
ဒေါက်တာ ညိမ်းညိမ်း
အမိရန်ကုန်တက္ကသိုလ်ရဲ့ နှစ်တစ်ရာပြည့် အချိန်နီးကပ်လာတာနဲ့အမျှ ကျွန်မရင်ထဲမှာ မဖော်ပြနိုင်တဲ့ ပီတိတစ်မျိုးကို ခံစားရပါတယ်။ မြန်မာစာကျောင်းသူတစ်ယောက်ဘ၀ ကနေ မြန်မာစာဆရာမဘ၀နဲ့ တက္ကသိုလ်အသီးသီးမှာ အမှုထမ်းခဲ့တယ်၊ ပါမောက္ခတစ်ယောက်ဖြစ်မှ ရန်ကုန်တက္ကသိုလ်ကို ပြန်ရောက်လာရတာဟာ အမိမြေရဲ့တာဝန်ကို ပြန်ထမ်းဖို့လာရတာပဲလို့ ခံယူမိတာမျိုးပါ။
ရန်ကုန်တက္ကသိုလ်က သင်ပေးလိုက်တဲ့ပညာတွေကို ဆက်ပြီး လေ့လာသင်ကြားသင်ယူ စုဆောင်းပြုစုရင်းနှီးဖြန့်ဝေမှုတွေ လုပ်ခဲ့ရဲ့လားလို့လဲ ဆင်ခြင်မိပါတယ်။ တက္ကသိုလ်ဆိုတာ တွေးတောကြံဆမှုတွေ အသစ်ဖန်တီးမှု တွေနဲ့ တည်ဆောက်ရတဲ့ပညာရပ်ဝန်းပါ။ ဒီလိုနေရာမှာ နေသွားကြတဲ့ ကျောင်းတော်သူ၊ ကျောင်းတော်သားတွေရဲ့ အတိတ်ကို ပြန်တွေးမိစေပါတယ်။
ကျွန်မကို အဲဒီအတွေးတွေ ဝင်လာအောင် အမြဲသတိ ပေးနေတာကတော့ ရန်ကုန်တက္ကသိုလ် မြန်မာစာဌာန တည်ရှိရာ တောင်ငူဆောင်အတွင်းမှာ အမှတ်တရ ချိတ်ဆွဲ ထားတဲ့ ပါမောက္ခ ဆရာကြီး၊ ဆရာမကြီးတွေရဲ့ ဓာတ်ပုံ တွေပါပဲ။ မြန်မာစာဌာနကို အစပြုခဲ့တဲ့ ဆရာကြီး ဦးဖေ မောင်တင်ကနေ ဆက်လက်တာဝန်ယူခဲ့သူတွေရဲ့ ဓာတ်ပုံ တွေက မြန်မာစာဌာနရဲ့ သမိုင်းကြောင်းကို ဖော်ပြနေပါ တယ်။ အဲဒီသမိုင်းကြောင်းမှာ ထင်ရှားတဲ့ အပြောင်းအလဲ ကတော့ တက္ကသိုလ်ရပ်ဝန်းကနေ ပြင်ပစာပေလောက ကို လှုပ်လှုပ်ရှားရှား ဖြစ်စေခဲ့တဲ့ ခေတ်စမ်းစာပေ တစ်ခေတ်ဆန်းခဲ့ခြင်းပါပဲ။
ခေတ်ကို စမ်းသပ်လိုက်တဲ့ ခေတ်စမ်းကဗျာ၊ ခေတ် စမ်းပုံပြင် စာအုပ်တွေ ထွက်လာချိန်မှာ ပြင်ပစာပေလောက က ဝေဖန်သုံးသပ်ပြောဆိုတာတွေရှိပေမဲ့ တက္ကသိုလ် ကျောင်းတော်သားတွေပီပီ အမြော်အမြင်ရှိရှိနဲ့ မြန်မာ စာပေတိုးတက်ကြီးပွားရေးကို ရှေးရှုခဲ့တဲ့အတွက် အဲဒီ အမွေအနှစ်တွေကို ကျွန်မတို့ အခုခံစားနေရပြီဖြစ်ပါတယ်။ လမ်းရိုးဟောင်းမှာ ဆင့်ကာထွင်ခဲ့တဲ့ ခေတ်စမ်းစာပေ ကြောင့် အတွေးအခေါ် အရှုအမြင် အရေးအသွင်တွေ ပြောင်းခဲ့ကြပါတယ်။
