရက်နှင့် နေအိမ်တွင် အသွားအလာကန့်သတ်မှု ခုနစ်ရက် နေထိုင်စေရေးတို့ကို အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနနှင့် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့တို့မှ သက်ဆိုင်ရာ အခန်း ကဏ္ဍအလိုက် တာဝန်ယူဆောင်ရွက်ပေးခဲ့သည်။
ပြည်ပနိုင်ငံများတွင် အခက်အခဲကြုံတွေ့နေရသည့် မြန်မာနိုင်ငံသားများအား ပြန်လည်ခေါ်ဆောင်ရန် Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီ၏ လမ်းညွှန်ချက်နှင့်အညီ နိုင်ငံခြားရေးဝန်ကြီးဌာန အနေဖြင့် သက်ဆိုင်ရာ ဝန်ကြီးဌာနများ၊ သက်ဆိုင်ရာနိုင်ငံများရှိ မြန်မာသံရုံးများနှင့် ပူးပေါင်းညှိနှိုင်း ဆောင်ရွက်ပေးလျက် ရှိရာ ယနေ့အထိ အမေရိကန်ပြည်ထောင်စုရောက် အခက် အခဲကြုံတွေ့နေရသည့် မြန်မာနိုင်ငံသားများအတွက် ရည်ရွယ်လျက် ကိုရီးယားသမ္မတနိုင်ငံ အင်ချွန်းအပြည်ပြည် ဆိုင်ရာလေဆိပ်မှတစ်ဆင့် ကယ်ဆယ်ရေးလေယာဉ် ခုနစ်ကြိမ်တိုင် ပျံသန်းပြေးဆွဲခဲ့ပြီးဖြစ်ကြောင်း သိရသည်။
သတင်းစဉ်