အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာနဥက္ကဋ္ဌ၊ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ-(၂၁)ရာစုပင်လုံ၊ စတုတ္ထအစည်းအဝေး၊ တတိယနေ့တွင် ပြောကြားသည့် ကျေးဇူးတင်စကား

 

 

 

(၂၀၂၀ ပြည့်နှစ်၊ ဩဂုတ်လ ၂၁ ရက်)

 

 

လေးစားအပ်ပါသော ညီလာခံသဘာပတိကြီးနဲ့တကွ သဘာပတိအဖွဲ့ဝင် များ၊ အစုအဖွဲ့အသီးသီးက ခေါင်းဆောင်များ၊ ညီလာခံကိုယ်စားလှယ်ကြီးများ အားလုံး ကောင်းကျိုးလိုရာ ဆန္ဒအပေါင်းနဲ့ ပြည့်စုံကြပါစေလို့ ဆုမွန်ကောင်း တောင်းလိုက်ပါတယ်။

ဒီကနေ့ ပြည်ထောင်စုသဘောတူစာချုပ်၊ အစိတ်အပိုင်း(၃)ကို လက်မှတ် ရေးထိုးနေကြတဲ့ မြင်ကွင်းကို ကြည့်နေသူများထဲမှာ အရင်ညီလာခံတွေ၊ အရင်က ဆွေးနွေးညှိနှိုင်းမှုတွေကို ပြန်လည်မြင်ယောင်နေသူတွေ ရှိပါ လိမ့်မယ်။ ဒီ (၄) နှစ်ကျော်ကာလအတွင်းမှာ ကျွန်မတို့အားလုံး စိတ်ရော ကိုယ်ပါ မြှုပ်နှံပြီးတော့ အကောင်းဆုံးဖြစ်အောင် ကြိုးစားအားထုတ်ခဲ့ကြ ပါတယ်။ (၂၁) ရာစုပင်လုံညီလာခံ၊ ဒုတိယအစည်းအဝေးကာလ၊ UPDJC အစည်းအဝေးမှာ အရေးကြီးတဲ့ သဘောတူညီချက်တွေ မရနိုင်တော့လို့ စိတ်ပျက်လက်ပျက် ဖြစ်သွားခဲ့ရတာ တိုင်းရင်းသားခေါင်းဆောင်တချို့ရဲ့ မျက်နှာတွေမှာ မြင်နိုင်ခဲ့ပါတယ်။ အဲဒီတုန်းက ကျွန်မက စိတ်မပျက်ကြဖို့၊ အားမကျဖို့နဲ့ နောက်ထပ်လာမယ့် ညီလာခံတွေမှာ ဆက်ပြီးကြိုးစားကြဖို့ အားပေးစကား ပြောခဲ့ပါတယ်။ ဖြစ်နိုင်ရင် သဘောတူညီချက်တွေ အများကြီး ပြီးမြောက်ရရှိအောင် ယူချင်ကြတာပေါ့။ ဒါပေမယ့် ဒီပြဿနာတွေဟာ လွတ်လပ်ရေးရပြီးတဲ့နောက် ကျွန်မတို့နိုင်ငံရဲ့ သက်တမ်းနဲ့အမျှ ဖြစ်ပွားခဲ့တဲ့ ပြဿနာတွေဆိုတာ သတိပြုကြစေလိုပါတယ်။ ဒါကြောင့် ကျေကျေလည်လည် ဖြစ်ဖို့ အချိန်ယူရသလို ကျေကျေနပ်နပ်လည်းဖြစ်ဖို့ အသေးစိတ်ဆွေးနွေး ကြရပါတယ်။

