အမျိုးသားရေးအင်အား

 

မျက်မှောက်ကာလ  နိုင်ငံတကာဆက်ဆံရေးတွင်  အင်အားက အရေးပါသည်။ နိုင်ငံတစ်နိုင်ငံသည် အင်အားတောင့်တင်းသည့် (Strong State)  လား၊ အင်အားနည်းသည့် (Weak State) လား၊ ဘက်ပေါင်းစုံမှာ   အရေးနိမ့်နေသည့်  (Failed   State)   လား၊ သို့မဟုတ် ဗုန်းဗုန်းလဲသွားပြီဖြစ်သည့် (Collapsed State) လား စသည်ဖြင့် အဆင့်ဆင့်ရှိသည်။ အင်အားကြီးလျှင် မျက်နှာကြီးရာ ဟင်းဖတ်ပါ၍ အင်အားနည်းလျှင် မြေနိမ့်ရာ လှံစိုက်ခံရမည်။ နာလန်မထူ၊ ဗုန်းဗုန်းလဲသည့်ဘဝဆိုပါက လူမလေး ခွေးမခန့် အဖြစ်သို့ ရောက်သွားမည်။


သို့ဖြစ်ရာ နိုင်ငံတိုင်းက မိမိကိုယ်ကို ခိုင်မာတောင့်တင်းအောင် အပြိုင်အဆိုင် တည်ဆောက်ကြရသည်။ သို့ဖြင့် မဟာအင်အားကြီး နိုင်ငံများ၊ အင်အားကြီးနိုင်ငံများ၊ ဒေသတွင်းအဆင့် အလယ် အလတ်အဆင့်   စသည်ဖြင့်   အင်အားရှိသော   နိုင်ငံများအဖြစ် ရပ်တည်လာကြသည်။ ယင်းသို့ နိုင်ငံများ၏ အင်အားကို တိုင်းတာ ရာတွင် အခြေခံညွှန်းကိန်းများဖြင့် တိုင်းတာခြင်းဖြစ်ပြီး နိုင်ငံ၏ တည်နေရာ၊  အကျယ်အဝန်း၊  ရာသီဥတု၊  မြေမျက်နှာသွင်ပြင်၊ သဘာဝသယံဇာတများ၊ လူဦးရေစသော Natural ဆိုင်ရာ အချက် အလက်များနှင့် ထိုနိုင်ငံ၏ စီးပွားရေး၊ နိုင်ငံရေး၊ စစ်ရေး အသင့် ရှိမှု၊  အမျိုးသားရေးစိတ်ဓာတ်၊  သတင်းပြန်ကြားရေး  စသော Social ဆိုင်ရာ အချက်အလက်များ ပါဝင်သည်။ အဆိုပါ အချက်  အလက်များသည် နိုင်ငံတစ်နိုင်ငံ၏ နိုင်ငံတကာဆက်ဆံရေးနှင့် နိုင်ငံခြားရေးမူဝါဒတို့အပေါ်တွင်    အဓိကသက်ရောက်သည့် အလျောက်   နိုင်ငံ၏စီးပွားရေးအင်အား၊   နိုင်ငံရေးအင်အား၊ ကာကွယ်ရေးအင်အားတို့ ခိုင်မာတောင့်တင်းအောင် တည်ဆောက်  ရန်    ကြိုးပမ်းကြရသလို    အမျိုးသားရေးစိတ်ဓာတ်   နိုးကြား ထက်သန်နေစေရန်လည်း တစ်ရံမလပ်နှိုးဆော်ပေးနေရန် လိုသည်။