မောင်ဧမောင်၊ မောင်သိန်းဟန်၊ မောင်ညွန့်၊ မောင်ဝန်၊ မောင်တိုးအောင်၊ မခင်စောမူ၊ မောင်ဘသောင်း၊ မောင်စော မောင်မောင်ဆိုတဲ့ ရန်ကုန်တက္ကသိုလ်က ကျောင်းသား ကျောင်းသူ ၈ ဦးရဲ့ ခေတ်စမ်းကဗျာတွေက ခေတ်ကို လှုပ်နှိုးခဲ့တယ်။ အရေးမဆန်းနိုင်သေးရင်တောင် အတွေး ဆန်းစေဖို့ လမ်းပြခဲ့ပါတယ်။
ခေတ်စမ်းကဗျာစာအုပ်ကို မြန်မာနိုင်ငံ ပညာပြန့်ပွား ရေးအသင်း (The Burma Education Extension Association) က ၁၉၃၄ ခုနှစ်မှာ စတင်ထုတ်ဝေတဲ့အခါမှာ “ယခုပုံနှိပ်ထုတ်ဝေသော ခေတ်စမ်းကဗျာစာအုပ်သည် ဂန္တလောက၌ ပုံနှိပ်ပြီးသော ကဗျာစုများမှရွေးချယ်၍ ၎င်းတို့ကို ရေးသားသောသူများပင် တက္ကသိုလ်မဂ္ဂဇင်း၌ ရေးသားသော ကဗျာသစ် ကဗျာဆန်းများနှင့်တကွ စုပေါင်း၍ ပုံနှိပ်သော ကဗျာစာအုပ်ဖြစ်သည်” လို့ ဆရာ ကြီး ဦးဖေမောင်တင်က ဆိုခဲ့ပါတယ်။ ဆရာကြီးက သူ့ တပည့်တွေရဲ့ လက်ရာကို မိတ်ဆက်ပေးရာမှာလဲ “ယခု ပုံနှိပ်အပ်သောကဗျာများသည် လူငယ်များရေးသားကြ သည့်အတိုင်း ဆန်းသစ်သောကဗျာများ ဖြစ်ကြ၏။ ဆန်းသစ်သည်ဆိုရာ၌ အဖွဲ့အမျိုးအစား ဆန်းသစ်သည် ဟု မဆိုလို၊ စိတ်ကူးဆန်းသစ်သည်ကိုသာ ဆိုလိုပါ သည်” လို့ အရေးထက် အတွေးဆန်းသစ်မှုကို ဦးစားပေး ရွေးချယ်ကြောင်း ဖော်ပြခဲ့ပါတယ်။ ဆရာကြီးရဲ့ အမြော် အမြင်နဲ့ တပည့်တွေရဲ့ အရည်အသွေးကို ယုံကြည် စိတ်ချမှုတွေက ခေတ်စမ်းစာပေဆိုတဲ့ စာပေတစ်ခေတ်ကို ဆန်းသစ်လာစေခဲ့ပါတယ်။
ခေတ်စမ်းကဗျာရှင် မောင်ဧမောင်ရဲ့ “ကံနည်းသူ နတ်ရှင်နောင်” ဆိုတဲ့ ကဗျာဟာ ရွတ်ဆိုရတာ အင်မတန် ချောမွေ့ပြီး ရှေးကဗျာတွေရဲ့ အငွေ့အသက်တွေနဲ့ ထုံမွမ်းနေပါတယ်။ “ပင်တိုင်စံဓာတုကလျာ အနွဲ့ငယ် ကြောင့်၊ ကြင်ပိုင်ရန် စာအညုကဗျာဖွဲ့ရှာရ၊ မဟာသမုဒ္ဒရာ ချဲ့ပါတဲ့ အကြောင်းခံ၊ အသက်လို အချစ်ထူးရော့ထင့်၊ ပုရစ်ဖူးတွေ ဝေဝေမြိုင်တော့၊ မဖြေနိုင် အပူမီးငယ်ကြောင့်၊ တွေတွေမှိုင် အူအသည်းမှာဖြင့် ညီးထိန်လို့လျှံ” . ...