အမှန်တကယ် အလုပ်လုပ်

 

နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်ရေးအတွက်  နိုင်ငံအတွင်းရှိ   ရုပ်ဝတ္ထု (material)၊ ငွေကြေး (money)နှင့် လူသား (man)  အရင်းအမြစ် သုံးမျိုး (3Ms) ကို  အကျိုးရှိ   အထိရောက်ဆုံးအသုံးပြုရမည်ဟု ပညာရှင်များက ဆိုကြသည်။ ရုပ်ဝတ္ထုအရင်းအမြစ်တွင် သဘာဝ သယံဇာတအရင်းအမြစ်များနှင့် လူလုပ်ပစ္စည်းကိရိယာများအားလုံး လွှမ်းခြုံပါဝင်ပြီး ငွေကြေးအရင်းအမြစ်တွင် နိုင်ငံ၏ပြည်တွင်း ပြည်ပ တွင်ရှိနေသော ငွေကြေးအရင်းအနှီးအားလုံးပါဝင်သည်။ လူသားအရင်း အမြစ်တွင်မူ နိုင်ငံသားပြည်သူများ၏ ကာယ၊ ဉာဏစွမ်းအားများ၊ အသိပညာအတတ်ပညာကျွမ်းကျင်မှုများနှင့်စိတ်ဓာတ်ရေးရာ အခြေ အနေများပါဝင်သည်။


အဆိုပါအရင်းအမြစ် သုံးမျိုးအနက် ရုပ်ဝတ္ထုအရင်းအမြစ်နှင့် ငွေကြေးအရင်းအမြစ်တို့ကို လူတို့ကပင် ကိုင်တွယ်ဆောင်ရွက်ပြီး တိုးတက်အောင်ကြိုးပမ်းကြရခြင်းဖြစ်ရာ လူသားအရင်းအမြစ်သည် ပဓာန၊ လူသားအရင်းအမြစ်ကို ထိရောက်စွာအသုံးပြုခြင်းဖြင့် အခြား အရင်းအမြစ်များကိုလည်း သုံးလာနိုင်စွမ်းရှိကာ နိုင်ငံဖွံ့ဖြိုးတိုးတက် ရေး ဖြစ်ပေါ်လာနိုင်မည်ဖြစ်သည်။ လူသားအရင်းအမြစ်ကို ထိရောက် စွာအသုံးချသည်ဆိုရာတွင် အလုပ်ကိုအားကြိုးမာန်တက် လုပ်ကိုင် ကြရန် နှိုးဆော်တိုက်တွန်းခြင်းထက် လုပ်အားကို အစွမ်းကုန်အသုံး ချလာနိုင်စေမည့် အခြေအနေများ ဖန်တီးပေးခြင်းက ပိုမို၍ ထိရောက် အားကောင်းသော နည်းလမ်းဖြစ်သည်ဟု ပညာရှင်တို့က ဆိုသည်။ ထိုသို့အခြေအနေများ ဖန်တီးပေးရာတွင် လူတို့၏တီထွင်ဖန်တီးမှု များ၊ စွမ်းရည်များ၊  ကျွမ်းကျင်မှုများ   ဖော်ထုတ်အသုံးချနိုင်မည့် အဆောက်အအုံပိုင်းဖွဲ့စည်းမှု၊ နေရာချထားမှုတို့ လိုအပ်သလို နိုင်ငံ ကိုအကျိုးပြုမည်ဟူသော ယုံကြည်ချက်၊ အတွေးအခေါ်၊ အယူအဆ များ ပေါ်ထွန်းလာစေရေးမှာလည်း လွန်စွာအရေးကြီးသည်ဟု ဆို ထားသည်။


