
နေပြည်တော် မတ် ၁၁
အမျိုးသားအဆင့် ရေအရင်းအမြစ်ကော်မတီ၏ ရှေ့လုပ်ငန်းစဉ် ညှိနှိုင်းအစည်း အဝေး (၁/၂၀၂၀)ကို ယနေ့မွန်းလွဲ ၁ နာရီတွင် နေပြည်တော်ရှိ သမ္မတရုံး ဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပရာ အမျိုးသားအဆင့် ရေအရင်းအမြစ် ကော်မတီဥက္ကဋ္ဌ ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ တက်ရောက်အမှာစကား ပြောကြားသည်။
အစည်းအဝေးသို့ အမျိုးသားအဆင့် ရေအရင်းအမြစ်ကော်မတီ ဒုတိယ ဥက္ကဋ္ဌ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင်၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာမျိုးအောင်၊ ဒုတိယ ဝန်ကြီးများဖြစ်ကြသည့် ဦးတင်မြင့်၊ ဦးမောင်မောင်ဝင်း၊ ဦးကျော်မျိုး၊ ဒေါက်တာ ရဲမြင့်ဆွေနှင့် ဦးစိုးအောင်၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးများ၊ အမြဲတမ်း အတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များ၊ အကြံပေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။
အစည်းအဝေးတွင် ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူက အမျိုးသား အဆင့် ရေအရင်းအမြစ်ကော်မတီကို ဖွဲ့စည်းပြီးနောက် ရေနှင့်ဆက်နွှယ်သည့် ကဏ္ဍများ ဖွံ့ဖြိုးတိုးတက်စေရန်၊ ရေအရင်းအမြစ်များကို ထိရောက်စွာ စီမံခန့်ခွဲ ရေးနှင့် အကျိုးရှိစွာအသုံးချနိုင်ရန်၊ နိုင်ငံတကာအဖွဲ့အစည်းများနှင့် ထိရောက် အကျိုးရှိစွာ ပူးပေါင်းဆောင်ရွက်မှုအတွက် အထောက်အကူပြုနိုင်ရန်၊ ရေအရင်းအမြစ်ကဏ္ဍဆိုင်ရာလုပ်ငန်းများ အကောင် အထည်ဖော်ဆောင်ရွက်မှုများနှင့်ပတ်သက်၍ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ရန်၊ ရှေ့လုပ်ငန်းစဉ်များနှင့်ပတ်သက်၍ ဝိုင်းဝန်းညှိနှိုင်းဆွေးနွေးရန် ကော်မတီ၏ ရှေ့လုပ်ငန်းစဉ်ညှိနှိုင်းအစည်းအဝေးများကို ကျင်းပလျက်ရှိပါကြောင်း။
အလေးထားဆောင်ရွက်
ညှိနှိုင်းအစည်းအဝေးများမှတစ်ဆင့် ရေနှင့်ဆက်နွှယ်သည့် ဝန်ကြီးဌာန၊ အဖွဲ့အစည်းများအကြား ညှိနှိုင်းဆောင်ရွက်ရမည့်လုပ်ငန်းများနှင့် ကော်မတီ၏ ရှေ့လုပ်ငန်းစဉ်များ အကောင်အထည်ဖော်ဆောင်ရွက်မှုနှင့် ရေဆိုင်ရာပြဿနာ များ ဖြေရှင်းမှုတို့အတွက် ထိရောက်စွာ ညှိနှိုင်းဆောင်ရွက်နိုင်ခဲ့ကြပါကြောင်း၊ နှစ်စဉ်မိုးတွင်းကာလ၌ တွေ့ကြုံရလေ့ရှိသည့် ရေကြီးရေလျှံမှုများ လျော့ပါး သက်သာရေး၊ နွေရာသီ၌ ကြုံတွေ့ရလေ့ရှိသည့် ရေရှားပါးမှုအခက်အခဲများ ဖြေရှင်းရေးတို့အတွက်လည်း ကြိုတင်ပြင်ဆင်ဆောင်ရွက်နိုင်ခဲ့ကြပါကြောင်း၊ ရေကြီးရေလျှံမှုများနှင့် ရေရှားပါးမှုပြဿနာ ရေရှည်လျော့ပါးစေရေးအတွက် လတ်တလောဖြေရှင်းမှုများအတွက်သာမက ကာလလတ်နှင့် ကာလရှည်အတွက် ဆောင်ရွက်ရမည့်အစီအမံများအတွက်လည်း သက်ဆိုင်ရာဝန်ကြီးဌာန၊ အဖွဲ့ အစည်းများက လျာထားဆောင်ရွက်ကြစေလိုပါကြောင်း၊ ယခင်အစည်းအဝေး ဆုံးဖြတ်ချက်များအနက် ဆက်လက်ဆောင်ရွက်ရန်ကျန်ရှိသည့်လုပ်ငန်းများ၊ စဉ်ဆက်မပြတ် ဆက်လက်ဆောင်ရွက်ရမည့် လုပ်ငန်းများနှင့်ပတ်သက်၍လည်း အလေးထားဆောင်ရွက်ပေးကြစေလိုပါကြောင်း။
ယခုအခါ နွေရာသီကာလ ရောက်ရှိလာပြီဖြစ်သဖြင့် ယခင်နှစ်များကဲ့သို့ သောက်သုံးရေနှင့်စိုက်ပျိုးရေ ရှားပါးမှုပြဿနာများအတွက် သက်ဆိုင်ရာဝန်ကြီး ဌာန၊ အဖွဲ့အစည်းများက တိုင်းဒေသကြီး၊ ပြည်နယ်အစိုးရအဖွဲ့အစည်းများ နှင့်ပူးပေါင်း၍ ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားကြရမည်ဖြစ်ပါကြောင်း။
ရေဝေရေလဲဒေသများ ထိန်းသိမ်းရေး၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်း ရေးအတွက် မိုးရာသီကာလ သစ်ပင်စိုက်ပျိုးခြင်းလုပ်ငန်းများကို နှစ်စဉ် အရှိန် အဟုန်မပျက်ဆောင်ရွက်ရေး၊ ရေထုညစ်ညမ်းမှု တားဆီးကာကွယ်ရန်အတွက် မြစ်ချောင်းများ၊ ကန်များ စသည့် ရေအရင်းအမြစ်များနှင့် ရေနုတ်မြောင်းများ အတွင်းသို့ အမှိုက်သရိုက်များ၊ စနစ်တကျပြုပြင်မထားသည့် ရေဆိုးများနှင့် စက်မှုလုပ်ငန်းသုံးရေများ စွန့်ပစ်မှုမရှိအောင် စောင့်ကြည့်ထိန်းချုပ်ရေးအတွက် သက်ဆိုင်ရာဝန်ကြီးဌာန အဖွဲ့အစည်းများနှင့် တိုင်းဒေသကြီး၊ ပြည်နယ်အစိုးရ အဖွဲ့အစည်းများ ဆက်လက်ပူးပေါင်းဆောင်ရွက်ပေးကြစေလိုပါကြောင်း။
အမျိုးသားအဆင့် ရေအရင်းအမြစ်ကော်မတီအနေဖြင့် ရေကဏ္ဍဖွံ့ဖြိုး တိုးတက်ရေးအတွက် ဆောင်ရွက်လျက်ရှိရာတွင် အပြည်ပြည်ဆိုင်ရာနှင့် ဒေသတွင်းနိုင်ငံများ၊ အဖွဲ့အစည်းများလည်း ပူးပေါင်းဆောင်ရွက်လျက်ရှိပါ ကြောင်း၊ ကော်မတီအား ဖွဲ့စည်းပြီးနောက် ရေဆိုင်ရာလှုပ်ရှားမှုများကို ပံ့ပိုး ပါဝင်ဆောင်ရွက်လျက်ရှိပါကြောင်း။