တဲ့။ မြန်မာစာပါမောက္ခ ဦးဧမောင်ဖြစ်လာမဲ့ မောင်ဧမောင်ဟာ ကံနည်းသူ နတ်ရှင်နောင်ရဲ့ အဖြစ် သနစ်ကို ကရုဏာစိတ်၊ စာနာစိတ်တွေနဲ့ ဖွဲ့ဆိုခဲ့လို့ သူ့ခံစားမှုက ဖတ်ရှုရသူကို ကူးစက်စေပါတယ်။
“မခူးချင်စမ်းပါနဲ့ နှစ်ဆန်းခါတော်မီမို့ ဇမ္ဗော်ရည် ပြေပြေလိမ်းကာပါ့ ခပ်သိမ်း နယ်စုံစုံသို့ ပွင့်ငုံကို လင့်ကုန် ကြတော့လို့ ခေါင်းကြွကာ ဆာဝေဝေနဲ့ သူလဲလေ လောကီ သားလိုပေါ့ ကြွားချင်လှပေလိမ့်မယ်” ...ဆိုတဲ့ ပိတောက် ပန်းကဗျာနဲ့ အတွေးသစ်ခဲ့တဲ့ မောင်သိန်းဟန်ဟာ အမျိုးသားစာဆိုကြီး ဆရာဇော်ဂျီ ဖြစ်လာပါတယ်။ စာဆိုက တိရစ္ဆာန်ကလေးတွေရဲ့ လှုပ်ရှားမှုတွေကို အသေးစိတ် မြင်တတ် ရေးဖွဲ့တတ်ပါတယ်။
“မြည်နိုင်ပေသည်၊ မိုးစွေငှက်ပင်၊ ကိုယ်လျှင် သေးသွယ်၊ တိမ်မြင့်လယ်တွင်၊ ငယ်လွန်းပေစံ့၊ လက်မခန့် လည်း၊ အံ့ဩဘွယ်ထက်၊ ကြောက်မက်ဘွယ်သာ၊ ကျာကျာတွတ်တွတ်၊ လွှတ်သည်နှုတ်က၊ စူးစူးရှသည်၊ မိုး၀ကွဲမည် ထင်တော့သည်။”...လို့ သေးငယ်တဲ့ မိုးစွေ ငှက်ကလေးရဲ့ စူးရှတဲ့အသံကို ရှာရှာဖွေဖွေ မြင်တတ် တွေးတတ် ရေးတတ်ပါတယ်။ အဲဒီလိုပဲ ကြောင်ကလေး တစ်ကောင်ရဲ့ လှုပ်ရှားမှုကို စာဖွဲ့ခဲ့ပါတယ်။
“ဘယ်လောက်ပင်လျှင် အဆင်လှသနည်း၊ မည်းမည်း ဇော်ဖြူ ကွက်မှန်ကူသို့၊ ကိုယ်မူဖြိုးဖွံ့ မွေးမျိုးညံ့သည်၊ ကြောင်သန့်နက်ပြာလျှင်တကား။
ဘယ်လောက်ပင်လျှင် ယဉ်ပါသနည်း၊ လည်လည်း စောင်းမော့၊ ကိုယ်ဟန်ကြော့နှင့်၊ ပျော့ဖြူးနားရွက်၊ သူ့ အထက်ဝယ်၊ တွယ်လျက်ဆင်ယင်၊ နံရံစင်သို့၊ မြော်မြင် စိုက်ငေး နေဟန်ကလေးသည် ယဉ်ကျေးပါဘိသည် တကား။”
ကျွန်မတို့ နေ့စဉ်မြင်နေရတဲ့ ချစ်စရာကြောင်ကလေး တွေရဲ့ ကြွက်ချောင်းနေတတ်တဲ့ သဘာ၀ကို အသေးအဖွဲ ရယ်လို့ လျစ်လျူမရှုဘဲ မြင်တတ်ကြည့်တတ်တဲ့ ဆရာ ဇော်ဂျီရဲ့ လောကကို ရှုမြင်ပုံတွေက ထူးခြားပါတယ်။
