အမျိုးသားပညာရည်မြှင့်တင်ရေးအဖြေရှာမည့် မြန်မာနိုင်ငံလုံးဆိုင်ရာ ပညာရေးညီလာခံ(၂၀၂၃)

 

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီလက်ထက်တွင် ပထမဆုံး ကျင်းပသော ပညာရေးညီလာခံဖြစ်သည့် “မြန်မာနိုင်ငံလုံး ဆိုင်ရာ ပညာရေးညီလာခံ (၂၀၂၃)” ကို မေလ ၁၈ ရက်နေ့မှ ၂၀ ရက်နေ့အထိ ပညာရေးနှင့်ဆက်စပ်သည့် ဝန်ကြီးဌာန ၁၁ ခုတို့က စုပေါင်းကျင်းပသွားမည်ဖြစ်ရာ အဆိုပါညီလာခံ တွင် နိုင်ငံအတွက် လူ့စွမ်းအားအရင်းအမြစ်များပေါ်ထွက် လာရေး၊ အနာဂတ်ပညာရေးနယ်ပယ်ကဏ္ဍများ အချိန်နှင့် တစ်ပြေးညီတိုးတက်စေရေးတို့အတွက် ရည်ရွယ်၍ စာတမ်း များ ဖတ်ကြားခြင်း၊ ဆွေးနွေးပွဲကျင်းပခြင်းများဆောင်ရွက် သွားမည်ဖြစ်သည်ဟု သိရသည်။

 


မြန်မာနိုင်ငံလုံးဆိုင်ရာ ပညာရေးညီလာခံ (၂၀၂၃)တွင်  မြန်မာ့ပညာရေးနှင့်စပ်လျဉ်း၍ (၁)ပညာရေးတန်းစဉ် ကူး ပြောင်းမှုနည်းပါးခြင်းကို ကုစားနိုင်မည့်နည်းလမ်းရှာရန်၊ (၂) KG+9 ပညာရေးကို အမျိုးသားရေးကိစ္စတစ်ရပ်အဖြစ် တိုင်း ဒေသကြီး၊ ပြည်နယ်အားလုံးက ဆောင်ရွက်ရန်၊ (၃) သက်မွေး ဝမ်းကျောင်းအခြေခံရရှိရေးအတွက် Grade 10, Grade 11, Grade 12 အတန်းများတွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်စက်မှု နည်းပညာရပ်များသင်ကြားရန်၊ (၄) လုပ်ငန်းခွင်လက်တွေ့ အသုံးကျမည့်ပညာရပ်၊   ကျွမ်းကျင်မှုများကို   စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် စက်မှုသိပ္ပံကျောင်းများတွင် ထိရောက်စွာ သင်ကြားပြီး လူ့စွမ်းအားအရင်းအမြစ်များ မွေးထုတ်ပေးရန်၊ (၅) အဆင့်မြင့်ပညာကို ဘာသာရပ်ဆိုင်ရာ ကျွမ်းကျင်မှုအပြင် လူမှုအသိုက်အဝန်းအထောက်အကူပြုစေမည့် ပတ်ဝန်းကျင် ဖြင့် သင်ကြားရန်၊ (၆) ဝိဇ္ဇာ၊ သိပ္ပံ၊ နည်းပညာရှင်များ မွေးထုတ် ရန်တို့အပြင် လူငယ်လူရွယ်များ မျိုးချစ်စိတ်၊ တိုင်းပြည်ချစ် စိတ်များ ရှိလာစေရန်ဟူသောအချက်များကို အဖြေရှာသွားကြ မည်ဖြစ်ပြီး    အောင်မြင်စွာအကောင်အထည်ဖော်နိုင်မည့် နည်းလမ်းများ၊ တွေ့ကြုံရသည့်စိန်ခေါ်မှုများကို ကျော်လွှား နိုင်မည့်နည်းလမ်းများနှင့် ရှေ့လုပ်ငန်းစဉ်များ ပေါ်ထွက်လာ မည်ဖြစ်သည်။

 