ထင်ထင်ရှားရှား မှတ်ကျောက်တင်

(၃) ရက်တာ ညီလာခံကာလဟာ တိုတောင်းတယ်ဆိုပေမယ့် ဒီကနေ့ လက်မှတ်ရေးထိုး စာချုပ်ချုပ်ဆိုခဲ့တဲ့ ပြည်ထောင်စုသဘောတူစာချုပ်၊ အစိတ်အပိုင်း (၃) ဟာ လွယ်လွယ်ကူကူ ရရှိလာခဲ့တာတော့ မဟုတ်ပါဘူး။ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ တွေ့ကြုံရင်ဆိုင်ရမြဲဖြစ်တဲ့ အနိမ့်-အမြင့်၊ အတက်-အကျတွေ၊ တစ်ဖက်နဲ့တစ်ဖက် ကျေကျေလည်လည်ဖြစ်အောင် အချိန်ယူရတာတွေ၊ COVID-19 ကပ်ရောဂါ ကာကွယ်ထိန်းချုပ်တုံ့ပြန်ရေး ဆောင်ရွက်နေရတဲ့အချိန်လည်း ဖြစ်နေတာတွေကြားက ခက်ခက်ခဲခဲ အချိန်ယူကြိုးပမ်းခဲ့ပြီးတဲ့နောက် ရရှိလာခဲ့တဲ့ သဘောတူစာချုပ် ဖြစ်ပါတယ်။ ဒါဟာ ကျွန်မတို့ အစုအဖွဲ့တွေအားလုံး ပါဝင်ရေးဆွဲခဲ့တဲ့ (၂၁) ရာစုပင်လုံ နိုင်ငံရေးဆွေးနွေးပွဲလုပ်ငန်းစဉ်ရဲ့ အားကောင်းမှုကို သက်သေပြသနေသလို ဒီလုပ်ငန်းစဉ်မှာ ပါဝင်သူအားလုံးရဲ့ နိုင်ငံရေး စိတ်စေတနာ၊ စိတ်ပိုင်းဖြတ်မှုနဲ့ မဆုတ်မနစ် ကြိုးပမ်းမှုတို့ကို ထင်ထင်ရှားရှား မှတ်ကျောက်တင်လိုက်တာ လည်း ဖြစ်ပါတယ်။

ဒီကနေ့ချုပ်ဆိုတဲ့ ပြည်ထောင်စုသဘောတူစာချုပ်၊ အစိတ်အပိုင်း (၃) ဟာ ပြီးခဲ့တဲ့ ပြည်ထောင်စုသဘောတူစာချုပ်တွေထက် ပိုမိုထူးခြား၊ ပိုမိုလေးနက်ပြီး ပိုမိုအနှစ်သာရပြည့်ဝတဲ့ စာချုပ်ဖြစ်ပါတယ်။ ဒီစာချုပ်ရဲ့ အပိုင်း(၁)မှာ တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) နဲ့ ပတ်သက်တဲ့ နားလည်မှု ပြဿနာတွေ၊ NCA ကို အကောင်အထည် ဖော်ရာမှာ တွေ့ကြုံခဲ့ရတဲ့ အခက်အခဲတွေကို ဖြေရှင်းနိုင်မယ့် လမ်းကြောင်း တစ်ခု၊ တံခါးတစ်ချပ်ကို ဖွင့်လှစ်ပေးနိုင်ခဲ့ပါတယ်။

စာချုပ်ရဲ့ အပိုင်း (၂)၊ ၂၀၂၀ အလွန် အဆင့်လိုက် လုပ်ငန်းစဉ်တွေနဲ့ အဆင့်လိုက် အကောင်အထည်ဖော်မှုတွေဟာ အခြေခံမူတွေ သက်သက်ကိုပဲ ရှာဖွေနေတာမျိုး မဟုတ်တော့ဘဲ ပြည်ထောင်စုကြီးကို လက်တွေ့ကျကျ အဆင့်လိုက် ဖော်ဆောင်သွားမယ့်လုပ်ငန်းစဉ်တွေ ပါဝင်လာခဲ့ပါပြီ။ အဆင့် လိုက် ဆက်လက်ဆွေးနွေးညှိနှိုင်းကြတဲ့အခါ အရင်က အားလုံးသဘောတူ ရရှိခဲ့ပြီးဖြစ်တဲ့ အခြေခံမူ (၅၁) ချက်ကို အလိုက်သင့် ထည့်သွင်းအကောင် အထည်ဖော်သွားလို့ရပြီ ဖြစ်ပါတယ်။

စာချုပ်ရဲ့ အပိုင်း(၃)ဟာ ဘယ်လို ပြည်ထောင်စုမျိုး ဖြစ်ချင်သလဲဆိုတာကို အားလုံး မျှဝေလက်ခံတဲ့ အနာဂတ်မှာ အားလုံးမြင်ချင်၊ တွေ့ချင်၊ ပေါ်ပေါက် လာစေချင်တဲ့ ပြည်ထောင်စုကြီးရဲ့ ပုံသဏ္ဌာန်ကို လမ်းညွှန်အခြေခံမူတွေနဲ့ ပုံဖော်ထားတာပဲ ဖြစ်ပါတယ်။

