အမျိုးသားလွှတ်တော် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာကော်မတီ၏ လုပ်ငန်းဆောင်ရွက်ချက်များ

Image not available
 
 
တွေ့ဆုံမေးမြန်း
နန္ဒာဝင်း
 
ဒုတိယအကြိမ် အမျိုးသားလွှတ်တော် အမျိုးသားလွှတ်တော်ဆိုင်ရာဥပဒေပုဒ်မ ၂၇၊ အမျိုးသားလွှတ်တော်ဆိုင်ရာ နည်းဥပဒေ ၁၀၆၊ ၁၀၇နှင့် အမျိုးသားလွှတ်တော် အစည်းအဝေး ဆုံးဖြတ်ချက်တို့အရ ၂၀၁၆ ခုနှစ် ဖေဖော်ဝါရီ ၂၂ ရက်တွင် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာကော်မတီကို အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ၁၅ ဦးဖြင့် ဖွဲ့စည်းခဲ့သည်။ ကော်မတီသည် နိုင်ငံတော်၏အကျိုးအတွက် သဘာဝသယံဇာတများကို ဥပဒေနှင့်အညီ စနစ်တကျတူးဖော်လုပ်ကိုင်ဆောင်ရွက်နိုင်ရန်၊ သဘာဝပတ်ဝန်းကျင်အား ထိခိုက်မှုမဖြစ်စေရန်၊ ချမှတ်ထားသည့် ဥပဒေအား လိုက်နာဆောင်ရွက်ရန်၊ အစိုးရနှင့် ပြည်သူအကြား သဘောထားကွဲလွဲမှုမရှိစေရန်၊ စည်းကမ်းလိုက်နာရန် ဆောင်ရွက်လျက်ရှိသည်။
 
ထို့ပြင် ပြည်သူများမနစ်နာစေရန်ရည်ရွယ်၍ ဥပဒေများ အသစ်ပြင်ဆင်ရေးဆွဲသင့်သည်များကို ပြင်ဆင်ရေးဆွဲရန်၊ အမိန့်နှင့်ညွှန်ကြားချက်များအား ပြည်သူများလိုက်နာဆောင်ရွက်စေရန်၊ သတ္တုလုပ်ငန်းနှင့်စပ်လျဉ်း၍ ဗဟုသုတနည်းပညာများကို ပညာပေးဆွေးနွေးခြင်းများ၊ လိုအပ်ပါက ကွင်းဆင်းစိစစ်ခြင်းများအား အဓိကထားဆောင်ရွက်လျက်ရှိရာ ကော်မတီ၏လုပ်ငန်း ဆောင်ရွက်ချက်များနှင့်ပတ်သက်၍ အမျိုးသားလွှတ်တော် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာကော်မတီ ဥက္ကဋ္ဌ ဦးကျော်သီဟနှင့် တွေ့ဆုံမေးမြန်းခဲ့သည်များကို ဖော်ပြလိုက်ရပါသည်။
 
ဦးကျော်သီဟ
အမျိုးသားလွှတ်တော်ကိုယ်စားလှယ်
သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဆိုင်ရာကော်မတီ ဥက္ကဋ္ဌ
 
မေး။ ။ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာကော်မတီ ဖွဲ့စည်း ဖြစ်ခဲ့ပုံကို သိရှိလိုပါတယ်။
 
ဖြေ။ ။ မြန်မာနိုင်ငံက ကမ္ဘာပေါ်မှာရှိတဲ့ အခြား နိုင်ငံတွေထက် အင်မတန်ထူးခြားပါတယ်။
 
သစ်တော၊ သတ္တု၊ ခဲမဖြူ၊ အဖြိုက်နက်၊ ရေနံသယံဇာတ တွေ များစွာထွက်ရှိတဲ့နိုင်ငံဖြစ်ပြီး ရေပေါ်ရေအောက် မြေပေါ်မြေအောက် သယံဇာတတွေပေါကြွယ်ဝတယ်။ ခန္တီး၊ ဖားကန့်မှာ ကျောက်စိမ်းထွက်ရှိတယ်။ မိုးကုတ်၊ မိုင်းရှူးစတဲ့ ဒေသတွေမှာလည်း ကျောက်မျက်ရတနာတွေ ထွက်ရှိတယ်။ အဲဒီလို သစ်တောသစ်ပင်တွေ သဘာဝ သယံဇာတတွေပေါကြွယ်ဝတဲ့နိုင်ငံမှာ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာကော်မတီက တိုင်းပြည်အတွက်ရော ပြည်သူအတွက်ပါ အင်မတန် အရေးကြီးတဲ့ ကော်မတီတစ်ရပ် ဖြစ်ပါတယ်။
 
ဒီကော်မတီက ပထမအကြိမ်လွှတ်တော် သက်တမ်း ကစပြီး ရှိခဲ့ပါတယ်။ အခု ဒုတိယအကြိမ် လွှတ်တော် သက်တမ်းမှာလည်း ၂၀၁၆ ခုနှစ်မှာ သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာကော်မတီကို အဖွဲ့ဝင် ၁၅ ဦးနဲ့ ပြန်လည်ဖွဲ့စည်းခဲ့တယ်။ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေး၊ စီးပွားရေး စီမံခန့်ခွဲနေတဲ့ ဝန်ကြီးဌာနတွေရှိသလို ဥပဒေပြုတဲ့လွှတ်တော်ဘက်ကလည်း ပြန်လည် ထိန်းကျောင်းဖို့အတွက် ဝန်ကြီးဌာနအလိုက် ကော်မတီ တွေ ဖွဲ့စည်းပေးထားတာ ဖြစ်ပါတယ်။
 
မေး။ ။ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာကော်မတီရဲ့ လုပ်ငန်း ဆောင်ရွက်ချက်တွေနဲ့ပတ်သက်ပြီး ပြောကြားပေးစေ လိုပါတယ်။
 
ဖြေ။ ။ ကော်မတီတွေက ဥပဒေတွေ ရေးဆွဲ ပေးတယ်။ ပြင်ဆင်ပေးတယ်။ မေးခွန်းတွေ အဆိုတွေကိုလည်း သက်ဆိုင်ရာကော်မတီတွေက မေးမြန်း ဆွေးနွေးရတာဖြစ်ပါတယ်။ ထူးထူးခြားခြားအနေနဲ့ဆိုရင် မြန်မာ့ကျောက်မျက်ရတနာဥပဒေ ဖြစ်ပါတယ်။ မြန်မာ့ ကျောက်မျက်ရတနာဥပဒေကို ၁၉၉၆ ခုနှစ်ကစတင်ပြီး ရေးဆွဲခဲ့တာ ရှိပါတယ်။
 
အဲဒီဥပဒေပေါ်လာပြီး ၂၀၁၂ ခုနှစ်အထိ ကြားကာလ မှာ နှစ်ကြိမ်ပြင်လာခဲ့တယ်။ အခု ၂၀၁၆ ခုနှစ် သယံဇာတ နှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ ကော်မတီ ပေါ်ပေါက်လာပြီးနောက်မှာ အဲဒီဥပဒေကိုပဲ ပြင်ဆင်ဖို့ ကျွန်တော်တို့ ကြိုးစားပါတယ်။
 