အမျိုးသားအကျိုးစီးပွားကို ဦးတည်၍ နိုင်ငံတိုင်းက ကိုယ့် ပြည်တွင်းအင်အားကို တည်ဆောက်ကြရာတွင် သဘောတရား အယူအဆများဟူသည် လူကြားကောင်းရုံ အပေါ်ယံမျှသာဖြစ်ပြီး အစစ်အမှန်နိုင်ငံရေး (Realpolitik)မှာမူ အမျိုးသားအကျိုးစီးပွား က ပထမဖြစ်သည်။ ကမ္ဘာ့နိုင်ငံရေးတွင် တစ်နိုင်ငံတည်း ရပ်တည် နေရန် မဖြစ်နိုင်ခြင်းကြောင့် အကျိုးစီးပွားတူရာတူရာ အုပ်စုဖွဲ့ ခြင်း၊  နိုင်ငံကြီးတစ်ခုခု၏ ထီးရိပ်ကိုခိုခြင်း စသည်တို့ ပြုလုပ်ကြ သကဲ့သို့     နိုင်ငံအချင်းချင်း    ပွတ်တိုက်မှုများ၊    ပြိုင်ဘက်နိုင်ငံ သို့မဟုတ်  ပစ်မှတ်ထားသည့်နိုင်ငံတွင်  အင်အားတည်ဆောက်၍ မရအောင်၊ တည်ငြိမ်မှုကင်းမဲ့အောင်၊ ကျရှုံးပြိုလဲသည့် နိုင်ငံဘဝ ရောက်အောင် ပါဝါအမာ (Hard Power) ၊ ပါဝါအပျော့  (Soft Power) နည်းလမ်းများဖြင့် တိုက်ခိုက်မှုများလည်း ပြုလုပ်ကြသည်။


အထက်ဖော်ပြပါ အချက်အလက်များနှင့် ချိန်ထိုးကြည့်မည် ဆိုပါက   မိမိတို့မြန်မာနိုင်ငံသည်   အမျိုးသားအင်အား  ခိုင်မာ တောင့်တင်းအောင်  တည်ဆောက်နိုင်ရန်အတွက် တည်နေရာ၊ အကျယ်အဝန်း၊  ရာသီဥတု၊  မြေမျက်နှာသွင်ပြင်၊  သယံဇာတ၊ လူဦးရေဟူသော သဘာဝပေးဆိုင်ရာ အခြေအနေကောင်းများနှင့် ပြည့်စုံပြီးဖြစ်သည်ကို တွေ့ရှိနိုင်သည်။ သို့ရာတွင် လူမှုရေးဆိုင်ရာ များဖြစ်ပြီး အစိုးရနှင့် ပြည်သူလူထုတစ်ရပ်လုံးက ဖော်ဆောင်ကြ ရမည့်  နိုင်ငံရေး၊  စီးပွားရေး၊  ကာကွယ်ရေး၊  အမျိုးသားစရိုက် လက္ခဏာနှင့် အမျိုးသားရေးစိတ်ဓာတ် (National Character and National Morale) ၊ လူသားအရင်းအမြစ် ပျိုးထောင်မြှင့်တင် ရေး၊  နည်းပညာဖွံ့ဖြိုးရေးတို့ကို  ဇွဲ၊  လုံ့လ၊  ဝီရိယ၊  စည်းလုံး ညီညွတ်မှုတို့ဖြင့် မဆုတ်မနစ် ဆက်လက်ကြိုးပမ်းကြရန် လိုအပ် လျက်ရှိသည်။


နိုင်ငံတကာ ဆက်ဆံရေးနယ်ပယ်တွင် ပါဝါအရွှေ့အပြောင်း ကာလ ပဋိပက္ခများ၊ တင်းမာမှုများနှင့်အတူ ကမ္ဘာ့နိုင်ငံရေး ရာသီ ဥတု  အပြောင်းအလဲများကို  စဉ်ဆက်မပြတ်လေ့လာရင်း  မိမိ တို့၏ နိုင်ငံတွင်    တည်ငြိမ်အေးချမ်းရေး၊    သာယာဝပြောရေးတို့ကို ပြည်တွင်းအင်အားဖြင့်‌ ဆောင်ရွက်ကာ အနာဂတ်တွင် အင်အား ခိုင်မာတောင့်တင်းသည့် နိုင်ငံအဖြစ် ရည်မှန်းတည်ဆောက်ကြ ရပါမည့်အကြောင်း။       ။