ဒီကနေ့ ဒီအချိန်မှာ ကျွန်မတို့နိုင်ငံ၊ ကျွန်မတို့ ပြည်ထောင်စုကို ဒီမိုကရေစီ ဖက်ဒရယ် ပြည်ထောင်စုအဖြစ် တည်ဆောက်မယ်ဆိုတာဟာ အငြင်းပွားစရာ မရှိတော့ပါဘူး။ ဒီကနေ့ ချုပ်ဆိုတဲ့ ပြည်ထောင်စုသဘောတူစာချုပ်၊ အပိုင်း (၃) အရ ဘယ်လိုအဆင့်တွေ၊ ဘယ်လို အစီအစဉ်တွေနဲ့သွားမယ် ဆိုတာကိုလည်း သဘောတူညီချက် ရရှိလာခဲ့ပါပြီ။ ဒီတော့ ဘယ်အချိန်မှာ ဘယ်အခြေအနေ၊ ဘယ်အနေအထားတွေကို ရောက်အောင်သွားကြမလဲ ဆိုတဲ့ တိုးတက်မှုပြ မှတ်တိုင်တွေ ပါဝင်လာမယ့် အသေးစိတ် အစီအစဉ်ကိုပဲ ကျွန်မတို့ ဆက်လက်ညှိနှိုင်းကြရမှာပါ။

ငြိမ်းချမ်းတည်ငြိမ် တိုးတက်တဲ့ နိုင်ငံတွေမှာ သဘောကွဲမှုတွေ ရှိသော်လည်း ညီညွတ်မှုလည်းရှိပါတယ်။ သဘောထားတွေ ဘယ်လိုပဲ ကွဲကွဲ၊ ညီညွတ်ရေး တည်ဆောက်နိုင်ကြတဲ့ နိုင်ငံတိုင်းဟာ ငြိမ်းချမ်းတည်ငြိမ် တိုးတက်နေကြတာ တွေ့ရပါလိမ့်မယ်။ အမြင်မတူညီမှု၊ သဘောထား ကွဲလွဲမှုတွေကြားက အတူတကွ ပူးပေါင်းလုပ်ကိုင်ဆောင်ရွက်နိုင်တာက ဘုံတူညီမှု ရှာဖွေနိုင်ခြင်းပဲ ဖြစ်ပါတယ်။ သဘောထားတွေ၊ ရှုမြင်ချက်တွေ ကတော့ ကွဲလွဲနေမှာ သဘာဝပါပဲ။

ကျွန်မတို့ ဖြေရှင်းနေရတဲ့ သဘောထားကွဲလွဲမှုတွေက နက်ရှိုင်း ကျယ်ပြန့်သလို သမိုင်းနဲ့ချီပြီး အချိန်ကာလရှည်ကြာခဲ့လို့လည်း ဖြေရှင်းရ ခက်ခဲနေတာ အားလုံးအသိပဲဖြစ်ပါတယ်။ ဒါပေမယ့် ဒီညီလာခံကြီးမှာ သဘောထားကွဲလွဲမှုတွေကြားက ညီညွတ်ခြင်းတစ်ခုကို ရှာဖွေနိုင်ခဲ့ပါပြီ။ အဲဒါကတော့ ဒီကနေ့ လက်မှတ်ရေးထိုးချုပ်ဆိုခဲ့တဲ့ ပြည်ထောင်စုသဘောတူ စာချုပ်၊ အစိတ်အပိုင်း (၃) ပဲ ဖြစ်ပါတယ်။ ကွဲလွဲမှုတွေကြားက တူညီမှုကို ရှာဖွေနိုင်တာ၊ ဆန့်ကျင်ဘက်တွေကြားက ညီညွတ်မှုကို ရှာဖွေနိုင်တာ ဒီကနေ့ ကျွန်မတို့ရဲ့ (၂၁) ရာစု ပင်လုံညီလာခံပါ။ ဒါဟာလည်း ကျွန်မတို့ရဲ့ ညီလာခံကိုယ်စားလှယ်ကြီးတွေ ရှေ့မှောက်မှာ အစုအဖွဲ့ခေါင်းဆောင်တွေ၊ အသိသက်သေတွေ လက်မှတ်ရေးထိုးပြီး သမိုင်းတွင်စေခဲ့ပါပြီ။