ခေတ်စမ်းစာဆို မောင်ညွန့်ရေးတဲ့ “အို-ဘခင်” ဆိုတဲ့ ဖခင်ပျောက်ရှာတဲ့ ကဗျာကို ဖတ်မိတိုင်း အဖေကို တမ်းတ နေတဲ့ ကလေးရဲ့အသံနဲ့ မချိတင်ကဲဖြစ်နေတဲ့ မိခင်ရဲ့ ဟန်ကို ကဗျာထဲကတစ်ဆင့် ကြားလိုက်၊ မြင်လိုက်ရလို့ စိတ်ထိခိုက်စရာကောင်းလှပါတယ်။
“မေမေ ဘေဘေ ဘယ်သွား၊ မေးပါငြားလည်း၊ ရှောင် ရှားလွဲဖယ်၊ မွေးမယ်မယ်မှာ၊ သွယ်ဖြာစီးကျ၊ မျက်ရည်စ နှင့်၊ ဆွေးလှစိတ်တွင် အို-ဘခင်” ကလေးတစ်ယောက်ရဲ့ ခံစားမှုကို ကဗျာဆရာ မောင်ညွန့်က ပီပီပြင်ပြင် သရုပ်ဖော်ပါတယ်။ ဒဏ္ဍာရီထဲက အလွမ်းအဆွေးမဟုတ်ဘဲ ပြင်ပလောကကို မီးမောင်းထိုးပြ လိုက်တဲ့ ကဗျာတစ်ပုဒ်ပါ။
“ခါနွေဆန်းတော့ လွမ်းမိတယ်” ဆိုတဲ့ ကဗျာကိုတော့ မင်းသုဝဏ်လို့ ထင်ရှားလာမဲ့ ကလောင်ရှင် မောင်ဝန်က ဖွဲ့စပ်ခဲ့ပါတယ်။ ဇာတိရပ်ရွာ ကွမ်းခြံကုန်းနဲ့ မိဘဆွေမျိုး တွေကို လွမ်းတဲ့အကြောင်းတွေနဲ့ အစချီထားပါတယ်။
“ဆန်းစခါနွေ သာတပေါင်းမို့ ညှာညောင်းကြွေ ပြေပြေ ရောရု မြအသွေးရွှေရေးလုလို့ ရတုအညီ မြေသို့သက်တဲ့ ရော်ရွက်ရီကို ပလီပလာ တီတာတာ သည်ခါဓလေ့ နွေအကူး လေရူးဝှေ့တော့ ကွေ့ကွေ့ဝန်းဝိုက် ရွှေကြောင် ဘားမြီးဖျားလိုက်သို့ မြိုင်တိုက်စုံယံ ရွက်ဟောင်းပျံသော် ရွှေခြံဂါမ ကျွန့်ဌာနကို မှန်းဆလို့ တွေး မိဘနှစ်ပါး ဆွေအများကို လွမ်းအားနှင့်ဆွေးမိပေါ့။”
နွေဦးရဲ့အလှကို ရှေးမူဟန်မပျက် ဖွဲ့စပ်တာက ဆန်းသစ်တယ်လို့ မဆိုနိုင်ပေမဲ့ “ရွှေကြောင်ဘား မြီးဖျား လိုက်သို့ ” ဆိုပြီး မြင်ကွင်းပြ ဥပမာစကားကြောင့် နှစ်သက်ဖွယ် ဖြစ်လာပါတယ်။
“တရားဦးဟောလှဲ့ပါ” ဆိုတဲ့ လူငယ်တစ်ယောက်ရဲ့ ရတက်မအေးသံတွေဟာ စာဆိုရဲ့ ခံစားချက်ကို ကိုယ်စား ပြုခဲ့လေသလားလို့ အတွေးပွားမိအောင် စွမ်းဆောင်ခဲ့ ပါတယ်။
