အမျိုးသမီးများအပေါ် အကြမ်းဖက်မှုအဆုံးသတ်ရေး

 

နှစ်စဉ်နိုဝင်ဘာလ  ၂၅ ရက်နေ့ကို  အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေးနေ့အဖြစ် ၁၉၉၉ ခုနှစ်က ကျင်းပ ခဲ့သည့်  (၅၄) ကြိမ်မြောက်  ကုလသမဂ္ဂအထွေထွေညီလာခံ က သတ်မှတ်ခဲ့ပြီး  နိုဝင်ဘာလ ၂၅ ရက်မှ ဒီဇင်ဘာလ ၁၀ ရက်နေ့အထိကိုလည်း  အမျိုးသမီးများအပေါ် အကြမ်းဖက်မှု ပပျောက်ရေး ၁၆ ရက်တာ  လှုပ်ရှားမှုများ  ကမ္ဘာ့နိုင်ငံအသီးသီး တို့တွင် ကျင်းပလျက်ရှိကြသည်။  ယခုနှစ်အတွက်  အမျိုးသမီး များအပေါ်    အကြမ်းဖက်မှုပပျောက်ရေး   ၁၆   ရက်တာ လှုပ်ရှားမှုအထိမ်းအမှတ်ဆောင်ပုဒ်မှာ “အမျိုးသမီးများအပေါ်   အကြမ်းဖက်မှုအဆုံးသတ်ရေး    အားလုံးပေါင်းစုလှုပ်ရှားပေး” ဟူ၍ ဖြစ်သည်။

 


အမျိုးသမီးများအပေါ်  အကြမ်းဖက်မှုမှာ ပုံစံအမျိုးမျိုးဖြင့်  ရှိနေပြီး နေအိမ်၌ မိသားစုနှင့်အတူရှိနေစဉ်၊  ပြင်ပ၌ သွားလာ နေစဉ်၊ လုပ်ငန်းခွင်၌ အလုပ်လုပ်နေစဉ် အကြမ်းဖက်ခံကြရ ခြင်းဖြစ်သည်။ အကြမ်းဖက်ခံကြရသည့်  အမျိုးသမီးများနှင့် မိန်းကလေးငယ်တို့မှာ     စိတ်ပိုင်းအရသော်လည်းကောင်း၊ ရုပ်ပိုင်းအရသော်လည်းကောင်း၊  လိင်ပိုင်းအရသော်လည်း ကောင်း၊    ဂုဏ်သိက္ခာပိုင်း   အရသော်လည်းကောင်း   ထိခိုက် ခံစားကြရပြီး အသက်သေဆုံးသည့်   ဖြစ်ရပ်များအထိလည်း ရှိနေသည်။ ကျား - မ ကွဲပြားမှုအပေါ်မူတည်၍ ခွဲခြားဖိနှိပ်အကြမ်းဖက်မှုများမှာ ကမ္ဘာ့ဒေသအသီးသီးရှိ လူ့အဖွဲ့အစည်း အားလုံးတို့တွင်     ရှိနေဆဲဖြစ်ပြီး      မိဘဆွေမျိုးမိသားစု  အသိုင်းအဝိုင်းအတွင်းဖြစ်ပွားသည့်    အမျိုးသမီးများအပေါ် အကြမ်းဖက်မှုများစွာတို့မှာ  ဖြစ်ရိုးဖြစ်စဉ်ဟူသော  သဘော ထားဖြင့်သာ ပြီးဆုံးသွားကြသည်။

 