အတွေ့အကြုံတွေ အများကြီးရရှိ

ဒီကနေ့ ညီလာခံကြီးမှာ ကျွန်မအနေနဲ့ ပထမဆုံး အသိပေးပြောကြား လိုတာကတော့ “၂၀၂၀ အလွန် ဒီမိုကရေစီဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ရေးဆိုင်ရာ အစီအစဉ်သစ်” ပဲ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ (၄)နှစ် ကျော်ကာလအတွင်းမှာ ငြိမ်းချမ်းရေးဆွေးနွေးမှု၊ နိုင်ငံရေးဆွေးနွေးမှု၊ အပစ်ရပ်ပူးတွဲစောင့်ကြည့်ရေး စတဲ့လုပ်ငန်းစဉ်တွေနဲ့ ပတ်သက်လို့ အတွေ့ အကြုံတွေ အများကြီးရရှိခဲ့သလို အားသာချက်တွေ၊ အားနည်းချက်တွေ ကိုလည်း သိရှိလာခဲ့ကြပြီဖြစ်ပါတယ်။ ၂၀၂၀ အလွန်မှာ ရှေ့ဆက်ရမယ့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် (၃) ရပ်ကို ညီလာခံ ဖွင့်ပွဲအခမ်းအနားမှာ ထုတ်ဖော် ကြေညာခဲ့ပြီး ဖြစ်ပါတယ်။ ဒီလုပ်ငန်းစဉ် (၃) ရပ်ကို ထိထိရောက်ရောက် ဟန်ချက်ညီ ဖော်ဆောင်နိုင်မယ့် “၂၀၂၀ အလွန် ဒီမိုကရေစီဖက်ဒရယ် ပြည်ထောင်စုတည်ဆောက်ရေးဆိုင်ရာ အစီအစဉ်သစ်” ကို အစုအဖွဲ့ အသီးသီးရဲ့ ပြန်လည်သုံးသပ်ချက်၊ လုပ်ငန်းစဉ်တွေမှာ ပါဝင်နေသူတွေရဲ့ အကြံပြုချက်၊ လက်ရှိဖော်ဆောင်မှု အစီအစဉ်ပေါ် လေ့လာသုံးသပ်ချက်တွေကို အခြေခံပြီး ၂၀၂၀ အလွန်ကာလမှာ အရှိန်အဟုန်နဲ့ ဖော်ဆောင်နိုင်အောင် ကြိုးပမ်းဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။

ဒီအစီအစဉ်သစ်ဟာ ဒီကနေ့ ချုပ်ဆိုလိုက်တဲ့ ပြည်ထောင်စုသဘောတူ စာချုပ်၊ အစိတ်အပိုင်း (၃) ကို ထိထိရောက်ရောက် အကောင်အထည်ဖော်နိုင် ရပါမယ်။ ဒီအစီအစဉ်သစ်ဟာ NCA လမ်းကြောင်းအတိုင်း UPDJC နဲ့ JMC ယန္တရားတွေ ပိုမိုခိုင်မာအောင် အထောက်အကူပေးနိုင်ရမှာဖြစ်သလို NCA လက်မှတ်မထိုးရသေးတဲ့ အဖွဲ့အစည်းတွေ ပါဝင်လာနိုင်ရေးကို လမ်းဖွင့် ပေးနိုင်ရပါမယ်။ ဒီအစီအစဉ်သစ်ဟာ ဆွေးနွေးညှိနှိုင်းမှု အဆင့်ဆင့်မှာ ပါဝင်နေတဲ့ အစုအဖွဲ့အသီးသီးက ကိုယ်စားလှယ်တွေကို ပညာရပ်ဆိုင်ရာ အထောက်အကူတွေ ပြုပေးနိုင်ရမှာဖြစ်သလို ကျွန်မတို့နိုင်ငံရဲ့ နိုင်ငံရေး ပြဿနာတွေကို လက်တွေ့ကျကျ ဖြေရှင်းနိုင်မယ့် ရွေးချယ်စရာ နည်းလမ်း တွေ ရှာဖွေဖော်ထုတ်ပေးနိုင်ရမယ်။ ဒါဟာ ၂၀၂၀ အလွန် ကျွန်မတို့ ပထမဆုံး ဦးစားပေး လုပ်ဆောင်ရမယ့် လုပ်ငန်းတစ်ရပ် ဖြစ်ပါတယ်။

ဒုတိယ အချက်အနေနဲ့ ပြောကြားလိုတာကတော့ “ပြည်ထောင်စုသား အားလုံးက သဘောတူလက်ခံတဲ့ ပြည်ထောင်စုလက္ခဏာတစ်ရပ် တည်ဆောက်ရေး” ပဲ ဖြစ်ပါတယ်။