အဓိကက မြန်မာ့ကျောက်မျက်ရတနာဥပဒေမှာ အကြီးစားဆိုပြီး စက်ယန္တရားကြီးတွေနဲ့ ထုတ်လုပ်ပါတယ်။ အကြီးစား၊ အလတ်စား၊ အငယ်စား၊ လက်လုပ်လက်စား ဆိုပြီး ခွဲထားရာမှာ သတ္တုနဲ့ပတ်သက်ရင် အကြီးစား ထုတ်လုပ်တယ်ဆိုတာကို လက်ခံလို့ရပေမယ့် ကျောက်စိမ်း၊ ပတ္တမြား၊ နီလာ စတဲ့ကျောက်မျက်ရတနာတွေနဲ့ ပတ်သက် ရင် အကြီးစားဖြစ်တဲ့ ဧက ၅၀၊ ၁၀၀ အများကြီးကို စက်ယန္တရားကြီးတွေနဲ့ အနက်ကြီးတူး၊ အကြီးအကျယ် ထုတ်တယ်ဆိုရင် အကုန်လုံးပျက်စီးပြီး ဆုံးရှုံးသွားမှာကို စိုးရိမ်တဲ့အတွက် အကြီးစားဆိုတာကို ပယ်ဖျက်ဖို့အတွက် ကျွန်တော်တို့ စတင်ကြိုးစားတာဖြစ်ပါတယ်။ ကျောက်မျက် ရတနာဥပဒေကို ပြင်ဆင်ဖို့အတွက် ကော်မတီအနေနဲ့ အဆိုတင်ပါတယ်။
 
သက်ဆိုင်ရာဝန်ကြီးဌာန၊ ကျောက်မျက်အသင်းချုပ်၊ လုပ်ငန်းရှင်တွေ၊ ပညာရှင်တွေ ညှိနှိုင်းတိုင်ပင်ရေးဆွဲပါတယ်။ အဲဒီဥပဒေကို နိုင်ငံတော်သမ္မတထံကို တင်ပါတယ်။ နိုင်ငံတော်သမ္မတက အတည်ပြုပြီး ၂၀၁၉ ခုနှစ် နှစ်ဦးပိုင်းမှာ မြန်မာ့ကျောက်မျက်ရတနာဥပဒေဆိုပြီး ထွက်ရှိပါတယ်။
 
အဆိုတင်ရင်းနဲ့ ကျောက်မျက်ဥပဒေကို ပြင်ဆင်နိုင်တာ ဖြစ်ပါတယ်။ အဓိကကတော့ အကြီးစားဆိုတာမရှိတော့ ဘူး။ အလတ်စား၊ အငယ်စားနဲ့ လက်လုပ်လက်စားဆိုတာပဲ ရှိတော့တယ်။ အဲဒီလိုဖြစ်ဖို့အတွက် ကျွန်တော်တို့ကော်မတီ၊ အစိုးရဝန်ကြီးဌာန၊ လွှတ်တော်နဲ့အားလုံးက ဝိုင်းဝန်း ကြိုးစားအတည်ပြုနိုင်ခဲ့တာ ဖြစ်ပါတယ်။
 
လွှတ်တော်က ဥပဒေကိုအတည်ပြုပြီး နည်းဥပဒေကို ဝန်ကြီးဌာနက အခုရေးဆွဲကာ ရှေ့နေချုပ်ရုံးကိုတင်တယ်။ သမ္မတအတည်ပြုပြီးရင်တော့ နည်းဥပဒေထွက်ရှိလာမှာ ဖြစ်ပါတယ်။ အဲဒါကတော့ ကျွန်တော်တို့ကော်မတီအနေနဲ့ အထူးခြားဆုံး ပြင်ဆင်နိုင်ခဲ့တာဖြစ်ပါတယ်။
ကျောက်မျက်ဥပဒေလိုပဲ အဆိုတင်သွင်းတာ၊ မေးခွန်း မေးမြန်းတာတွေ၊ ဥပဒေပြင်တာ ဆက်လက်ပြီး ဆောင်ရွက် နေတယ်။ အခုဆိုရင် ကျွန်တော်တို့ကော်မတီက သစ်တော ဥပဒေနဲ့ပတ်သက်ပြီး အဆိုအောင်သွားတာတွေရှိတယ်။ တစ်သျှူးငှက်ပျောနဲ့ပတ်သက်ရင်လည်း ဆွေးနွေးနေကြ တာတွေရှိပါတယ်။ အဲဒီလိုပဲ သစ်တောနဲ့ပတ်သက်တာ၊ သတ္တု နဲ့ပတ်သက်တာတွေကို နည်းဥပဒေ ပြင်ဆင်စရာရှိ တာတွေကို ဆွေးနွေးတယ်၊ တိုင်ပင်တယ်၊ ပြင်ဆင်တယ်။
 
