
အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်း Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးအမျိုးသားအဆင့် ဗဟိုကော်မတီသို့ အလှူငွေများ ပေးအပ်လှူဒါန်း
=====================================================================
နေပြည်တော် အောက်တိုဘာ ၇
အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်းသည် Coronavirus Disease 2019 (COVID-19)ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီထံသို့ ယနေ့နံနက်ပိုင်းတွင် အလှူငွေများ ပေးအပ်လှူဒါန်းရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက လက်ခံရယူ သည်။(ဝဲပုံ)
ဂုဏ်ပြုလှူဒါန်း
ရှေးဦးစွာ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်း က မိမိတို့နိုင်ငံတွင် Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသား အဆင့် ဗဟိုကော်မတီကို ဖွဲ့စည်းခဲ့ကာ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနနှင့် နှီးနွှယ်ဝန်ကြီးဌာနများ တက်ညီလက်ညီဖြင့် လုပ်ငန်းများ ဆောင်ရွက်လျက်ရှိပါ ကြောင်း၊ မိမိတို့အနေဖြင့် ယခုကဲ့သို့ လှူဒါန်းရခြင်းမှာ ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများတွင် တစ်တပ်တစ်အား ပါဝင်ခြင်းဖြစ်ပြီး နိုင်ငံတော်နှင့် ပြည်သူ များအတွက် ဘေးအန္တရာယ်ကို မကြောက်မရွံ့ဖြင့် ဆောင်ရွက်နေကြသော ကျန်းမာရေးဝန်ထမ်းများအား ဂုဏ်ပြုသည့်သဘောဖြင့် လှူဒါန်းခြင်းလည်းဖြစ်ကြောင်း ပြောကြားသည်။
m ရှေ့ဖုံးမှ
ယင်းနောက် စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းက မိမိတို့နိုင်ငံတွင် ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး ဆိုင်ရာလုပ်ငန်းများကို ကော်မတီများ အသီးသီးဖွဲ့စည်းကာ ကျရာကဏ္ဍမှ ပူးပေါင်းဆောင်ရွက်လျက်ရှိရာတွင် မိမိတို့ဝန်ကြီးဌာနအနေဖြင့် ကိုဗစ်-၁၉ စီးပွားရေးထိခိုက်မှု သက်သာရေးစီမံချက်(CERP)ကို ရေးဆွဲဆောင်ရွက်ရာတွင် လည်းကောင်း၊ ဘဏ္ဍာရေးပိုင်းဆိုင်ရာလိုအပ်ချက်များ လစ်ဟင်းမှုမရှိစေရေးအတွက်လည်းကောင်း၊ နိုင်ငံတကာမှချေးငွေများရယူရာတွင် လည်းကောင်း၊ ကိုဗစ်-၁၉ တုံ့ပြန်ဆောင်ရွက်ရေးလုပ်ငန်းများအတွက် ဘဏ္ဍာရေးစည်းမျဉ်း စည်းကမ်းများလျှော့ချပေးခြင်းဖြင့် လည်းကောင်း၊ ဘဏ္ဍာငွေများအား ဘဏ္ဍာ နှစ်လွန် အသုံးပြုနိုင်ရန်အတွက်လည်းကောင်း၊ စက်ရုံများမှ လူနာတင်ယာဉ်များ၊ ဆေးဝါးများနှင့် တစ်ကိုယ်ရေသုံးရောဂါကာကွယ်ရေးဝတ်စုံများ ထုတ်လုပ်ခြင်း တွင် လည်းကောင်း ပံ့ပိုးကူညီပါဝင်ဆောင်ရွက်လျက်ရှိပါကြောင်း၊ ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများကို ရှေ့တန်းမှဆောင်ရွက်နေသော ကျန်းမာရေးဝန်ထမ်းများ၊ ပရဟိတစေတနာ့ဝန်ထမ်းများအား လေးစားဂုဏ်ပြု သည့်အနေဖြင့် မိမိတို့ဝန်ကြီးဌာနမှ ဝန်ထမ်းများက ပါဝင်လှူဒါန်းခြင်း ဖြစ်ပါ ကြောင်း ပြောကြားသည်။