ဒီကနေ့ ချုပ်ဆိုခဲ့တဲ့ ပြည်ထောင်စုသဘောတူစာချုပ်၊ အစိတ်အပိုင်း(၃)ရဲ့ အပိုင်း(၁) ဖြစ်တဲ့ NCA အကောင်အထည်ဖော်မှုဆိုင်ရာ မူဘောင်သဘော တူညီချက်တွေထဲမှာ “ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံအတွင်း မှီတင်း နေထိုင်ကြသော တိုင်းရင်းသားလူမျိုးများ၏ နောက်ခံသမိုင်း၊ ရိုးရာယဉ်ကျေး မှု၊ စာပေ၊ ဘာသာစကားနှင့် အမျိုးသားလက္ခဏာများ မတူကွဲပြားမှုကို လက်ခံ အသိအမှတ်ပြု၍ လူမျိုးပေါင်းစုံ၊ ဘာသာစကားပေါင်းစုံတို့ဖြင့် ပြည်ထောင်စု လက္ခဏာတစ်ရပ်ကို နိုင်ငံသားအားလုံး စုပေါင်းဖော်ဆောင်ရန်” ဆိုပြီး ပါရှိပါတယ်။

ဒီသဘောတူညီချက်ရဲ့ မှတ်ချက်ဖြစ်တဲ့ “ပြည်ထောင်စုလက္ခဏာ ဆိုသည်မှာ စည်းလုံးညီညွတ်သည့် တစ်ခုတည်းသော ပြည်ထောင်စုဖြစ်သည်” ဆိုတဲ့အချက်ဟာ အထူးပဲအရေးကြီးပါတယ်၊ စုပေါင်းဖော်ဆောင်ရမယ့် ပြည်ထောင်စုလက္ခဏာတစ်ရပ်ကို ၂၀၂၀ အလွန်ကာလမှာ ဦးစားပေး ကြိုးပမ်းဖော်ဆောင်သွားကြရမှာ ဖြစ်ပါတယ်။

တတိယအချက်အနေနဲ့ “စဉ်ဆက်မပြတ် တွေ့ဆုံဆွေးနွေးရေး လမ်းကြောင်းပေါ်မှာ ရှိနေရေး” ပဲ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့အတွေ့အကြုံတွေအရ NCA လက်မှတ်ရေးထိုးပြီးသော်လည်း အောက်ခြေဒေသအချို့မှာ ထိတွေ့ မှုတွေ၊ တိုက်ပွဲတွေ ဖြစ်ပွားနေခဲ့တာတွေ ရှိပါတယ်။ တင်းမာမှုတွေ နှစ်ဖက် စလုံးမှာ ဖြစ်ပေါ်လာခဲ့ပါတယ်။ အလားတူပါပဲ။ နိုင်ငံရေးဆွေးနွေးပွဲတွေမှာ ရှေ့ကိုဆက်လို့ မရတော့ဘဲ ပိတ်ဆို့သွားတဲ့ အခြေအနေမှာ ဆွေးနွေးပွဲတွေနဲ့ ဝေးရာကို ထွက်သွားကြတာတွေလည်း ကြုံတွေ့ခဲ့ရပါတယ်။ ဒီလိုအခြေ အနေမှာ ကျွန်မတို့အစိုးရအနေနဲ့ ထွက်သွားသူတွေဆီ ရောက်အောင်သွား ပါတယ်။ မကျေနပ်ချက်တွေ၊ လိုလားချက်တွေကို သေသေချာချာ နားထောင် ပါတယ်။