“ကာမဘောင် ရှုပ်အထွေးကိုလ ပျိုလေးမယ်မခင်လို့ ရုန်းချင်ပြီ ဆုပန်ကြားသူရဲ့ တားမြစ်ဖို့ ခွင့်မသာ၊ နှစ်ကိုယ် တွဲကာပ သည်ဝဲသံသရာက သောင်ခေမာ ဟိုတစ်ဖက်ဆီသို့ ဖောင်မဂ္ဂင် ဆင်ကာကူးမယ်လို့ ဆုထူးကို ပန်ညီသော်လဲ့ ပါရမီမောင်မရင့်တာမို့ သွားနှင့်သက်လျာ” တဲ့။ ကာမ ဘောင် အရှုပ်အထွေးနဲ့ ဝေးတဲ့တခြားဘ၀ကို ထွက်သွား ချင်တဲ့ အကြောင်းပြောလာတဲ့ ချစ်သူရဲ့စကားကိုကြားပြီး အားမလိုအားမရ မချင့်မရဲဖြစ်နေတဲ့ လုလင်ပျိုတစ်ဦး ရဲ့အသံကို ကြားလိုက်ရလို့ဖြစ်ပါတယ်။
“ဆွမ်းအုပ်နီနီ အမေရွက်လို့ နက်ဖြန်မနက် ကျောင်း ထွက်မယ်။ မောင်လဲလိုက်မယ် ချန်မထားနဲ့ အမေသွား တော့ ပျင်းလှတယ်” ဆိုတဲ့ ကလေးကဗျာကလဲ မောင်ဝန် စပ်ဆိုခဲ့တဲ့ ကဗျာဟာ မြန်မာစာပေအတွက် အင်မတန် လိုအပ်တဲ့ ကလေးကဗျာကဏ္ဍကို ဦးဆောင်လမ်းပြခဲ့ပါ လားလို့ ကြည်ညိုမိပါတယ်။
ကလောင်ရှင်မောင်တိုးအောင်ဖွဲ့ခဲ့တဲ့ “ရွှေကြက်တူ” ကဗျာကတော့ ကျေးစေမောင်ဘွဲ့ မယ်ဘွဲ့တွေကို အမှတ်ရ စေပါတယ်။
“စိမ်းဖပ်ဖပ်လူ - ရွှေကြက်တူ၊ ဝေဠူရိယ ကျောက်ညို မြသို့၊ ရူပနိကာယ် လွန်တင့်တယ်လျှင်၊ တစ်ပင်ပျံကူး ပျော်ရွှင်မြူး၍၊ ပွင့်ဖူးစုံထွေ သီးမှည့်ချွေကာ၊ ဆွတ်လေစား သုံး ဤမြိုင်လုံး၌၊ မြကုံးတောင်ပံ ရိုက်ဆော်ဟန်ကား၊ စောင်သံကြူကြူ ရွှေကြက်တူ။” ကြက်တူရွေးတစ်ကောင်ရဲ့ အရောင်အသွေးနဲ့ အလေ့အထတွေကို သရုပ်ဖော်ထား ပါတယ်။
မခင်စောမူဆိုတဲ့ တစ်ဦးတည်းသော အမျိုးသမီး ကလောင်ရှင်ကလဲ “လိပ်ပြာနဲ့ ကြာကုမုဒ်” ဆိုတဲ့ ကဗျာ ကို လေးလုံးစပ်လင်္ကာဟန်နဲ့ ဖွဲ့ဆိုခဲ့တယ်။ အရေးထက် အတွေးဆန်းသစ်မှုက ဒီကဗျာရဲ့ အားသာချက်ဖြစ် ပါတယ်။
“နေဝင်မောင်ငိုက်၊ လမိုက်မယ်ငုံ၊ မကြုံအခွင့်၊ ကြင်ရေးဖင့်ခဲ့၊ သို့နှင့်နေရာ၊ တစ်နေ့ခါဝယ်၊ ရွှေကြာပဒုံ၊ တစ်ပွင့်တုံမှ၊ ဝတ်မှုံဆင်သ၊ နတ်မယ်လျသည်၊ ဝင်းပ ကိုယ်လျှံ၊ မြူးထွက်စံသော်၊ ဗိမာန်လဝန်း၊ ပေါ်လှာထွန်းဟု၊ ထင်မှန်းမှတ်ကာ၊ ကုမုဒါသည်၊ ငုံရာမှပွင့်၊ သရေတင့်၍၊ စောင့်လင့်လိပ်ပြာ၊ ချစ်သဟာနှင့်၊ မေတ္တာစက်တွင်း၊ နှစ်ကိုယ်ဆင်းသည်၊ နတ်မင်းသူဇာတို့နှယ်တကား။”