ကျွန်တော်တို့ အဲဒီလို အဆိုတင်သွင်းတာ၊ ဆွေးနွေးတာ၊ မေးခွန်းမေးမြန်းတာတွေ အားလုံးက လွှတ်တော်ဥက္ကဋ္ဌကတစ်ဆင့် ဝန်ကြီးဌာနကို အကြောင်း ကြားရတယ်။ သက်ဆိုင်ရာဝန်ကြီးဌာနက တာဝန်ရှိသူ တွေလာရောက်ပြီး ဆွေးနွေးအကြောင်းပြန်ကြားတာ တွေရှိတယ်။ သတ္တုလုပ်ငန်း၊ ကျောက်မျက်လုပ်ငန်း၊ သစ်တောလုပ်ငန်းတွေ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်း ရေးလုပ်ငန်းတွေနဲ့ပတ်သက်ရင် ကြိုးစားဆောင်ရွက် နေပါတယ်။ ကွင်းဆင်းစစ်ဆေးမှုတွေလည်း ဆောင်ရွက် နေပါတယ်။
 
မေး။ ။ ကျောက်မျက်ဥပဒေကို ပြင်ဆင်နိုင်ခြင်း အားဖြင့် ဘယ်လိုအကျိုးကျေးဇူးတွေ
ရရှိမယ်ဆိုတာကိုလည်း ရှင်းပြပေးစေလိုပါတယ်။
 
ဖြေ။ ။ အရင်တုန်းက ဥပမာ ဖားကန့်မှာ၊ မိုးကုတ်မှာ ကျောက်တောင်ကြီး တစ်တောင်ထဲက ကျောက်မျက်ရတနာကို မိုင်းခွဲပြီး တူးလိုက်တယ်၊ မြေကြီးတွေကိုနှိုက်ပြီး တူးတယ်၊ ကျောက်စိမ်းလေး ကိုရှာပြီး တူးရမယ့်ကိစ္စမှာ အဲဒီလို စက်ယန္တရားအကြီး တွေနဲ့ အနက်ကြီး နှိုက်တူးလိုက်တယ်။
 
မြေနေရာကလည်း အကျယ်ကြီး၊ ပေးတဲ့သက်တမ်း ကလည်း အကြာကြီး။ အကြီးစားကုန်ထုတ်လုပ်ငန်းဖြစ်တဲ့ အတွက် တိုင်းပြည်ရဲ့ အဖိုးတန်ရတနာတွေကို ဖြည်းဖြည်း ချင်း ထုတ်ယူသုံးစွဲရမယ့်ကိစ္စမှာ အကြီးစားလုပ်ငန်း အနေနဲ့ပေးတဲ့အတွက် အများကြီးကုန်သွားတယ်။ အဲဒါကို အကြီးစားအနေနဲ့မပေးဘဲ အလတ်စား၊ အငယ်စား၊ လက်လုပ်လက်စားအနေနဲ့ပဲ ထားပါဆိုပြီး ပြင်တယ်။
 
