အမျိုးသမီးတစ်ဦးကို တရုတ်နိုင်ငံသို့ ပို့ဆောင်ရောင်းစားကာ ငွေကြေးအကျိုးအမြတ် ရယူခဲ့သူများကို လူကုန်ကူးမှုဖြင့် ထောင်ဒဏ်ချမှတ်

 

နေပြည်တော်   မတ်   ၁၇


အမျိုးသမီးတစ်ဦးကို တရုတ်နိုင်ငံသို့ ပို့ဆောင်ရောင်းစားကာ ငွေကြေးအကျိုးအမြတ် ရယူခဲ့သူများကို လူကုန်ကူးမှုဖြင့် အလုပ်နှင့် ထောင်ဒဏ် ၁၀ နှစ်စီချမှတ်ခဲ့ကြောင်း   မြန်မာနိုင်ငံ  ရဲတပ်ဖွဲ့မှ သိရသည်။

 


ဖြစ်စဉ်မှာ    ပဲခူးတိုင်းဒေသကြီး   ကျောက်တံခါးမြို့နယ် ပဲနွယ်ကုန်းမြို့နေ ခင်စန်းဝေ(ခ) ခင်သန်းဝေ၊ ပိုးပိုး(ခ)ပိုးအိဝင်းနှင့် လှရွှေ(ခ)ချစ်ဆွေဦးတို့က   စစ်ကိုင်းတိုင်းဒေသကြီး   မုံရွာမြို့နေ မ xxx ၊ ၂၀ နှစ်ကို  တရုတ်နိုင်ငံရှိ အထည်ချုပ်စက်ရုံတွင် အလုပ် လုပ်ကိုင်ပါက တစ်လလျှင် ယွမ် ၃၀၀၀ ကျော် ရရှိမည်ဟု ပြောဆို စည်းရုံး၍ တရုတ်နိုင်ငံရှိ တရုတ်ယောကျ်ားထံ ပို့ဆောင်ရောင်းစား ကာ ငွေကြေးအကျိုးအမြတ်များရယူခဲ့သဖြင့် မုံရွာမြို့မရဲစခန်း(ပ) ၅၁၀/ ၂၀၂၀၊  လူကုန်ကူးမှုတားဆီးကာကွယ်ရေး   ဥပဒေပုဒ်မ ၂၄/ ၃၂ ဖြင့် အမှုရေးဖွင့်ခဲ့ပြီး မုံရွာခရိုင်တရားရုံးသို့ တရားစွဲတင်ပို့ခဲ့ရာ မတ် ၁၅ ရက်တွင် တရားခံ ခင်စန်းဝေ(ခ)ခင်သန်းဝေ၊ ပိုးပိုး(ခ)ပိုးအိဝင်းနှင့် လှရွှေ(ခ)ချစ်ဆွေဦးတို့ သုံးဦးကို လူကုန်ကူးမှု တားဆီး ကာကွယ်ရေးဥပဒေပုဒ်မ ၂၄/ ၃၂အရ အလုပ်နှင့် ထောင်ဒဏ် ၁၀ နှစ်စီ ကျခံစေရန် အမိန့် ချမှတ်ခဲ့ကြောင်း သိရသည်။

သတင်းစဉ်