အောင်မြင်မှုကို ရရှိ

တွေ့ကြုံလာရတဲ့ အခက်အခဲတွေရဲ့ နောက်ကွယ်က ဇာစ်မြစ်အကြောင်း တရားတွေ၊ ဒီအကြောင်းတွေကို ဖြေရှင်းနိုင်မယ့် နည်းလမ်းတွေကို ကျွန်မတို့ ရှာရပါတယ်။ ပြီးရင် ပြန်ပြီးတော့ တွေ့ဆုံပြီး ဒီနည်းလမ်းဆိုရင် အဆင်ပြေ မလား၊ ဒီလိုသွားရင် အဆင်ပြေမလား စသဖြင့် အလွတ်သဘောတွေ့ဆုံမှု၊ ဆွေးနွေးမှု၊ ညှိနှိုင်းမှုတွေနဲ့ ကြိမ်ဖန်များစွာ ပြုလုပ်ခဲ့ရတာ ဖြစ်ပါတယ်။ နောက်ဆုံး နှစ်ဦးနှစ်ဖက် ဆုံမှတ်တစ်ခု ရောက်ရှိ၊ ဘုံသဘောထားတူညီ ဆိုတော့မှ တရားဝင်အစည်းအဝေးတွေကို ပြန်ပြီး ခြေဦးလှည့်ရတာ ဖြစ်ပါ တယ်။ ဒါဟာကျွန်မတို့အားလုံးအတွက် ကြီးမားတဲ့ အောင်မြင်မှုကို ရရှိစေ ခဲ့တဲ့ အတွေ့အကြုံပဲဖြစ်ပါတယ်။ ညီလာခံအလွန်မှာရော ၂၀၂၀ အလွန်မှာပါ ဘယ်လိုအခက်အခဲပဲ ကြုံရကြုံရ ကျွန်မတို့ အစုအဖွဲ့တွေကြားမှာ တွေ့ဆုံ ဆွေးနွေး အမြင်ချင်းဖလှယ်ပြီး အဖြေရှာဖွေတဲ့ လမ်းကြောင်းတွေကို ဆက်လက်ဆောင်ရွက်သွားဖို့ လိုအပ်မှာဖြစ်ကြောင်း အလေးအနက် တိုက်တွန်းပြောကြားလိုပါတယ်။

နိဂုံးချုပ်အနေနဲ့ သဘာပတိကြီးနဲ့တကွ၊ သဘာပတိအဖွဲ့ဝင်တွေ၊ အစု အဖွဲ့ ခေါင်းဆောင်တွေနဲ့ ညီလာခံကိုယ်စားလှယ်တွေကို ကျွန်မအလေး အနက်ထားပြီး ကျေးဇူးတင်စကားပြောလိုပါတယ်။ အားလုံးသိကြတဲ့အတိုင်း COVID-19 ကာကွယ်ရေးကာလမှာ ကျင်းပပြုလုပ်ရတဲ့ ညီလာခံဖြစ်တဲ့အတွက် စည်းမျဉ်းစည်းကမ်းတွေလည်း များပါတယ်။ ဓာတ်ခွဲစစ်ဆေးမှုတွေလည်း ပြုလုပ်ရပါတယ်။ ဒီလို ကန့်သတ်ထားတဲ့ စည်းမျဉ်း စည်းကမ်းတွေကို အလေး အနက်ထား လိုက်နာပြီး ပူးပေါင်းဆောင်ရွက်ပေးခဲ့ကြတဲ့အတွက် အားလုံးကို ကျေးဇူးတင်ပါတယ်။ အသိအမှတ်လည်း ပြုပါတယ်။

ကျွန်မတို့ရဲ့ ကိုယ်စားလှယ်တွေအားလုံး ဓာတ်ခွဲစစ်ဆေးချက် အဖြေအရ ရောဂါကူးစက်ခံရသူ တစ်ဦးမှ မရှိပါဘူး။ ဒါ့ကြောင့် ညီလာခံကိုလည်း စိတ်ဖြောင့်ဖြောင့်နဲ့ တက်နိုင်ခဲ့ကြတာ ဖြစ်ပါတယ်။ ဒါပေမယ့် COVID-19 ကပ်ရောဂါဟာ ပြီးပြီလို့ မပြောနိုင်သေးတဲ့အတွက် အထူးသတိထားကြဖို့၊ ကျန်းမာရေးဆိုင်ရာ စည်းကမ်းတွေကို လိုက်နာကြဖို့လည်း တိုက်တွန်း ပြောကြားလိုပါတယ်။

သဘာပတိကြီးနဲ့တကွ၊ သဘာပတိအဖွဲ့ဝင်များ၊ အစုအဖွဲ့ ခေါင်းဆောင် များနဲ့ ညီလာခံကိုယ်စားလှယ်များအားလုံး COVID-19 ရောဂါဘေးက ကင်းဝေးပြီး ကျန်းမာ၊ ချမ်းသာစွာနဲ့ အမျိုးသားပြန်လည်ရင်ကြားစေ့ရေး၊ ငြိမ်းချမ်းရေး၊ ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေး ခရီးစဉ်မှာ လက်တွဲပူးပေါင်း ကြိုးပမ်းဆောင်ရွက်နိုင်ကြပါစေကြောင်း ဆုမွန် ကောင်းတောင်းရင်း နိဂုံးချုပ်လိုက်ပါတယ်။

အားလုံးကို ကျေးဇူးတင်ပါတယ်။