မိမိတို့ကော်မတီအနေဖြင့် အမျိုးသားရေဥပဒေ ပေါ်ပေါက်ရေးအတွက် ကော်မတီ၏အကြံပေးအဖွဲ့နှင့် Task Force အဖွဲ့တို့က ဆောင်ရွက်လျက်ရှိရာ ဥပဒေမူကြမ်းအား အင်္ဂလိပ်ဘာသာဖြင့် ပြုစုပြီးဖြစ်ပြီး မြန်မာဘာသာသို့ ပြန်ဆို လျက်ရှိပါကြောင်း၊ နိုင်ငံအတွက် အရေးတကြီးလိုအပ်နေသည့် အမျိုးသား ရေဥပဒေပြဋ္ဌာန်းနိုင်ရေးအတွက် အချိန်မီပြီးစီးအောင် ဆက်လက်ဆောင်ရွက် သွားကြရမည်ဖြစ်ပြီး တည်ဆဲဥပဒေများ၊ နည်းဥပဒေများနှင့်လည်း ချိတ်ဆက် နိုင်ရေး အလေးထားဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ ရေနှင့်ဆက်နွှယ်သည့် ဝန်ကြီးဌာနများ၊ အဖွဲ့အစည်းများအနေဖြင့် နောက်ပိုင်းတွင် ရေနှင့်ဆက်နွှယ် သည့် ဥပဒေ၊ နည်းဥပဒေများ မူကြမ်းပြုစုရာ၌ အမျိုးသားရေဥပဒေနှင့် ချိတ်ဆက် ဆောင်ရွက်ကြစေလိုပါကြောင်း။
ကမ္ဘာ့ဘဏ်၏ ချေးငွေဖြင့် ဆောင်ရွက်လျက်ရှိသည့် ဧရာဝတီမြစ်ဝှမ်း ဘက်စုံစီမံခန့်ခွဲမှုစီမံကိန်းတွင် အမျိုးသားအဆင့် ရေအရင်းအမြစ်ကော်မတီရုံး နှင့် Hydro Informatic Center အဆောက်အဦတည်ဆောက်ရေးအတွက် ဆောင်ရွက်လျက်ရှိရာ ပန္နက်တင်မင်္ဂလာအခမ်းအနားကို ၂၀၁၉ ခုနှစ် ဒီဇင်ဘာလအတွင်း ကျင်းပခဲ့ပြီး တည်ဆောက်ရေးလုပ်ငန်းများ ဆက်လက် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပါကြောင်း။
နိုင်ငံတော်အနေဖြင့် ရေကဏ္ဍအပါအဝင် ကဏ္ဍစုံတွင် ဖွံ့ဖြိုးတိုးတက်စေရန် နှစ်စဉ် ဘဏ္ဍာငွေများစွာကို ကျခံဆောင်ရွက်လျက်ရှိရာ ပြည်သူများအတွက် အကျိုးရှိစေမည့် စီမံကိန်းလုပ်ငန်းများ အချိန်မီပြီးစီးရန်နှင့် မြစ်ဝှမ်းဒေသအလိုက် လွှမ်းခြုံသည့် အမြင်ဖြင့် ပူးပေါင်းဆောင်ရွက်ကြရန် အလေးထားဆောင်ရွက်ကြ ရမည် ဖြစ်ပါကြောင်း၊ ဝန်ကြီးဌာနအဖွဲ့အစည်းအလိုက် တာဝန်ယူဆောင်ရွက်နေ ကြသည့် စီမံကိန်းလုပ်ငန်းများ၊ နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှုများနှင့် ပတ်သက်၍ဆက်နွှယ်သည့် ဝန်ကြီးဌာနများ၊ အဖွဲ့အစည်းများက ဆက်လက် ပူးပေါင်းပါဝင်ဆောင်ရွက်ကြစေလိုပါကြောင်း။
နိဂုံးချုပ်အနေဖြင့် ယနေ့အစည်းအဝေးသို့ တက်ရောက်လာကြသည့် ကော်မတီဝင်များ၊ ဝန်ကြီးဌာနအဖွဲ့အစည်းများနှင့် တိုင်းဒေသကြီးနှင့် ပြည်နယ် အစိုးရအဖွဲ့များမှ ကိုယ်စားလှယ်များအနေဖြင့် မိမိတို့အဖွဲ့အစည်းက ဆောင်ရွက် နေသည့် ရေနှင့်ဆက်နွှယ်သည့် လုပ်ငန်းဆောင်ရွက်မှုများ၊ နိုင်ငံတကာ အဖွဲ့ အစည်းများနှင့် ပူးပေါင်းဆောင်ရွက်မှုများ၊ အခြားဝန်ကြီးဌာနအဖွဲ့အစည်း များနှင့် ညှိနှိုင်းဆောင်ရွက်ရန်ကိစ္စရပ်များ၊ ကော်မတီ၏ ရှေ့ဆက်လက် ဆောင်ရွက်သင့်သည့် လုပ်ငန်းစဉ်များနှင့်ပတ်သက်၍ ဝိုင်းဝန်းဆွေးနွေး အကြံပြု ပေးကြစေလိုပါကြောင်း၊ နိုင်ငံနှင့် ပြည်သူများအတွက် အကျိုးရှိစေမည့် ရေအရင်း အမြစ် ဘက်စုံစီမံခန့်ခွဲမှုနှင့် ရေကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက်လည်း အားလုံး ဆက်လက်ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ပေးကြရန် တိုက်တွန်းပါကြောင်း ပြောကြားသည်။