ယင်းနောက် နည်းပညာ၊ သက်မွေးပညာနှင့် လေ့ကျင့်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာစိုင်းကျော်နိုင်ဦးက မိမိတို့ဦးစီးဌာနမှ ဆရာ ဆရာမများသည် ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများတွင် စေတနာ့ဝန်ထမ်းများအဖြစ် ပါဝင်ဆောင်ရွက်လျက်ရှိပြီး ဆေးရုံများတွင် အသုံး ပြုရန် Robot Trolley များလည်း ပြုလုပ်လှူဒါန်းခဲ့ပါကြောင်း၊ ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများ အားထုတ်ကြိုးပမ်းဆောင်ရွက်နေသည့် ကျန်းမာရေးဝန်ထမ်းများအား ဂုဏ်ယူလေးစားအားကိုးသည့်အနေဖြင့် မိမိတို့ ဦးစီးဌာနမှ ဝန်ထမ်းများက လှူဒါန်းခြင်းဖြစ်ပါကြောင်း ပြောကြားသည်။
အကျိုးရှိထိရောက်စွာ အသုံးချလျက်ရှိ
ထို့နောက် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက လှူဒါန်းမှုများအပေါ် ကျေးဇူးတင်စကားပြောကြားရာ ယခုကဲ့သို့ လှူဒါန်းမှုများအတွက် ကျန်းမာရေးဝန်ထမ်းများအားလုံး၏ကိုယ်စား ကျေးဇူးတင်ရှိပါကြောင်း၊ ဝန်ကြီးဌာနအနေဖြင့် Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးအမျိုးသားအဆင့် ဗဟိုကော်မတီ၏ လမ်းညွှန်မှုများဖြင့် လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိပါကြောင်း၊ ကိုဗစ်-၁၉ သည် အသက်ရှူလမ်းကြောင်းမှတစ်ဆင့် ကူးစက်တတ်သောရောဂါဖြစ်ပြီး လျင်မြန်စွာ ကူးစက်ပျံ့နှံ့နိုင်သည်ဖြစ်သဖြင့် ယခု ကိုဗစ်-၁၉ ကူးစက်မှု ဒုတိယ လှိုင်းနောက်တွင်လည်း ရောဂါကူးစက်မှုလှိုင်းများ ရှိလာနိုင်ပါကြောင်း၊ အဆိုပါ ရောဂါကူးစက်မှုလှိုင်းများ ကြီးမားခြင်းမရှိစေရန်အတွက် ပြည်သူများအနေဖြင့် ရောဂါကာကွယ်ရေးနည်းလမ်းများကို အမြဲတစေဂရုပြုလိုက်နာကြရမည် ဖြစ် ပါကြောင်း၊ မိမိတို့ဝန်ကြီးဌာနအနေဖြင့် ရရှိသောဘဏ္ဍာငွေနှင့်ရန်ပုံငွေများကို အကျိုးရှိထိရောက်စွာ အသုံးချလျက်ရှိပါကြောင်း၊ ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ လုပ်ငန်းများဆောင်ရွက်ရာတွင် ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာနသည် ကျန်းမာရေးစောင့်ရှောက်မှုကဏ္ဍအတွက် အဓိကမဏ္ဍိုင် တစ်ခုဖြစ်သော်လည်း အခြားသက်ဆိုင်ရာကဏ္ဍ လုပ်ငန်းများနှင့် ဆက်စပ် နှီးနွှယ်နေသောကြောင့် သက်ဆိုင်ရာကဏ္ဍပေါင်းစုံ ပါဝင်ပူးပေါင်းဆောင်ရွက် ခြင်းဖြင့် ဆက်လက်ဆောင်ရွက်သွားကြရမည်ဖြစ်ပါကြောင်း ပြောကြားသည်။
ယနေ့လှူဒါန်းမှု အခမ်းအနားတွင် အမျိုးသားလွှတ်တော်ကိုယ်စား အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်းက ငွေကျပ် သိန်း ၅၀၊ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာနမှ ဝန်ထမ်းများကိုယ်စား ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းနှင့် ဒုတိယဝန်ကြီး ဦးဆက်အောင်တို့က ငွေကျပ် ၇၀၅ သိန်း၊ နည်းပညာ၊ သက်မွေးပညာနှင့် လေ့ကျင့်ရေးဦးစီးဌာန၊ ရုံးချုပ်၊ ကောလိပ်၊ သိပ္ပံ နှင့်ကျောင်းများမှ ဆရာ ဆရာမများနှင့် ဝန်ထမ်းမိသားစုများကိုယ်စား ညွှန်ကြား ရေးမှူးချုပ် ဒေါက်တာစိုင်းကျော်နိုင်ဦးက ငွေကျပ်သိန်း ၂၇၀ တို့ကို ပေးအပ် လှူဒါန်းရာ ပြည်ထောင်စုဝန်ကြီးက လက်ခံခဲ့ပြီး ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည် ပေးအပ်ခဲ့ကြောင်း သိရသည်။
သတင်းစဉ်