ညအခါမှပွင့်တဲ့ ကုမုဒြာကြာပန်းနဲ့ နေ့ဘက်မှာ အစာ ရှာရတဲ့ လိပ်ပြာတို့ တွေ့ဆုံခန်းကို ကဗျာရှင်က စိတ်ကူး ဉာဏ်ကောင်းကောင်းနဲ့ ဖွဲ့ခဲ့ပါတယ်။ ကုမုဒြာကြာပန်း နဲ့ လိပ်ပြာတို့ တွေ့ဆုံဖို့ဆိုတာက အလှမ်းဝေးလွန်းလှပေမဲ့ ကဗျာရှင်ရဲ့စိတ်ကူးက ဖတ်ရှုရသူတွေအတွက် မျှော်လင့် ချက်ကို ပေးပါတယ်။ တစ်နေ့မှာ ပဒုမ္မာကြာပန်းထဲက နတ်သမီးတစ်ပါး ထွက်ပေါ်လာတယ်။ နတ်သမီးရဲ့ အရောင်အဝါကို လထွက်ပြီအထင်နဲ့ ဖူးငုံနေတဲ့ ကုမုဒြာ ကြာပန်းက ပွင့်လိုက်တယ်။ အဲဒီအခါမှာ အသင့်စောင့် နေတဲ့ လိပ်ပြာကလေးနဲ့ ဆုံစည်းခွင့်ရတဲ့အကြောင်း ဖွဲ့ထားပါတယ်။
“နေဝင်မောင်ငိုက် လမိုက်မယ်ငုံ” ဆိုတဲ့ စကားလုံး ရှစ်လုံးက အခြားစကားလုံးတွေ ဖြည့်စွက်မရ ဖြုတ်မရ အောင် တန်ဖိုးကြီးလှပြီး မခင်စောမူက ဘယ်သောအခါမှ မဆုံစည်းနိုင်တဲ့ ချစ်သူနှစ်ဦးကို သူ့ကဗျာထဲမှာ ပေါင်းစပ် ပေးထားခဲ့ပါတယ်။ စာဆိုရဲ့ ဆန်းသစ်တဲ့ အတွေးတစ်ခု ကြောင့် မြန်မာစာပေလောကအတွက် စံပြုစရာ ကဗျာ တစ်ပုဒ်ဖြစ်ခဲ့ပါတယ်။
မောင်ဘသောင်းကတော့ တောင်ငူခေတ်စာဆို ရဝေရှင်ထွေးရေးတဲ့ ဆံထုံး ထုံးနည်း ၅၅မျိုး အန်ချင်းကဗျာ ကို အတုယူပြီး အဲဒီအချိန်အခါက တက္ကသိုလ်ကျောင်းသူ တွေရဲ့ အပြင်အဆင်ကို “ဆံထုံးရကန်” နဲ့ ဟာသနှော ရေးဖွဲ့ပါတယ်။ ခေတ်ကို ထင်ဟပ်ပြနိုင်တဲ့ ခေတ်စမ်းရဲ့ ထူးခြားကွက် တစ်ခုပါ။
“သီကာပတ်ကုံး၊ ပူပုံထုံးဟု၊ ယဉ်ဆုံးတွင်မှတ်၊ ဘီးဆံ ပတ်၏၊ ထုပ္ပတ်ခြင်းရာ၊ အဖြာဖြာကို၊ ပေလယျကန်၊ ၀ကွက်၍ချန်ပြီးလျှင် ရကန်ဉာဏ် ရကန်ပန်း စာအဆန်းကို ဥဒါန်းဖြစ်အောင် ကြံစို့။