ထို့နောက် ကော်မတီဒုတိယဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင် က ရေကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာလုပ်ငန်းများ၊ အမျိုးသားရေဥပဒေ ထွက်ပေါ်လာရေးနှင့်စပ်လျဉ်းသည့် အကောင်အထည်ဖော်ဆောင်ရွက်နေမှု၊ ယခင်အစည်းအဝေးဆုံးဖြတ်ချက်များအပေါ် ဆောင်ရွက်ပြီးစီးမှုနှင့် ဆက်လက် ဆောင်ရွက်မည့်အခြေအနေများ၊ နွေရာသီ ရေရှားပါးမှုနှင့် မိုးရာသီ ရေကြီး ရေလျှံမှုများအတွက် ကြိုတင်ပြင်ဆင် ဆောင်ရွက်လျက်ရှိသည့် အခြေအနေများ၊ မြစ်ချောင်းထိန်းသိမ်းမှုနှင့် ရေထုညစ်ညမ်းမှု ကာကွယ်တားဆီးရေး အခြေအနေ များကို ရှင်းလင်းပြောကြားသည်။
ယင်းနောက် ကော်မတီတွဲဖက်အတွင်းရေးမှူး ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခေတ္တညွှန်ကြားရေးမှူးချုပ် ဦးဝင်းလှိုင်က အမျိုးသားအဆင့် ရေအရင်းအမြစ်ကော်မတီ (၃/၂၀၁၉) အစည်း အဝေးဆုံးဖြတ်ချက်များအပေါ် အကောင်အထည်ဖော်ဆောင်ရွက်ပြီးစီးမှု၊ အမျိုးသားရေဥပဒေပြုစုရေးလုပ်ငန်းများ ဆောင်ရွက်နေမှု၊ နိုင်ငံတကာ၊ ဒေသ တွင်းအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်မှုနှင့် ကော်မတီ၏ ရှေ့လုပ်ငန်းစဉ် များကို ရှင်းလင်းတင်ပြသည်။
ရှင်းလင်းတင်ပြ
ထို့နောက် အကြံပေးအဖွဲ့အတွင်းရေးမှူး ဒေါက်တာခင်နီနီသိန်းက Hydro Informatic Center တည်ဆောက်ပြီးစီးမှု၊ လူငယ်ရေပညာရှင်များ လေ့ကျင့်ပျိုးထောင်ရေးအစီအစဉ်၊ နိုင်ငံတကာနှင့် ပူးပေါင်း၍ ရေဆိုင်ရာသုတေ သနလုပ်ငန်းများဆောင်ရွက်မှု၊ ခေတ်နှင့်အညီ စံမီသောရေစီမံခန့်ခွဲမှုစနစ် ဆောင်ရွက်နေမှု၊ Myanmar Official Water Portal Website ဆောင်ရွက် ထားမှုအခြေအနေများကို ရှင်းလင်းတင်ပြသည်။