ယနေ့နိုင်ငံတော်အစိုးရသည် တိုင်းပြည်သာယာဝပြောရေးနှင့် စားရေရိက္ခာဖူလုံရေးဆိုသည့် အမျိုးသားရေးလုပ်ငန်းစဉ် နှစ်ရပ်ကို ချမှတ်ဆောင်ရွက်လျက်ရှိသည်။ မိမိတို့နိုင်ငံသည် လယ်ယာစိုက်ပျိုး ရေးနိုင်ငံဖြစ်သည့်အလျောက်   စိုက်ပျိုးမွေးမြူကုန်ထုတ်လုပ်မှုကို အခြေခံ၍ နိုင်ငံ့စီးပွား ဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်လျက်ရှိသည့် နည်းတူ   နိုင်ငံသူ    နိုင်ငံသားများ    စားရေရိက္ခာဖူလုံရေး၊  အာဟာရ ပြည့်ဝစွာရရှိရေး၊     အစားအစာဘေးကင်းလုံခြုံရေးတို့ကိုလည်း အလေးအနက်ဆောင်ရွက်ပေးလျက်ရှိသည်။ နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီဥက္ကဋ္ဌ    နိုင်ငံတော်ဝန်ကြီးချုပ်    ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည်  အောက်တိုဘာ  ၆ ရက်က  သီလဝါဘက်စုံ စိုက်ပျိုးမွေးမြူရေးဇုန် အကောင်အထည်ဖော်ဆောင်ရွက်နေမှု အခြေ အနေများကို ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများအား မှာကြားရာ တွင် “စိုက်ပျိုးမွေးမြူရေးထုတ်ကုန်များ တိုးမြှင့်ထုတ်လုပ်နိုင်ရေး သည် ပထမဦးစားပေးပင်ဖြစ်ကြောင်း၊ ရန်ကုန်တိုင်းဒေသကြီးသည် လမ်းပန်းဆက်သွယ်မှုလျင်မြန်ချောမွေ့ပြီး စိုက်ပျိုးမွေးမြူရေးလုပ်ငန်း များကို အောင်မြင်စွာထုတ်လုပ်ဖြန့်ဖြူးနိုင်မည့် အခြေအနေရှိပြီး ဖြစ်ကြောင်း၊ အဓိကလိုအပ်သည်မှာ အမှန်တကယ်အလုပ်လုပ်ရန် ဖြစ်ပြီး အလုပ်လုပ်နိုင်ရေးအတွက်လည်း အစိုးရမှ ဖန်တီးပေးရမည် ဖြစ်ကြောင်း” ထည့်သွင်းပြောကြားခဲ့သည်။


မိမိတို့နိုင်ငံသည် အရင်းအမြစ်များ ကြွယ်ဝသလို အလားအလာ ကောင်းများကိုလည်း   ပိုင်ဆိုင်ထားပါလျက်    ဖွံ့ဖြိုးတိုးတက်မှု နောက်ကျနေရခြင်းတွင် လူသားအရင်းအမြစ်ကို ဆန်းစစ်ရမည်ဖြစ် သည်။ ပညာရှင်တို့အဆိုအမိန့်အရ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးဟူသည် လူသားဆိုင်ရာ လုပ်ငန်းတာဝန်(Human Undertaking)ဖြစ်ပြီး လူပိုင်းဆိုင်ရာကို ဦးစွာချဉ်းကပ်ဖြေရှင်းရန် လိုအပ်သည်ဟု ဆိုသည်။ နိုင်ငံစီးပွားမြင့်မားမှ နိုင်ငံသားတို့၏လူမှုစီးပွားဘဝများလည်း လိုက်ပါ မြင့်မားနိုင်မည်ဖြစ်ရာ ဒီမိုကရေစီစနစ်အရ နိုင်ငံတွင်မည်သည့်အစိုးရ က တာဝန်ယူသည်ဖြစ်စေ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာများမှာမူ စဉ်ဆက်မပြတ်  လုပ်နေရမည်သာဖြစ်သည်။  အလုပ်လုပ်နိုင်ရေး အတွက် အစိုးရက ဖန်တီးပေးခြင်းနှင့်အတူ အမှန်တကယ်အလုပ်လုပ် ကြသည်နှင့်အမျှ ဖွံ့ဖြိုးမှုနောက်ကျသည့်ဘဝမှ ရုန်းထနိုင်ကြမည် ဟု ယုံကြည်ပါကြောင်း။        ။