
နေပြည်တော် ဇွန် ၃၀
အမျိုးသမီးများကို တရုတ်နိုင်ငံသို့ ပို့ဆောင်ရောင်းစားရန် စီစဉ်ခဲ့သူများကို လူကုန်ကူးမှု ဖြင့် အလုပ်နှင့် ထောင်ဒဏ် ၁၀ နှစ်စီ ချမှတ်ခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာမြို့နယ်နေ နိုင်နိုင်လွင်(ခ) ကိုနိုင်၊ မအေးအေးခိုင်နှင့် မသော်သော် တို့က တစ်မြို့တည်းနေ မ --- ၂၁ နှစ်နှင့် ရွှေပြည်သာ မြို့နယ်နေ မ --- ၁၇ နှစ်တို့ကို တရုတ်အမျိုးသားနှင့် လက်ထပ်ပါက ငွေ ၁၀ သိန်း ရမည်၊ ရွှေနှင့် ဖုန်းများရမည်၊ တစ်နှစ်ခန့်သာ ပေါင်းသင်းရမည်ဟု ပြောဆိုစည်းရုံး၍ ထောက်ခံစာနှင့် အိမ်ထောင်စုစာရင်း(မိတ္တူ)အတုများ ပြုလုပ်ပေးပြီး မူဆယ်မြို့သို့ ခေါ်ဆောင်ကာ တရုတ်နိုင်ငံနေ မမေသီဦးနှင့်ချိတ်ဆက်၍ တရုတ်နိုင်ငံသို့ ပို့ဆောင် ရောင်းစားရန် စီစဉ်နေစဉ် ဖမ်းဆီးရမိသဖြင့် မူဆယ်မြို့မရဲစခန်း (ပ) ၆၂၃ / ၂၀၁၉၊ လူကုန်ကူးမှုတားဆီးကာကွယ်ရေးဥပဒေပုဒ်မ ၂၈(က)/ ၂၆(ခ)/ ၃၂ ဖြင့် အမှုရေးဖွင့်၍ မူဆယ်ခရိုင်တရားရုံးသို့ တရားစွဲတင်ပို့ခဲ့ရာ တရားခံ နိုင်နိုင်လွင်(ခ)ကိုနိုင်၊ မမေသီဦး၊ မအေးအေးခိုင်တို့အား ဇွန် ၂၉ ရက်တွင် လူကုန်ကူးမှုတားဆီးကာကွယ်ရေးဥပဒေ ပုဒ်မ ၂၄/ ၃၂ အရ အလုပ်နှင့် ထောင်ဒဏ် ၁၀ နှစ်စီကျခံစေရန် အမိန့်ချမှတ်ခဲ့ပြီး တိမ်းရှောင် တရားခံ မမေသီဦးအား တရားခံပြေး ကြေညာခဲ့သည်။
အလားတူ ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာမြို့နယ်နေ ဒေါ်ဝါဝါစိုးက တစ်မြို့နယ် တည်းနေ မ --- ၂၁ နှစ်ကို တရုတ်အမျိုးသား ဓာတ်ပုံပြသ၍ လက်ထပ် ပေါင်းသင်းရန် ပြောဆိုစည်းရုံးပြီး တရုတ်နိုင်ငံသို့ပို့ဆောင်ကာ ဓာတ်ပုံပြသသည့် အမျိုးသားနှင့်မဟုတ်ဘဲ စိတ်ကျန်းမာရေးမကောင်းသည့် တရုတ်အမျိုးသားနှင့် အဓမ္မလက်ထပ်ပေါင်းသင်းစေကာ ငွေကြေးအကျိုးအမြတ်များ ခေါင်းပုံဖြတ်ရယူခဲ့သဖြင့် လှိုင်သာယာမြို့မရဲစခန်း(ပ)၄၉၀၅/ ၂၀၁၉၊ လူကုန်ကူးမှုတားဆီးကာကွယ်ရေး ဥပဒေပုဒ်မ ၂၄ ဖြင့် မြောက်ပိုင်းခရိုင်တရားရုံးသို့ တရားစွဲတင်ပို့ခဲ့ရာ တရားခံ ဒေါ်ဝါဝါစိုး ကို ဇွန် ၂၉ ရက်တွင် လူကုန်ကူးမှုတားဆီး ကာကွယ်ရေးဥပဒေပုဒ်မ ၂၄ အရ အလုပ်နှင့် ထောင်ဒဏ် ၁၀ နှစ် ကျခံစေရန် အမိန့်ချမှတ် ခဲ့ကြောင်း သိရသည်။
သတင်းစဉ်