ယင်းနောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီးများ၊ တိုင်းဒေသ ကြီးနှင့် ပြည်နယ်ဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ် များနှင့် တာဝန်ရှိသူများက မြစ်ကမ်းထိန်းသိမ်းရေးနှင့် ရေလမ်းကြောင်း ကောင်းမွန်စေရေးတို့အတွက် ဘဏ္ဍာငွေလျာထားမှု၊ ညစ်ညမ်းရေများကို စနစ်တကျ စီမံခန့်ခွဲမှု၊ ရေဆိုးစွန့်ပစ်မှုနှင့် ရေပေးဝေမှုလုပ်ငန်းများ၊ သစ်တော များနှင့် ရေသယံဇာတအရင်းအမြစ်များ ထိန်းသိမ်းစောင့်ရှောက်မှု၊ သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေးအသိပညာပေးဟောပြောပွဲများ ကျင်းပမှု၊ မြစ်ချောင်း များ ရေစီးရေလာကောင်းမွန်စေရေး ဆောင်ရွက်ထားရှိမှု၊ ရေနှင့်ဆက်နွှယ်သည့် လုပ်ငန်းများ ဆောင်ရွက်ထားရှိမှု၊ ယခင်အစည်းအဝေးဆုံးဖြတ်ချက်များနှင့် ပတ်သက်၍ သက်ဆိုင်ရာဝန်ကြီးဌာန၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် ဆောင်ရွက်ထားရှိမှုအခြေအနေများနှင့် ဆက်လက်ဆောင်ရွက်မည့် အခြေအနေ များကို ရှင်းလင်းဆွေးနွေးတင်ပြကြပြီး ကော်မတီဒုတိယဥက္ကဋ္ဌ ပြည်ထောင်စု ဝန်ကြီး ဦးသန့်စင်မောင်၊ ဒုတိယဝန်ကြီး ဦးတင်မြင့်နှင့် ဦးမောင်မောင်ဝင်း တို့က ဖြည့်စွက်ရှင်းလင်းဆွေးနွေးကြသည်။
ယင်းနောက် အမျိုးသားအဆင့် ရေအရင်းအမြစ်ကော်မတီဥက္ကဋ္ဌ ဒုတိယ သမ္မတ ဦးဟင်နရီဗန်ထီးယူက ရှင်းလင်းဆွေးနွေးအကြံပြုတင်ပြချက်များနှင့် စပ်လျဉ်း၍ ပေါင်းစပ်ညှိနှိုင်းပေးကာ မိမိတို့ကော်မတီ၏ ရှေ့လုပ်ငန်းစဉ်ညှိနှိုင်း အစည်းအဝေးများမှ ရရှိလာသည့် ဆွေးနွေးချက်များနှင့် အကြံပြုချက်များသည် မိမိတို့နိုင်ငံ၏ ရေအရင်းအမြစ် ဘက်စုံစီမံခန့်ခွဲမှုနှင့် ရေနှင့်ဆက်နွှယ်သည့် လုပ်ငန်းများ၊ ဒေသတွင်းနှင့် နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှုများ အကောင် အထည်ဖော်ဆောင်ရွက်ရာတွင် များစွာအထောက်အကူဖြစ်စေမည်ဖြစ်ပါ ကြောင်း။
မိမိတို့ကော်မတီအနေဖြင့် နိုင်ငံ၏ စီးပွားရေး၊ လူမှုရေးဖွံ့ဖြိုးတိုးတက်စေရန် ရေနှင့် ဆက်နွှယ်နေသည့် ကဏ္ဍများတွင် ပံ့ပိုးဆောင်ရွက်လျက်ရှိရာ ရေအရင်း အမြစ်များ ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးနှင့် ရေကဏ္ဍတိုးတက်စေရေးအတွက် ပြည်သူများ၏ အသံကိုပါ အလေးထားနားထောင်၍ ပူးပေါင်းညှိနှိုင်းဆောင်ရွက် ကြရမည်ဖြစ်ပါကြောင်း၊ ကော်မတီ၏လုပ်ငန်းတာဝန်များနှင့် ရေအရင်းအမြစ် စီမံခန့်ခွဲမှုလုပ်ငန်းများ အောင်မြင်စွာ ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက် အားလုံးတက်ညီလက်ညီ ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်ပေးကြရန် တိုက်တွန်းပါကြောင်းပြောကြားပြီး အခမ်းအနားကို ရုပ်သိမ်းလိုက်သည်။
သတင်းစဉ်