အလတ်စားဆိုတာကိုလည်း မြေဧက ၅၀၊ ၁၀၀ မပေးဘူး။ ကုမ္ပဏီတစ်ခုကို ငါးဧကအနေနဲ့ တူးခွင့် ပေးတယ်။ မြေစာပတ်လမ်းချန်ရမယ်၊ နောက်ထပ် ငါးဧက ပေးတယ်၊ မြေစာပတ်လမ်းချန်ရတယ်။ နေရာအကျယ် ကြီးမရှိရင် အောက်ကို အနက်ကြီးတူးလို့မရတဲ့အတွက် အကြီးစားပုံစံ မဖြစ်တော့ဘူး။ ဧက ၅၀ ၊ ၁၀၀ အကြီးကြီး မရတော့ဘူး။ ငါးဧကပဲ ချုံ့လိုက်တယ်။ နှစ် ၂၀ ၊၃၀ လည်း မပေးဘူး။ ငါးနှစ်ပေးတယ်။ သက်တမ်းတိုးရင် သုံးနှစ် အဲဒီလို ချုံ့လိုက်တယ်။ အဲဒီအကျိုးကျေးဇူးက နိုင်ငံအတွက် သားစဉ်မြေးဆက် ရေရှည်အကျိုးရှိပြီး နောက်လူတွေပါ ခံစားနိုင်မှာ ဖြစ်ပါတယ်။
 
 
သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးက သစ်ပင်၊ သစ်တောက အရေးကြီးပါတယ်။ တောတောင်ရေမြေ သစ်ပင်သစ်တော လူတွေနေထိုင်နေတဲ့ ရုပ်ဝတ္ထုသဘာဝ ပတ်ဝန်းကျင်အားလုံးက ကျွန်တော်တို့ကော်မတီနဲ့ သက်ဆိုင်ပါတယ်။ ကော်မတီအနေနဲ့ သစ်တောတွေနဲ့ ပတ်သက်တာ၊ တောတောင်တွေနဲ့ပတ်သက်တာ၊ တောင်တွေရဲ့ အောက်မှာရှိတဲ့ ကျောက်သံပတ္တမြားတွေ၊ ရွှေ၊ ငွေ၊ ကြေးနီ၊ သွပ်၊ မိုင်းနဲ့ပတ်သက်တာတွေ၊ ရေတွင်း ရေကန်၊ ချောင်းမြောင်း၊ လေထု၊ ရာသီဥတုပြောင်းလဲမှု ဖြစ်စဉ်တွေနဲ့ ဆက်စပ်ပတ်သက်တာတွေက ကျွန်တော်တို့ ကော်မတီနဲ့သက်ဆိုင်တယ်လို့ ခံယူဆောင်ရွက်လျက် ရှိပါတယ်။
 
မေး။ ။ ကွင်းဆင်းဆောင်ရွက်မှုတွေရှိရင် ဘယ်ဒေသ ကို သွားရောက်ကွင်းဆင်းဆောင်ရွက် ခဲ့တယ်၊ ဘာတွေလေ့လာတွေ့ရှိခဲ့တယ်ဆိုတာကိုလည်း ပြောပြပေးပါဦး။
 
ဖြေ။ ။ ဒီကော်မတီ ပေါ်ပေါက်လာပြီးတဲ့နောက်မှာ လူတွေကလည်း အတော်လေး စိတ်ဝင်စား ပါတယ်။ ဥပမာ - စဉ့်ကူး၊ သပိတ်ကျင်းဘက်မှာရှိတဲ့ ရွှေတွင်းတွေမှာဆိုရင် ကုမ္ပဏီတွေနဲ့ ဒေသခံတွေနဲ့ တွေ့တယ်။ ဒေသခံလို့ဆိုရာမှာ ဒေသခံက နည်းတယ်။ များသောအားဖြင့် ရွှေထွက်ပြီဆိုရင် အခြားဒေသတွေက လူတွေက ရွှေ့ပြောင်းလာကြတယ်။
 
နောက်တော့မှ ပိုက်ဆံချမ်းသာသူတွေ၊ ကုမ္ပဏီ တွေက ရောက်လာကြတယ်။ မတ္တရာ၊ စဉ့်ကူး၊ သပိတ်ကျင်း ဘက်မှာပဲဖြစ်ဖြစ်၊ မိုးထိမိုးမိဘက်မှာပဲဖြစ်ဖြစ် ကွင်းဆင်းစစ်ဆေးတဲ့အခါ ရွှေဆိုတော့ ပြဒါးတွေနဲ့ ဖမ်းတယ်။ ရေတွေက နောက်ကျိပြီး သောက်သုံးရေအတွက် အခက်အခဲဖြစ်နေပြီလို့ပြောလို့ အဲဒီကို သွားရောက်ကြည့်ရှု ဆောင်ရွက်ခဲ့တယ်။
 
