
ဒေါက်တာမောင်ကျော်၊ ပါမောက္ခချုပ်(ငြိမ်း)
မြန်မာအမျိုးသားပညာရေးလှုပ်ရှားမှုတစ်ရပ် ၁၉၂၀ ပြည့်နှစ်ထဲမှာ ကြီးကြီးမားမားပေါ်ပေါက်ခဲ့ပါတယ်။ လွတ်လပ်ရေးအတွက် ရှေ့ပြေးဖြစ်ခဲ့ပါတယ်။ ဒီလှုပ်ရှားဆောင်ရွက်ချက်ဟာ အမျိုးသားရေး ကိစ္စကို ဗဟိုပြုခဲ့တာဖြစ်ပါတယ်။ အမျိုးသား အကျိုးစီးပွား(National Interest) ကောင်းကျိုး အတွက်ပဲဖြစ်ခဲ့ပါတယ်။ အထွေထွေနောက်မကျ ရေး၊ ဗလငါးတန်ဖွံ့ဖြိုးရေး၊ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးရေး၊ ပညာရည်မြင့်မားရေး၊ တိုင်းရင်းသား ညီအစ်ကိုတွေနဲ့ စည်းလုံးညီညွတ်ရေးတို့ဟာ တကယ့်ကိုဦးတည်ရမယ့် အမျိုးသားရေးကိစ္စ၊ အမျိုးသားအကျိုးစီးပွားပဲဖြစ်ပါတယ်။
အမျိုးသားကျောင်းတွေ ဖွင့်လှစ်သင်ကြား
ဒီလှုပ်ရှားမှုရဲ့ အကြောင်းရင်းဇာစ်မြစ်ကတော့ မြန်မာနိုင်ငံမှာ ပေါ်ပေါက်လာတော့မယ့် ရန်ကုန် တက္ကသိုလ်မှာ မြန်မာတို့တက်ရောက်ရန် ခက်ခဲတဲ့ ဥပဒေကို ဗြိတိသျှအစိုးရက တင်သွင်းခဲ့တာက စခဲ့တာဖြစ်ပါတယ်။ သီပေါမင်းပါတော်မူတဲ့နှစ်က စရေတွက်မယ်ဆိုရင် မြန်မာနိုင်ငံဟာ သူ့ကျွန်ဘဝ ရောက်ခဲ့တာ နှစ်ပေါင်း သုံးဆယ်၊ လေးဆယ်နီးပါး ကြာခဲ့ပြီဖြစ်ပါတယ်။ တိုင်းတစ်ပါးလက်အောက်က လွတ်မြောက်လိုတဲ့ဆန္ဒ ပြင်းပြတဲ့ကာလ မြန်မာ တို့ဟာ နိုးကြားခဲ့တာဖြစ်ပါတယ်။ အမျိုးသား ကျောင်းတွေ ဖွင့်လှစ်သင်ကြားခဲ့ပါတယ်။ စာမေးပွဲ တွေမှာ အင်္ဂလိပ်အစိုးရကျောင်းတွေလောက် အောင်ချက်မကောင်းပေမယ့် မျိုးချစ်စိတ်၊ ဝံသာနုစိတ်၊ လွတ်လပ်ရေးရလိုတဲ့စိတ်ဓာတ်တွေ မွေးမြူနိုင်တာမို့ အတိုင်းမသိ အကျိုးထူးခဲ့ပါတယ်။
အမျိုးသားပညာရေးဖြစ်ဖို့ ကနဦးတာထွက် ခဲ့တဲ့ University Boycott မှသည် လွတ်လပ်ရေးရဖို့ သက်စွန့်ကြိုးပမ်းခဲ့တဲ့ တိုင်းရင်းသားလူမျိုး အသီးသီးတို့ကလည်းကောင်း၊ ဗုဒ္ဓဘာသာကလျာဏ ယုဝအသင်းချုပ်ကြီးက အမျိုးစောင့်ဝံသာနု ရက္ခိတတရားပွားများအောင် ဆောင်ရွက်ချက်တွေ က လည်းကောင်း၊ တို့ဗမာအစည်းအရုံးရဲ့ နိုင်ငံရေးအမြင် ကြည်လင်စူးရှအောင် ဆောင်ရွက် ချက်တွေကလည်းကောင်း၊ နိုင်ငံချစ်စိတ် မျိုးချစ် စိတ်ထက်သန်ကြတဲ့ ရဲဘော်သုံးကျိပ်အမှူးပြုတဲ့ မျိုးချစ်တွေနဲ့ တိုင်းရင်းသားပြည်သူလူထု လက်တွဲပြီး နိုင်ငံရေးဆောင်ရွက်ချက်တွေက လည်းကောင်း မြန်မာနိုင်ငံရဲ့ သမိုင်းမော်ကွန်းတွေ ဖြစ်ပါတယ်။ ယနေ့အချိန်အခါကာလမျိုးမှာ ပိုပြီး တမ်းတ လွမ်းတသသဖြစ်ရပါတယ်။
လွတ်လပ်ရေးမရမီ၊ လွတ်လပ်ရေးရပြီးကာလ မှာ ဗြိတိသျှ၊ အိန္ဒိယ၊ သီရိလင်္ကာနိုင်ငံတွေမှာ ဆိုရှယ် လစ်စနစ်ကျင့်သုံးတဲ့ကိစ္စဟာ ရေပန်းစားလေတော့ မြန်မာဟာလည်း ပြောဖွယ်ရာမရှိဖြစ်တဲ့ကာလ၊ နိုင်ငံရေးအယူအဆ အတွေးအခေါ်တွေ အဖွဲ့အစည်း လူထုအတွင်းမှာ စိမ့်ဝင်ခဲ့ကာ သွေးခွဲသပ်လျှိုမှုတွေကို နိုင်ငံ့ခေါင်းဆောင်တွေ ကြုံခဲ့ရပါတယ်။ မြန်မာဟာ အိန္ဒိယနဲ့ သီရိလင်္ကာနိုင်ငံတွေနဲ့ မရှေးမနှောင်း လွတ်လပ်ရေးရခဲ့ပါတယ်။ အိန္ဒိယက ၁၉၄၇ ခုနှစ် သြဂုတ်လ ၁၅ ရက်နေ့မှာ လွတ်လပ်ရေးရခဲ့ပါတယ်။ အိန္ဒိယက ၁၉၅ဝ ပြည့်နှစ်မှာ ဖွဲ့စည်းပုံနဲ့သမ္မတနိုင်ငံ ထူထောင်ခဲ့ပါတယ်။ ဒီမတိုင်မီ ၁၉၄၆ ခုနှစ် စက်တင်ဘာလ ၂ ရက်နေ့ကတည်းက ဖဆပလအဖွဲ့ ချုပ်ခေါင်းဆောင်တွေဟာ အစိုးရအဖွဲ့ထဲကို ရောက် နေပြီဖြစ်ပါတယ်။ ပြည်တွင်းနိုင်ငံရေးအင်အားစုတွေ အာဃာတတွေ၊ မကျေမနပ်မှုတွေ ရှိခဲ့ပေလိမ့်မယ်။ ဖဆပလအဖွဲ့ချုပ်ကြီး နှစ်ခြမ်းကွဲတော့မည်ကို ဦးသန့်က သိနေသည်။ အာဏာလွန်ဆွဲပွဲတွေ တစ်စ တစ်စ ကြီးမားလာနေလေတော့ ဦးသန့်ကိုယ်တိုင်ပင် လျှင် မြန်မာ့နိုင်ငံရေးဇာတ်ခုံကို စိတ်ကုန်သလောက် ဖြစ်နေပြီလို့ မောင်ရွှေခေတ်ရေးသော ဦးသန့်၏ ဘဝအတွေ့အကြုံများစာအုပ်တွင် ဖတ်ရှုရပါတယ်။
ပန်းတနော် အမျိုးသားကျောင်းဆရာ ကုလ သမဂ္ဂအတွင်းရေးမှူးချုပ်ဟောင်း ဦးသန့်ဟာ သူ့ တပည့်တွေကို နှုတ်ဆက်စကားပြောကြားရာမှာ- “တပည့်တို့ လူတော်လူကောင်းဖြစ်အောင် ကြိုးစား ကြပါ။ လူတော်မဖြစ်လျှင်တောင်မှ လူကောင်းဖြစ် အောင် ကြိုးစားကြပါ၊ ဒီနေ့ဒို့နိုင်ငံမှာ လူတော်လည်း သိပ်ရှားတယ်။ လူဆိုးတွေလည်း အများကြီးပဲ”လို့ ထည့်သွင်းပြောသွားခဲ့တာကို ဖတ်ရပါတယ်။ ၁၉၄၇ ခုနှစ် ဇူလိုင်လ ၁၉ ရက်နေ့မှာ ဗိုလ်ချုပ်အောင်ဆန်းနဲ့ တကွ အာဇာနည်ပုဂ္ဂိုလ်ကြီးတွေ ရက်စက်စွာလုပ်ကြံ သတ်ဖြတ်ခံလိုက်ရပါတော့တယ်။