မိမိတို့နိုင်ငံကို ပါတီစုံဒီမိုကရေစီနိုင်ငံ   တစ်နိုင်ငံအဖြစ် လျှောက်လှမ်းရာတွင် နိုင်ငံသူ နိုင်ငံသားတို့၏ ပညာရေးအခြေ အနေမှာ မြင့်မားနေရန်လိုအပ်သည်။ အတန်းပညာပြီးမြောက် မှု နည်းပါးပြီး တစ်ဦးချင်းပညာရေးနိမ့်ကျနေမှုများက အသိ ပညာအရလည်းကောင်း၊  နိုင်ငံရေးသိနားလည်မှုအရလည်း ကောင်း နည်းပါးစေသည့်အတွက် ဒီမိုကရေစီနိုင်ငံတစ်နိုင်ငံ အဖို့ မကောင်းသောအလားအလာပင်ဖြစ်သည်။ ၂၀၁၉ ခုနှစ် ကြားဖြတ်သန်းခေါင်စာရင်းအချက်အလက်များအရ အသက် ၅ နှစ်အထက် ကျောင်းမနေဖူးသူဦးရေ ၈ ဒသမ ၁ ရာခိုင်နှုန်း၊ အသက်  ၂၅ နှစ်နှင့်အထက်  လူဦးရေ  ၁၂  ဒသမ ၈  သန်းမှာ မူလတန်းအောက်ပညာအရည်အချင်းသာရှိနေရာ နိုင်ငံ၏ ပညာရေးနိမ့်ကျမှုအခြေအနေမှာ   မဖြစ်မနေကုစားရန်နှင့် ရေရှည်တွင်  ပညာရေးမြင့်မားအောင်  မြှင့်တင်သွားကြရန် လိုအပ်လျက်ရှိသည်။ “တိုင်းပြည်အတွက် အခြေခံကျသည့် တစ်မျိုးသားလုံး ပညာရည်မြှင့်တင်ရေးလုပ်ငန်းကို နိုင်ငံတော် ၏   အနာဂတ်အတွက်  အချိန်ယူဆောင်ရွက်ရမည်ဖြစ်ပြီး အနည်းဆုံး ၅ နှစ်မှ ၁၀ နှစ်အထိ အရှိန်အဟုန်ပြင်းပြင်းဖြင့် ဆောင်ရွက်ရမည်။” ဖြစ်ကြောင်း နိုင်ငံတော်အကြီးအကဲက လမ်းညွှန်မှာကြားပြီးဖြစ်သည့်အလျောက် တစ်မျိုးသားလုံး ပညာရည်မြှင့်တင်မှုကို အမျိုးသားရေးတာဝန်တစ်ရပ်အဖြစ် ပညာရေးနှင့်ဆက်စပ်သည့် ဌာနအားလုံးက အားသွန်ခွန်စိုက် ကြိုးပမ်းသွားကြရမည်ဖြစ်သည်။

 


မြန်မာနိုင်ငံလုံးဆိုင်ရာ  ပညာရေးညီလာခံ  (၂၀၂၃)သည် နိုင်ငံတော်၏   ပညာရေးကဏ္ဍတွင်  ပကတိလိုအပ်ချက်များ၊ အဖြေရှာရန်လိုအပ်နေသည့်   ပုစ္ဆာများကို   “တစ်ဦးခေါင်း တစ်ပညာ” ဖြင့်   ဝိုင်းဝန်းဆွေးနွေးကြခြင်းဖြင့်    နိုင်ငံတော် အတွက်    တန်ဖိုးမြင့်လူ့စွမ်းအားအရင်းအမြစ်များ    ပြုစု ပျိုး‌ထောင်နိုင်ရေး၊    အနာဂတ်ပညာရေးနယ်ပယ်ကဏ္ဍများ မြင့်မားတိုးတက်ရေးတို့အတွက် နည်းလမ်းများနှင့်လုပ်ငန်းစဉ် များ ပေါ်ထွက်လာမည်ဟု ယုံကြည်လျက် ကြိုဆိုဂုဏ်ပြုအပ် ပါကြောင်း။               ။