နောက်ပြီး ကချင်ပြည်နယ်ကို ကွင်းဆင်းတဲ့အခါ ဖားကန့်ဘက်မှာ ဥရုချောင်းထဲက ရေတွေကိုဆယ်ပြီး ရွှေလုပ်တာ၊ ကျောက်စိမ်းတူးတာတွေကြောင့် နေထိုင်ရတာ အခက်အခဲရှိနေပါပြီလို့ ဒေသခံတွေကပြောတဲ့အတွက် ကွင်းဆင်းစစ်ဆေးတာတွေ ဆောင်ရွက်ခဲ့တယ်။
 
စစ်ဆေး တွေ့ရှိချက်တွေကို လွှတ်တော်ဥက္ကဋ္ဌကိုတင်၊ လွှတ်တော် ဥက္ကဋ္ဌက သက်ဆိုင်ရာသဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး နှင့် သစ်တောရေးရာဝန်ကြီးဌာနတွေကို ညွှန်ကြား ဆောင်ရွက်ပါတယ်။
အဲဒီလို မန္တလေးတိုင်းဒေသကြီး၊ ကချင်ပြည်နယ် တွေကို ကွင်းဆင်းစစ်ဆေးမှုတွေ ဆောင်ရွက်ခဲ့ပါတယ်။ ရှမ်းပြည်နယ်မှာဆိုရင် စိုက်ခင်းတွေဘေးမှာ စက်ရုံလာ ဆောက်တဲ့အတွက် စိုက်ခင်းတွေပျက်စီးတယ်ဆိုပြီး တိုင်ကြားလာတဲ့အတွက် ကွင်းဆင်းစစ်ဆေးမှုတွေ ဆောင်ရွက်ပြီး ရေကိုကုမ္ပဏီဘက်ကလည်း ရေလမ်းကြောင်း ကို ဘယ်လိုဖောက်ပါ၊ ဘယ်လိုဆောင်ရွက်ပါဆိုပြီး ညှိနှိုင်း မှုတွေ ဆောင်ရွက်ခဲ့ပါတယ်။
 
တနင်္သာရီတိုင်းဒေသကြီးဘက်မှာ ဆိုရင်လည်း ကျောက်မီးသွေးတွင်းတူးတဲ့ကိစ္စမှာ အနီးအနားက ပြည်သူ လူထုတွေက သူတို့အခက်အခဲဖြစ်နေတယ်လို့ ဆိုတဲ့အတွက် ကွင်းဆင်းစစ်ဆေးမှုတွေ ဆောင်ရွက်ခဲ့ပါတယ်။ အဲဒီလို သဘာဝပတ်ဝန်းကျင်အရ ထိခိုက်နစ်နာနေတယ်လို့ ဆိုတဲ့ အရာတွေကို ကွင်းဆင်းစစ်ဆေးမှုတွေ ဆောင်ရွက်ပြီး ဖြေရှင်းဆောင်ရွက်လျက်ရှိပါတယ်။
 
မေး။ ။ ကော်မတီရဲ့ လုပ်ငန်းဆောင်ရွက်ချက်တွေ တိုးတက်ကောင်းမွန်အောင် အိမ်နီးချင်းနိုင်ငံ တွေကို သွားရောက်လေ့လာခဲ့တဲ့ အတွေ့အကြုံကိုလည်း မျှဝေပေးပါဦး။
 