ဝိသေသလက္ခဏာတွေ
ဘေးပယောဂတွေ ရှိခဲ့တာတွေကတစ်မှောင့်၊ အမျိုးသားရေး ဝိသေသလက္ခဏာတွေကို သတိ လက်လွတ်တဲ့ သဘောဆောင်ခဲ့ပါလိမ့်မယ်။ လွတ်လပ်ရေးရပြီး ပန်းတိုင်ရောက်ပြီမို့ နားနားနေနေ ပျော်ပျော်ရွှင်ရွှင်နဲ့ ခရီးဆက်ကြရမယ့်အစား နိုင်ငံရဲ့ အင်အားစုတွေဟာ သဟဇာတဖြစ်မလာကြဘဲ အချင်းချင်း အားပြိုင်အနိုင်ယူလိုမှုအောက်မှာ ပြည်သူ တွေဟာ ကျီးလန့်စာစား၊ ကံကို ရိုးမယ်ဖွဲ့၊ ဖြစ်သမျှ အကြောင်း အကောင်းချည်းပဲလို့ ခံယူခဲ့သူ များပါတယ်။
လွတ်လပ်ရေးရရှိဖို့ မနေ့ကကိစ္စတွေကို ခွန်နဲ့ အားနဲ့ ကြိုးပမ်းဆောင်ရွက်ခဲ့တဲ့ ဘိုးဘေးဘီဘင်တွေ ဟာ အနော်ရထာ၊ ကျန်စစ်သား စတဲ့ ဘုရင်မင်းမြတ်နဲ့ ပုဂံခေတ်ပြည်သူတွေလို တာဝန်ကျေပွန်ခဲ့ပါတယ်။ သူတို့ရဲ့သာယာဝပြောမှုကို ရှေ့တန်းမတင်၊ အနစ် နာခံ၊ နေ့မအားညမနား အားထုတ်ခဲ့သူတွေဖြစ်ပါ တယ်။ သူတို့ထားခဲ့တဲ့အမွေအနှစ် အတွေ့အကြုံနဲ့ အသီးအပွင့်ဖြစ်တဲ့ လွတ်လပ်ရေးကို ကျွန်တော်တို့ တစ်တွေခံစားရတာဖြစ်ပါတယ်။ မိဘ၊ အဘိုး၊ အဘွား တို့ရဲ့ခွန်အားအမြော်အမြင်နဲ့ စီမံပြုလုပ်ခဲ့တဲ့ အသီး အပွင့် အမွေအနှစ်တွေကို ခံစားကြသူတွေဖြစ်ပါ တယ်။ မနက်ဖြန်ကိစ္စတွေဟာ အနာဂတ်လူငယ်တွေနဲ့ ပြည်သူတွေ ပိုင်ဆိုင်ကြပါတယ်။ တာဝန်ယူကြရ လိမ့်မယ်။ ကောင်းမွေ ဆိုးမွေတွေထဲက ဘယ်လို ကောင်းမွေတွေကို ခွဲခြားယူကြမလဲဆိုတာ သူတို့ ဆုံးဖြတ်ကြရလိမ့်မယ်။
နိုင်ငံရေးအမြော်အမြင်အရ သုံးသပ်ချက်
ကောင်းမွေတွေကိုယူတတ်ဖို့နဲ့ မကောင်းတာ တွေ ပယ်တတ်တဲ့ အရည်အချင်းနဲ့ ဉာဏ်အမြော် အမြင်တွေရှိဖို့ ပြင်ဆင်ကြရပါလိမ့်မယ်။ “နိုင်ငံရေး နယ်ပယ်မှ ပါတီများဟာ တန်ဖိုးအသီးသီးရှိကြသည် ကို အဘက်ဘက်မှ ဝန်ခံရမယ်။ ကောင်းမွန်သော အခြေအနေကို ထင်ရှားစေပါသည်။ ပါတီစုံစနစ်မှာ ပါတီတွေ များပြားလာပါက ဆရာများ သားသေ၊ ငါးသိုင်းများ ဟင်းဟုံသောအဖြစ်မျိုးနဲ့ တူလေ သည်”ဆိုသော ဦးသန့်ရဲ့ နိုင်ငံရေးအမြော်အမြင်အရ သုံးသပ်ချက်ဟာ မှန်နေပြီလော။ ယူကေဝန်ကြီးချုပ် ဂျွန်မေဂျာက “နိုင်ငံရေးဆိုသည် အတွေးအခေါ်ဝါဒ (Ideology) ရဲ့ အခန်းကဏ္ဍတစ်ခုတည်းမဟုတ်။ အဲဒီဝါဒရဲ့လုပ်ငန်းစဉ်ကို လက်တွေ့ကျကျသက်ဝင် လှုပ်ရှားပါဝင်ရမယ်။ နိုင်ငံရေးသမားတွေမှာ အာဏာ ရှိတဲ့အခါ၊အစိုးရအဖွဲ့ထဲ ရောက်လာတဲ့အခါ၊ ရွေးချယ် မှုခံရတဲ့အခါ တကယ်တမ်းကြည့်ရှုစောင့်ရှောက် ရမှာက ထိုနိုင်ငံရဲ့အကျိုးစီးပွားဖွံ့ဖြိုးရေးပဲဖြစ် တယ်”လို့ ၁၉၉၈ ခုနှစ် မတ်လထုတ် Newsweek မဂ္ဂဇင်းမှာ ဖွင့်ဆိုထားတာကို တွေ့ရပါတယ်။
ဦးသန့်သည် ဘယ်သောအခါမှ နိုင်ငံရေးပါတီသို့ ဝင်ရောက်ခြင်းမရှိ၊ ပါတီထောင်နိုင်သော လူသစ် တစ်ဦးပေါ်လာတိုင်း ရင်ခုန်မိသည်။ တူညီဝတ်စုံနှင့် ပတ်သက်၍ ဦးသန့်က လွတ်လပ်မှုကိုအားပေးသည်။ ဗိုလ်ချုပ်အောင်ဆန်းက အမိနိုင်ငံအတွက် ညီရင်း အစ်ကိုကဲ့သို့ တစ်စိတ်တစ်သဘောတည်း တညီတညွတ် တည်း ပူးတွဲသစ္စာရှိမှုကိုညွှန်းသည်။ ပြည်တွင်းဖြစ် အထည်တွေကို ဝတ်ရမည်။ “အရေးပါ အရာရောက် ရမည်” ဆိုသည့် ပင်ကိုစိတ်သဘောထား၊ “အမိ နိုင်ငံတော်အတွက်”၊ “အရေးပါ အရာရောက်ရမည်” စသည့် အမြော်အမြင်တို့ဟာ ထူးခြားတဲ့အမျိုးသားရေး လက္ခဏာများပဲဖြစ်ပါတယ်။ “လွတ်လပ်မှုကို အားပေးသည်” ဟု ဦးသန့်ဆိုရာ၌ တစ်ရွာနှင့်တစ်ရွာ သီဆိုသောတေးသီချင်း၊ ရွတ်ဆိုသောဂါထာ၊ ရိုးရာ တိုင်းရင်းသားတို့ရဲ့ ထူးခြားလှပတဲ့ဝတ်စုံဟာ တစ်ကျောင်းတစ်ဂါထာ တစ်ရွာတစ်ပုဒ်ဆန်းကို ဆန်းရမည်။ စွမ်းရည်အသီးသီးရှိကြသည်ကို အမြင့်ဆုံးသို့ရောက်ရန် ညွှန်းခြင်းဖြစ်တယ်လို့ မြင်ပါတယ်။
အမျိုးသားရေးကိစ္စတွေ တည်တံ့ရှင်သန်အောင်၊ ထွန်းကားအောင် စာပေတွေ၊ ဂီတအနုပညာပန်းချီ ကားချပ်ကြီးတွေ၊ ယဉ်ကျေးမှုအမွေအနှစ်တွေနဲ့ သဘာဝအလှအပတရားတွေက ထိန်းပေးနိုင်ပါ တယ်။ အမြင့်ဆုံးထိန်းကျောင်း တည့်မတ်ပေးနိုင် တာကတော့ ပညာရေးပဲ။ ပညာရေးဟာ နိုင်ငံနဲ့ လူမျိုးရှင်သန်မှု၊ ဖွံ့ဖြိုးတိုးတက်မှုနဲ့ လူ့ဘောင်ရဲ့ ညီညွတ်မှု၊ တည်ငြိမ်အေးချမ်းမှုရဲ့ အရင်းခံဖြစ်ပါ တယ်။ ပညာရေးက အမြော်အမြင်နဲ့ ဉာဏ်ရည် ဉာဏ်သွေးမြင့်အောင်၊ နှလုံးရည်မြင့်မားအောင်အထိ စွမ်းဆောင်နိုင်ပါတယ်။ နိုင်ငံနဲ့လူမျိုးရဲ့အသက် ဝိညာဉ်ဟာ ပညာရေးပဲဖြစ်ပါတယ်။
ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ
အမျိုးသားရေးလက္ခဏာတွေရှိတဲ့ နိုင်ငံတွေ ကို ထောက်ပြပါဆိုလျှင် လေ့လာဆည်းပူးမှုအရ ဂျာမနီနိုင်ငံ၊ ဗီယက်နမ်နိုင်ငံနဲ့ ဂျပန်နိုင်ငံတို့ ဖြစ်ပါ တယ်။ ဂျပန်ဟာ စစ်ရှုံးတော့ စစ်လျော်ကြေး ပေးရတဲ့နိုင်ငံ၊ ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာမှာ ပြာပုံဘဝက ထခဲ့ရတယ်လို့ခန့်မှန်းလို့ရပါတယ်။ ဂျပန်ဟာ တိုင်းပြည်ရဲ့ ၁၀ ရာခိုင်နှုန်းကို အရင်း ရှင်စနစ်၊ ကျန် ၉၀ ရာခိုင်နှုန်းကို ဆိုရှယ်လစ်စီးပွား ရေးစနစ်နဲ့ တိုင်းပြည်ကို ပြာပုံကထဖို့ နှစ်ပြိုင် စီးပွားရေးစနစ်ကို ကျင့်သုံးခဲ့တာ အလုပ်ဖြစ်ခဲ့တယ်။ Made in Japan ဆိုတာ“အရည်အသွေးညံ့လိုက် တာ” ဆိုတဲ့ ပြက်ရယ်ပြုတဲ့စကားကို သည်းခံနိုင် စွမ်းရှိတယ်။ သင်ယူလိုစိတ်၊ အများတကာထက် နောက်ကျကျန်ရစ်မှာကို စိုးရိမ်တဲ့စိတ်တွေဟာ ဂျပန်တို့အတွက် ချမ်းသာခြင်းအကြောင်းတရား တွေပဲ၊ အမျိုးကိုချစ်တဲ့စိတ်၊ အမျိုးသားရေး စိတ်ဓာတ်မယိမ်းမယိုင် ခိုင်မာလို့ပဲလို့ သုံးသပ်ပါ တယ်။ ၁၉၈ဝ ပြည့်နှစ်များမှာ ဂျပန်ရဲ့ ဗျူရိုကရက်တစ် အရင်းရှင်စနစ်ဟာ အံ့ဩဖွယ်ကောင်းလောက် အောင် အောင်မြင်ခဲ့တာတွေ့ရပါတယ်။ ၁၉၉၇ ခုနှစ်မှာ အဆင့်မြင့်ပညာရှင်တွေ နည်းပညာ လုပ်သားပညာရှင်အင်အား ၆၇ ဒသမ ၉ သန်းအထိ ရောက်ခဲ့ပါတယ်။ ဆိုရှယ်လစ်၊ အရင်းရှင်နိုင်ငံရေးအင်အားစုတောင့်တင်းသလို နည်းပညာရှင်အင်အား ဟာလည်း အမျိုးသားရေးအင်အားစုပဲ၊ မြင့်မားတဲ့ ဒီနည်းပညာစွမ်းပကားဟာ နှစ်သုံးရာကြာ ရပ်တည်နေမယ့် အာရှက နိုင်ငံတစ်နိုင်ငံဖြစ်တယ် လို့ ခန့်မှန်းကြပါတယ်။ နှစ်ခြမ်းကွဲခဲ့တဲ့ ဗီယက်နမ်၊ ဂျာမနီနိုင်ငံတို့ဟာ နိုင်ငံရေးအင်အားစုတွေ၊ ကာကွယ် ရေး အင်အားစုတွေကောင်းလို့ ကွဲပြားခြားနားတဲ့ နိုင်ငံရေးသဘောတရား (Ideology) အပေါ် သဘောထားကြီးနိုင်တဲ့ အမျိုးသားရေး အမြော် အမြင်၊ ဂျာမန်ဆိုတဲ့ အမျိုးသားရေးစိတ်ဓာတ် တွေက ပေါင်းစည်းပေးလိုက်တယ်လို့ ပြောရမှာ ဖြစ်ပါတယ်။