အော်လံထုံးနည်း တံမြက်လှည်းပေါင်းချောင် ထို့နောင်အိုးစည် ရန်လည်ပတ်ဝိုက် ရန်တိုင်စိုက်နှင့် ငှက်သိုက်ဗူးတောင်း ဖျာလိပ်ခေါင်း ဒေါက်ချာ သညာတွင် တုံ နွားချေးပုံဟု လုံးစုံထွေပြား ထုံးနည်းများလည်း တသီး တခြားပေါ်သည်တွင် ” ....လို့ ရကန်ဖွဲ့စပ်ဟန်အတိုင်း ရွှင်ရွှင်မြူးမြူး ရေးဖွဲ့ထားပါတယ်။
စောမောင်မောင်ဆိုတဲ့ ကလောင်ရှင်ကတော့ မယ်ဘွဲ့ ပိုဒ်စုံစကြာရတုကို ရေးဖွဲ့လို့ ဝေးနေသူ မယ်ကလေးကို တမ်းတဟန်ဖွဲ့စပ်ပါတယ်။ ရှေးမူမပျက် ရေးဖွဲ့တဲ့ကဗျာ မျိုးပါ။
“တွေမှိုင်တွေမှိုင်၊ ခွေကာယိုင်၍၊ မေ့နိုင်မေ့နိုင်၊ မောင့်သည်းဆိုင်မှာ၊ နေပြိုင်၍ထွန်း၊ သို့ပူ လွန်းခဲ့”
“မောင်ကားတရွာ၊ မယ့်မှာတပြည်၊ ဖြစ်ရသည် ကြောင့်” လို့ ရိုးရိုးကြီးရေးဖွဲ့ပါတယ်။ ဆရာကြီး ဦးဖေ မောင်တင်က “ဒီကဗျာတွေကို ရေးခဲ့တဲ့ တပည့်လူငယ် တို့ဟာ မြေစမ်း၍ ခရမ်းပျိုးနေရသည် ဖြစ်သောကြောင့် မပြေပြစ် မကျစ်လျစ် မသိပ်သည်း မပြည့်စုံသော အဖွဲ့မျိုး ကို ဖွဲ့မိပါမူ အပြစ်လွှတ်ရန်သာ ဖြစ်တော့သည်” လို့ အမိန့် ရှိခဲ့ပါတယ်။ မြေစမ်း ခရမ်းပျိုးနေတဲ့ တပည့်တွေကို မြေ တောင်မြှောက်ပေးနေတဲ့ ဆရာတစ်ယောက်ရဲ့ တာဝန်ယူ တာဝန်ခံမှု ခေါင်းဆောင်နိုင်မှုတွေကို လေးစားဖွယ် တွေ့ မြင်ရပါတယ်။ ဒီအကြောင်းကို ဖတ်မိတဲ့အခါ ကျွန်မတို့ ဟာ နောက်မျိုးဆက်သစ်ကို ပျိုးထောင်ပေးနိုင်တဲ့ ပန်းပျိုး လက် ပိုင်ရှင်တွေဖြစ်ခဲ့ရဲ့လားဆိုတာကို ဝေဖန်ဆန်းစစ်ဖို့ လိုနေပြီလို့ အတွေးဝင်ခဲ့ပါတယ်။
ဒါ့အပြင် ဆရာကြီးက “လောကတွင် ကြီးကျယ် ခမ်းနားသော အရာသာ အရေးကြီးသည် မဟုတ်၊ စူးနေရာ မှာ စူး၊ ဆောက်နေရာမှာဆောက် ဆိုသကဲ့သို့ သေးငယ် သော အရာသည်လည်း သက်ဆိုင်သည့်ဌာနတွင် အရေး ကြီး အရာဝင်ပေသည်” လို့ သူ့ရဲ့ အတွေးအမြင်ကို ထုတ် ဖော်ပြသခဲ့ပါတယ်။ ဆရာကြီးထွင်ခဲ့တဲ့ လမ်းကြောင်း အတိုင်း ဆက်လျှောက်ခဲ့တဲ့ ခေတ်စမ်း ကဗျာစာဆိုတပည့် သားတွေက စာပေခေတ်တစ်ခေတ်ကို ဆန်းသစ်စေခဲ့ပါ တယ်။ ကျွန်မတို့မြန်မာစာပေမှာ အတွေးသစ် အမြင်သစ် တွေ ပေါက်ဖွား ပုံဖော်လာကြပါတယ်။