၂၀၁၉   ခုနှစ်ကုန်ပိုင်းတွင်  စတင်ပေါ်ထွက်လာခဲ့သော ကိုဗစ်-၁၉ ကပ်ရောဂါ ကမ္ဘာအနှံ့ ကူးစက်ပြန့်ပွားစဉ် အသွား အလာကန့်သတ်ချက်များအရ        မိသားစုဝင်များအားလုံး  အိမ်ထဲတွင် နေ့စဉ်တွေ့ဆုံနေရခြင်း၊ လူမှုရေး၊ စီးပွားရေးအကျပ် အတည်းများ ဖြစ်ပေါ်ခြင်း၊ စိတ်ဖိစီးမှုများ ဖြစ်နေခြင်း စသည့် အကြောင်းအရာများကို အခြေခံ၍ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုများ ပိုမိုများပြားလာခဲ့ရာ အမျိုးသမီးများနှင့် မိန်းကလေးငယ်များမှာ   မိသားစုပဋိပက္ခအတွင်း   လုံခြုံမှု ကင်းမဲ့သည့် အခြေအနေသို့ ရောက်ရှိခဲ့ရသည်။ ကုလသမဂ္ဂ စစ်တမ်းတစ်ခုအရ အမျိုးသမီးလေးယောက်တွင်  တစ်ယောက် နှုန်း အိမ်တွင်းအကြမ်းဖက်မှု၏ သားကောင်ဘဝ ကျရောက် ခဲ့ရသည်ဟုဆိုသည်။   အိမ်တွင်းအကြမ်းဖက်မှုတွင်  ကျူးလွန် သူများမှာ အမျိုးသမီးများ၏  မိသားစုဝင်နှင့်  လင်ယောက်ျား စသည့် အရင်းနှီးဆုံးသူများက အကြမ်းဖက်ခဲ့ကြခြင်းဖြစ်သည်။ မြန်မာနိုင်ငံနှင့်စပ်လျဉ်း၍    ကိုဗစ်-၁၉    ကပ်ရောဂါမတိုင်မီက ကောက်ယူခဲ့သည့်စစ်တမ်းအရ  (အသက် ၁၅ နှစ်နှင့် ၄၉ နှစ် ကြား)  အိမ်ထောင်ကျဖူးသူအမျိုးသမီးများ၏ ၂၁ ရာခိုင်နှုန်း သည် ဘဝတစ်သက်တာတွင် အရင်းနှီးဆုံးအဖော်ဖြစ်သူ၏ အကြမ်းဖက်မှုပုံစံတစ်မျိုးမျိုးကို တွေ့ကြုံခံစားခဲ့ဖူးကြသည် ကို ဖော်ပြထားရာ အိမ်ထောင်ရှင်မြန်မာအမျိုးသားတို့ ဆင်ခြင် ကြရမည့် အခြေအနေတစ်ရပ်ပင်ဖြစ်သည်။

 


ယခုအခါ မိမိတို့နိုင်ငံတွင် ကျား - မ အခြေပြု အကြမ်းဖက်မှု များကို ထိထိရောက်ရောက် တုံ့ပြန်နိုင်ရေးအတွက် ဝန်ဆောင်မှု များ    ဆောင်ရွက်ပေးလျက်ရှိရာ   အကြမ်းဖက်မှုသတင်းပို့ တိုင်ကြားနိုင်သည့် Helpline  ဖုန်းနံပါတ် “၁၅၆၆”  ဖြင့် ၂၄ နာရီဝန်ဆောင်မှု၊   Viber ၊  Facebook   Page   Messanger တို့ တည်ထောင်ထားပြီး  ရန်ကုန်၊  မန္တလေးအပါအဝင်  မြို့ကြီး (၇)မြို့တွင်  လုံခြုံရေးနားခိုရာများ ဖွင့်လှစ်ထားပြီးဖြစ်သည်။ နိဂုံးချုပ်အားဖြင့်ဆိုပါက  အမျိုးသမီးများအပေါ်  အကြမ်းဖက်မှု တွင်    အဓိကတာဝန်ရှိသူသည်   အမျိုးသားများဖြစ်သည့် အလျောက် ကျား - မ  အခြေပြု အကြမ်းဖက်မှုပပျောက်ရေး ဆောင်ရွက်ရာတွင် စိတ်ရောကိုယ်ပါ  တက်ကြွစွာ  ပူးပေါင်း ပါဝင်ကြရပါမည့်အကြောင်း။          ။