“ကျွန်တော်တို့ဟာ လူဦးရေထူပြောတဲ့တရုတ်၊ အိန္ဒိယနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံကြားမှာရှိတယ်။ တိုင်းတစ်ပါးအောက် ရောက်ခဲ့ပြီဆိုကတည်းက မြန်မာတို့ ရုန်းကန်ကြီးထွားလာခဲ့ရပုံတွေဟာ အခြားသောနိုင်ငံတွေနဲ့ မတူညီခဲ့တော့ပါဘူး။ အနီးစပ်ဆုံးဥပမာကတော့ ထိုင်းနိုင်ငံပါပဲ။ ကိုလိုနီ နိုင်ငံမဖြစ်ခဲ့ပါဘူး။ ဘုရင်စနစ်ဟာ ယနေ့တိုင် တည်မြဲလျက်ရှိနေပါတယ်။
m စာမျက်နှာ ၁၀ မှ
အမျိုးသားရေး စရိုက်လက္ခဏာတွေ
ပြန်ပြီးကောက်ရရင် လွတ်လပ်ရေးရခါစ၊ ရပြီး နောက်ပိုင်း ၁၀ နှစ်အတွင်းမှာ မြန်မာ့နိုင်ငံရေး အကျပ်အတည်းရှိခဲ့တာကို တွေ့ရပါတယ်။ လက်နက် စွဲကိုင်မှုတွေအထိ မြင်ခဲ့တော့ မြန်မာ့တပ်မတော် ဟာ အမိနိုင်ငံတော်အတွက် အမျိုးသားနိုင်ငံရေးထဲရောက်လာရပါတော့တယ်။ အမေရိကန်စတိုင် ဒီမိုကရေစီနည်းလမ်းနဲ့ ဖြေရှင်းပေးဖို့ အခြေအနေ မပေးလေတော့ တပ်ကိုတွန်းပို့လိုက်သလိုဖြစ်ခဲ့ တယ်လို့ သုံးသပ်ရမှာဖြစ်ပါတယ်။ တိုင်းရင်းသား ညီအစ်ကိုတွေအထိ အချင်းချင်း ထိပ်တိုက်ရင်ဆိုင်မှု တွေဟာ ပြင်းထန်လာခဲ့တယ်။ တစ်ဦးနဲ့တစ်ဦး တစ်ဖွဲ့နဲ့တစ်ဖွဲ့ ခါးသီးမှု၊ မုန်းတီးမှုအထိရောက်လာ ခဲ့တော့ သယံဇာတ၊ လမ်းတံတားတွေ ဆုံးရှုံးတာ အဓိကမဟုတ်၊ အေးအတူပူအမျှ ငြိမ်းငြိမ်းချမ်းချမ်း နေလိုတဲ့ ဆန္ဒ၊ အမျိုးသားအကျိုးစီးပွားရှေးရှုတဲ့ ဝိသေသ၊ နိုင်ငံတကာအလယ်မှာ ထည်ထည်ဝါဝါနဲ့ နေနိုင်တဲ့လက္ခဏာတွေက အဓိကဖြစ်လာတာတွေ့ ရပါတယ်။ ၂၀၀၀ ပြည့်နှစ်များမှာ အမျိုးသားရေး စရိုက်လက္ခဏာတွေ တည့်မတ်လာတာတွေ့ရပါ တယ်။ ပညာရေးလက်လှမ်းမီအောင် လူရှိတဲ့နေရာ မှာ ကျောင်းဆောက်၊ အရည်အချင်းမြင့်သထက်မြင့် အောင်၊ ပညာတတ်သထက် တတ်အောင်၊ ကျွမ်းကျင်မှုအရည်အသွေး မြင့်သထက်မြင့်အောင် တက္ကသိုလ်ကောလိပ်တွေ တည်ထောင်ခဲ့ တာ အမျိုးသားရေး၊ လူ့စွမ်းအားအရင်းအမြစ် မွေးထုတ်ဆောင်ကြဉ်းပေးခြင်းပဲဖြစ်တယ်။ စီးပွားရေး ဖွံ့ဖြိုးလာအောင်၊ တိုင်းရင်းသားလုပ်ငန်းရှင်တွေ ပေါ်ပေါက်နိုင်အောင်၊ တောင်ပေါ် မြေပြန့် ညီအစ်ကို အချင်းချင်းတွေ့နိုင်သွားနိုင်လာနိုင်အောင် အင်အား ထည့်လုပ်ခဲ့တာတွေကိုလည်း အသိအမှတ်ပြု ရမှာဖြစ်ပါတယ်။ အနှစ်နှစ် အလလက ကြံစည် စိတ်ကူးခဲ့တဲ့ အဝေးပြေးလမ်းမကြီးနဲ့ နေပြည်တော် ကို အကောင်အထည်ဖော်တာတွေ့ရမှာ ဖြစ်ပါ တယ်။
အနှစ်ချုပ်ကို တင်ပြရရင် အမျိုးသားရေး ဝိသေသတွေဖြစ်တဲ့ နိုင်ငံလွတ်လပ်ရေးကို ထိန်း သိမ်းစောင့်ရှောက်ကြရလိမ့်မယ်။ နှစ်ပေါင်း ထောင်သောင်းမက အေးအတူပူအမျှ အတူတကွ နေထိုင်ခဲ့ကြတဲ့ တိုင်းရင်းသားညီအစ်ကိုတစ်တွေ နဲ့ အတူလက်တွဲကာ ရှေ့ခရီးကို အမျိုးသားနေ့မှ သည် အနာဂတ်ဆီသို့ ပျော်ပျော်ပါးပါးနဲ့ လျှောက် လှမ်းကြရလိမ့်မယ်။ ယနေ့အချိန်အခါမှာ နိုင်ငံရေး တည်ငြိမ်မှု ရင့်ကျက်လာအောင်၊ အကိုင်းအခက် အသီးအပွင့်တွေ ဝေဝေဆာဆာဖြစ်တဲ့ အရိပ်ရ သစ်တောကြီးဖြစ်အောင် ရှေးရှုကြရလိမ့်မယ်၊ စုပေါင်းအားနဲ့ အေးအေးဆေးဆေး ဖြည်းဖြည်းနဲ့ မှန်မှန် တည်ထောင်ကြရပေဦးမည်။ “တောကောင်း သဖြင့် ကျားလုံ၊ ကျားရှိသဖြင့်တောလည်းလုံခြုံ” သကဲ့သို့ အချင်းချင်း အပြန်အလှန် အကျိုးပြုကြ ခြင်းဖြင့် အေးချမ်းသာယာပြီး ခေတ်မီဖွံ့ဖြိုးတိုးတက် တဲ့ နိုင်ငံအဖြစ် ရပ်တည်နိုင်မှာဖြစ်ပါကြောင်း အမျိုးသားနေ့ကို ဂုဏ်ပြုရေးသားတင်ပြအပ်ပါ တယ်။ ။
ကျမ်းကိုး -
- Myanmar, Facts and Figures
March, 2000, Ministry of Information, Myanmar
- ဦးသန့်၏ဘဝအတွေ့အကြုံများ၊ မောင်ရွှေခေတ်
- နှစ်ဆယ်ရာစု မြန်မာနိုင်ငံ၊ ရန်ကုန်တက္ကသိုလ် ပညာရေးဝန်ကြီးဌာန၊ ရန်ကုန်တက္ကသိုလ် နှစ် (၁၀၀) ပြည့် အထိမ်းအမှတ်ဆောင်းပါး(၂)
ပြန်ကြားရေးဝန်ကြီးဌာန၊ ၂၀၂၁ ခုနှစ်၊ ဇွန်လ
- Asia Pacific: Its Role in the new World Order, (Myanmar Burma) by M S Dobbs -Higginson, New Light of Myanmar (1998)
- Log in to post comments