အမျိုးသမီးများကို တရုတ်နိုင်ငံသို့ ပို့ဆောင်ရောင်းစားကာ ငွေကြေးအကျိုးအမြတ်ရယူခဲ့သူများကို လူကုန်ကူးမှုဖြင့် ထောင်ဒဏ်ချမှတ်

 

 

နေပြည်တော်   ဇူလိုင်   ၂၇


အမျိုးသမီးများကို   တရုတ်နိုင်ငံသို့   ပို့ဆောင် ရောင်းစားကာ ငွေကြေးအကျိုးအမြတ် ရယူခဲ့ သူများကို လူကုန်ကူးမှုဖြင့်  အလုပ်နှင့်ထောင် ဒဏ်  ၁၀ နှစ်စီ  ချမှတ်ခဲ့ကြောင်း သိရသည်။

 


ဖြစ်စဉ်မှာ      ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာမြို့နယ်နေ  မ--- (၂၉)  နှစ်ကို   ရည်းစားဖြစ်သူ     ထန်းတပင်မြို့နယ်နေ စိုးထွန်းအောင်က မန္တလေးမြို့သို့  သွားရောက် အလုပ်လုပ်ကိုင်မည်၊  လက်ထပ်ပေါင်းသင်း နေထိုင်မည်ဟု  ပြောဆိုစည်းရုံး၍  စိုးထွန်း အောင်နှင့်      ၎င်း၏   သူငယ်ချင်းဖြစ်သူ အောင်အောင်တို့က    မူဆယ်မြို့မှတစ်ဆင့် ရွှေလီမြို့သို့     ခေါ်ဆောင်သွားပြီး  တရုတ် အမျိုးသားထံ ယွမ် ၃၀၀၀၀ ဖြင့် ရောင်းစား ကာ ငွေကြေးအကျိုးအမြတ်များ ရယူခဲ့သဖြင့်  လှိုင်သာယာမြို့မ   ရဲစခန်း(ပ) ၃၈၃၅/၂၀၂၀၊ လူကုန်ကူးမှု တားဆီးကာကွယ်ရေး ဥပဒေ ပုဒ်မ ၂၄ ဖြင့်   အမှုရေးဖွင့်၍  မြောက်ပိုင်းခရိုင် တရားရုံးသို့ တရားစွဲတင်ပို့ခဲ့ရာ ဇူလိုင် ၂၂ရက် တွင် တရားခံ စိုးထွန်းအောင်အား  လူကုန်ကူး မှု  တားဆီးကာကွယ်ရေး  ဥပဒေ ပုဒ်မ ၂၄ အရ အလုပ်နှင့်ထောင်ဒဏ် ၁၀ နှစ် ကျခံစေ ရန်  အမိန့်ချမှတ်ခဲ့ကြောင်း သိရသည်။

 


အလားတူ ရှမ်းပြည်နယ်(မြောက်ပိုင်း)  သီပေါမြို့နယ်နေ  မ---(၁၉)နှစ်ကို  တစ်မြို့ တည်းနေ ဒေါ်စိန်ဌေး၊ မစပ်စုမ(ခ)သဲနု(ခ)မီမီဝင်းဌေး၊ ရှမ်းလေး (ခ)ရဲထွဋ်၊  ကျော်ထွန်းဦး (ခ)ဦးထွေးနှင့်  ဆောင်းနှင်းဝေတို့  ငါးဦးက အငှားကိုယ်ဝန်ဆောင်သည့် အလုပ်လုပ်ပါက တစ်နှစ်လျှင် ကျပ်သိန်း ၅၀ ရမည်ဟု ပြောဆို စည်းရုံးပြီး မူဆယ်မြို့မှတစ်ဆင့်တရုတ် နိုင်ငံ   ကွမ်တုံမြို့ရှိ    တရုတ်အမျိုးသားထံ   ယွမ် ၁၅၀၀၀၀   ဖြင့်     ပို့ဆောင်ရောင်းစားကာ ငွေကြေးအကျိုးအမြတ်များ    ရယူခဲ့သဖြင့် သီပေါမြို့မရဲစခန်း (ပ)၉၈/၂၀၂၀၊ လူကုန်ကူး မှု တားဆီးကာကွယ်ရေး ဥပဒေပုဒ်မ ၂၈(က) ဖြင့် အမှုရေးဖွင့်၍ ကျောက်မဲ ခရိုင်တရားရုံးသို့ တရားစွဲတင်ပို့ခဲ့ရာ    ဇူလိုင်  ၂၂  ရက်တွင်  တရားခံ ဒေါ်စိန်ဌေး၊ မစပ်စုမ(ခ) သဲနု(ခ)မီမီဝင်းဌေးနှင့်  ရှမ်းလေး(ခ)ရဲထွဋ်တို့ သုံးဦး အား လူကုန်ကူးမှု   တားဆီးကာကွယ်ရေး ဥပဒေပုဒ်မ ၂၄ အရ အလုပ်နှင့်ထောင်ဒဏ် ၁၀ နှစ်စီ  ကျခံစေ ရန် အမိန့်ချမှတ်ခဲ့ကြောင်း သိရသည်။                                

သတင်းစဉ်