အမိရန်ကုန်တက္ကသိုလ်မြေကနေ မြန်မာစာပေ လောကတစ်ခွင်ကို ပြောင်းလဲစေခဲ့တဲ့ ခေတ်စမ်းစာပေရဲ့ စွမ်းဆောင်မှုတွေက တက္ကသီလာဆိုတဲ့ အမည်နဲ့ လိုက် ဖက်ပါတယ်။ တွေးခေါ်မြော်မြင် တီထွင်ဖန်တီးမှုတွေ ပေါ်ထွက်ရာ နေရာဌာနရဲ့ တာဝန်ကျေပွန်မှုကို ညွှန်းဆို ပါတယ်။ ခေတ်စမ်းစာပေရဲ့ ကဗျာကဏ္ဍတစ်ခုနဲ့တင် စာဆိုတွေရဲ့ ခွန်အားစွမ်းပကား ပမာဏကို မှန်းဆလို့ရ နိုင်ပါတယ်။ ရှေ့လူတွေ တာဝန်ကျေခဲ့သလို ကျွန်မတို့ဆက် ပြီး တာဝန်ကျေခဲ့ပါသလား၊ တွေးတောကြံဆ စမ်းသပ် တီထွင် ဖန်တီးရတဲ့ သုတေသနရပ်ဝန်းမှာ ရပ်တည်နေဖို့ ငါနဲ့ထိုက်တန်ရဲ့လားဆိုတဲ့ မေးခွန်းတွေနဲ့ ကိုယ့်ကိုယ် ကိုယ် ဆန်းစစ်ရင်း အမိတက္ကသိုလ်မြေကို ဦးညွတ်လိုက် ပါတယ်။ ။
ဆောင်းပါးရှင်၏ ကိုယ်ရေးအကျဉ်း
--------------------------------------------
- အမည်။ ဒေါက်တာညိမ်းညိမ်း၊ ပါမောက္ခ၊ မြန်မာစာဌာန၊ ရန်ကုန်တက္ကသိုလ်၊
- အခြားကလောင်အမည်။ ရှင်ညိမ်းမယ်၊
- ရေးသားခဲ့သောစာပေများ။ ဝတ္ထုတို၊ ဘာသာ ပြန်၀တ္ထု၊ ရသစာတမ်း၊ သုတေသနစာတမ်း၊ ကဗျာ၊ ဆောင်းပါးများ၊
- မဟာဝိဇ္ဇာကျမ်း။ ပုဂံခေတ်ဦးမွန်မင်စာများ လေ့လာချက်၊
- ပါရဂူကျမ်း။ ဘုရားထောင်ပျူအရိုးအိုးစာ လေ့လာ ချက်၊
- အမှုထမ်းခဲ့သည့် တက္ကသိုလ်များ။ ပညာရေး တက္ကသိုလ်(ရန်ကုန်)၊ ထားဝယ်တက္ကသိုလ်၊ ဒဂုံ တက္ကသိုလ်၊ ကျောက်ဆည်တက္ကသိုလ်၊ မန္တလေး တက္ကသိုလ်၊ မအူပင်တက္ကသိုလ်၊ ယူနန်မြင်ဆု တက္ကသိုလ်၊ ရန်ကုန်တက္ကသိုလ်၊
- လက်ရှိတာဝန်ထမ်းဆောင်မှုများ။ ရန်ကုန် တက္ကသိုလ်၏ ပါမောက္ကဌာနမှူးတာဝန်၊ သင်ရိုး ဥက္ကဋ္ဌ(မြန်မာစာဘာသာရပ်)၊ အမျိုးသားစာပေဆုစိစစ်ရွေးချယ်ရေးအဖွဲ့ဝင်၊ စာပေဗိမာန်စာမူဆုစိစစ် ရွေးချယ်ရေးအဖွဲ့ဝင်၊ ပျူစာပေသင်တန်း (ပြင်ဦးလွင် စစ်တက္ကသိုလ်)
- Log in to post comments