အမျိုးသမီးတစ်ဦးကို တရုတ်နိုင်ငံသို့ ပို့ဆောင်ရောင်းစားကာ ငွေကြေးအကျိုးအမြတ်ရယူခဲ့သူများကို လူကုန်ကူးမှုဖြင့် ထောင်ဒဏ်ချမှတ်

 

နေပြည်တော်    ဧပြီ    ၈


    အမျိုးသမီးတစ်ဦးကို   တရုတ်နိုင်ငံသို့   ပို့ဆောင်ရောင်းစားကာ  ငွေကြေးအကျိုးအမြတ်  ရယူခဲ့သူများကို  လူကုန်ကူးမှုဖြင့် အလုပ်နှင့်ထောင်ဒဏ် ၁၅ နှစ်ချမှတ်ခဲ့ကြောင်း သိရသည်။

 


ရန်ကုန်တိုင်းဒေသကြီး သန်လျင်မြို့နယ်  မြို့ဟောင်းအရှေ့ ရပ်ကွက်နေ  ဒေါ်သောင်းဟန်နှင့်  ဒေါ်ကရင်မ (ခ)ဝင်းဝင်းမော် တို့က  ရန်ကုန်တိုင်းဒေသကြီး  သန်လျင်မြို့နယ်နေ မ --- ၊  ၄၀  နှစ်ကို တရုတ်နိုင်ငံတွင် တရုတ်ယောကျ်ားယူပါက ငွေကျပ် ၁၈ သိန်းရမည်။ ကလေးတစ်ယောက်မွေးပြီးလျှင်  ပြန်လာ၍ ရသည်ဟု ပြောဆို စည်းရုံး၍ တရုတ်ယောကျ်ားထံ  ပို့ဆောင် ရောင်းစားကာ  ငွေကြေးအကျိုးအမြတ်များ  ရယူခဲ့သဖြင့် သန်လျင်မြို့မရဲစခန်း (ပ) ၄၀၂၈ / ၂၀၁၉၊ လူကုန်ကူးမှုတားဆီး ကာကွယ်ရေးဥပဒေပုဒ်မ  ၂၄/ ၃၂   ဖြင့်  အမှုရေးဖွင့်၍ မြောက်ပိုင်းခရိုင်တရားရုံးသို့  တရားစွဲတင်ပို့ခဲ့ရာ တရားခံ ဒေါ်သောင်းဟန်နှင့်  ဒေါ်ကရင်မ(ခ)ဝင်းဝင်းမော်တို့အား ဧပြီ ၇ ရက်တွင် လူကုန်ကူးမှုတားဆီးကာကွယ်ရေးဥပဒေပုဒ်မ ၂၄/ ၃၂ အရ   အလုပ်နှင့်ထောင်ဒဏ်  ၁၅ နှစ်စီ ကျခံစေရန်  အမိန့်ချမှတ်ခဲ့ကြောင်း သိရသည်။                                  

သတင်းစဉ်