
အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်း (၆၅)နှစ်မြောက် ကရင်ပြည်နယ်နေ့အခမ်းအနား တက်ရောက်
=================================================================
ဘားအံ နိုဝင်ဘာ ၇
(၆၅)နှစ်မြောက် ကရင်ပြည်နယ်နေ့ အခမ်းအနားကို ကရင်ပြည်နယ် ဘားအံမြို့ရှိ ပြည်နယ်အစိုးရအဖွဲ့ရုံးမြက်ခင်းပြင်၌ ယနေ့ နံနက် ၇ နာရီတွင် ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန၏ ကိုဗစ်-၁၉ ရောဂါဆိုင်ရာ လမ်းညွှန်ချက်များနှင့်အညီ ကျင်းပရာ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်း တက်ရောက်သည်။
အခမ်းအနားတွင် သဘာပတိအဖြစ် ကရင်ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးစောချစ်ခင် က ဆောင်ရွက်ပြီး သဘာပတိအဖွဲ့ဝင်များအဖြစ် ကရင်ပြည်နယ်တရားလွှတ်တော် တရား သူကြီးချုပ် ဦးစောစံလင်း၊ ကရင်ပြည်နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးမန်းကျော်ဝင်းမောင်တို့က ဆောင်ရွက်ကြ သည်။
ရှေးဦးစွာ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌမန်းဝင်းခိုင်သန်း၊ ကရင်ပြည်နယ်ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်၊ ကရင်ပြည်နယ် လွှတ်တော်ဥက္ကဋ္ဌ ဦးစောချစ်ခင်၊ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်(ကရင်/မွန် တာဝန်ခံ) ဦးစောဒယ်နီရယ်ကြည်၊ ကရင် ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ် ဦးစောစံလင်း၊ ကရင်ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ကရင်ပြည်နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးမန်းကျော်ဝင်းမောင်၊ နိုင်ငံရေးပါတီများ၊ ကော်မရှင်အဖွဲ့ဝင်များ၊ ပြည်နယ် အဆင့်ဌာနဆိုင်ရာများ၊ ငြိမ်းချမ်းရေးကိုယ်စားလှယ်များက ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အလံအား အလေးပြုကြပြီး ကျဆုံးလေပြီးသော ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ အာဇာနည်ခေါင်းဆောင်ကြီးများအား အလေးပြု ကြသည်။
သဝဏ်လွှာဖတ်ကြား
ထို့နောက် သဘာပတိ ကရင်ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးစောချစ်ခင်က အဖွင့်အမှာစကားပြောကြားပြီး ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတထံမှ (၆၅)နှစ်မြောက် ကရင်ပြည်နယ်နေ့ အခမ်းအနားသို့ ပေးပို့သည့် သဝဏ်လွှာကို ကရင်ပြည်နယ်ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်က ဖတ်ကြားသည်။
(၆၅)နှစ်မြောက် ကရင်ပြည်နယ်နေ့အခမ်းအနားကို ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားနေသည့် ကာလဖြစ်သောကြောင့် ယခင်နှစ်များကဲ့သို့ စည်ကားသိုက်မြိုက် စွာကျင်းပနိုင်ခြင်းမရှိဘဲ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ အကျဉ်းချုံးသာ ကျင်းပခဲ့ကြောင်း သိရသည်။
နေမျိုးလွင်(ပြန်/ဆက်)