ဖြေ။ ။ နိုင်ငံခြားခရီးစဉ်အနေနဲ့ လာအိုနိုင်ငံက မိုင်းတွင်းတွေကို သွားရောက်လေ့လာခဲ့တာ ရှိပါတယ်။ ထိုင်းနိုင်ငံကိုလည်း တိရစ္ဆာန်တွေရဲ့ Wild Life နဲ့ ပတ်သက်လို့ သွားရောက်လေ့လာခဲ့တာတွေ ရှိပါတယ်။ အဲဒီလို ကော်မတီဝင်တွေကို အခြားနိုင်ငံတွေကို လေ့လာရေးခရီးတွေစေလွှတ်ပြီး ကော်မတီရဲ့ လုပ်ငန်း ဆောင်ရွက်ချက်တွေကို တိုးတက်ကောင်းမွန်အောင် ဆောင်ရွက်လျက်ရှိပါတယ်။
 
နိုင်ငံခြားခရီးစဉ်တွေကို အဲဒီလို သွားရောက်ခဲ့တာ တွေရှိသလို ပြည်တွင်းမှာလည်း သက်ဆိုင်ရာဒေသ
တွေက ပြည်သူလူထုတွေက တောင်းဆိုလို့ သွားရောက် ခဲ့တာတွေလည်း ရှိခဲ့ပါတယ်။ မကြာခင်ကဆိုရင်လည်း ကျွန်တော်တို့ကော်မတီက Westminster Foundation for Democracy (WFD) ရဲ့ အကူအညီနဲ့ မြန်မာ့ ကျောက်မျက်ရတနာဥပဒေနဲ့စပ်လျဉ်းပြီး ဖားကန့်နဲ့ မိုးကုတ်ကို ကွင်းဆင်းသွားရောက်ခဲ့ပါတယ်။ အဲဒါက ဘာဖြစ်လို့လဲဆိုတော့ ကျောက်မျက်ဥပဒေကိုရေးဆွဲ
ပြီး တင်ထားပြီးသားဖြစ်ပါတယ်။ နည်းဥပဒေထွက် လာတဲ့ အခြေအနေမှာ အဲဒီကျောက်မျက်ဥပဒေအပေါ် မူတည်ပြီး လူတွေက အခက်အခဲရှိနေတယ်ဆိုပြီး ပြောကြတယ်။ စာတွေလည်း တက်လာတယ်။ အဲဒီလို အသံအမျိုးမျိုးထွက်လာတဲ့ အတွက် စိတ်ဝင်စားတယ်၊ ကွင်းဆင်းပြီးသူတို့ ဘယ်လို အခက်အခဲဖြစ်နေတယ် ဆိုတာ လေ့လာကြည့်တယ်။ သူတို့အသံကိုနားထောင်ပြီး ပြန်လည်ပြင်ဆင်ဖို့ အချိန်ယူဆောင်ရွက်ရမှာ ဖြစ်ပါ တယ်။
 
မေး။ ။ အခြားဖြည့်စွက် ပြောကြားလိုတာရှိရင် လည်း ပြောပြပေးပါဦး။
 
ဖြေ။ ။ မြန်မာပြည်သူလူထုအတွက် ကျွန်တော်တို့ ကော်မတီအနေနဲ့ တတ်စွမ်းသမျှ ကြိုးစား ဆောင်ရွက်လျက်ရှိပါတယ်။ လွှတ်တော်ကိုယ်စားလှယ် တွေရဲ့ လှုပ်ရှားမှုက လွှတ်တော်အစည်းအဝေးတက်ရုံ မဟုတ်ပါဘူး။ ပြည်သူတွေရဲ့ စားဝတ်နေရေး၊ လူမှုရေး၊ ပညာရေး၊ ကျန်းမာရေးနဲ့ပတ်သက်တာတွေကို ကဏ္ဍ အလိုက်ခွဲပြီး ဆောင်ရွက်လျက်ရှိပါတယ်။ အခုလို ပြောကြားခွင့်ရတဲ့အတွက် ဝမ်းသာပါတယ်၊ ကျေးဇူး လည်း တင်ပါတယ်။