အမုန်းစကားဖယ်ရှား ငြိမ်းချမ်းခြင်းဆောင်

အယ်ဒီတာ့ အာဘော်
===============
 
အမုန်းစကားဖယ်ရှား ငြိမ်းချမ်းခြင်းဆောင်
==============================
အလျင်အမြန်တိုးတက်ပြောင်းလဲနေသော မျက်မှောက်ခေတ်၌ သတင်း အချက်အလက်နှင့် ဆက်သွယ်ရေးနည်းပညာများ တစ်နေ့တခြား တိုးတက် နေသည်။ ဆက်သွယ်ရေးနည်းပညာကို အင်တာနက်ပေါ်မှလည်းကောင်း၊ လူမှုကွန်ရက်ကြားခံပစ္စည်းပေါ်မှလည်းကောင်း သတင်းအချက်အလက်နှင့် သတင်းစကားများ အချိန်မဆိုင်းဘဲ ကမ္ဘာတစ်ဝန်း ပျံ့နှံ့ရောက်ရှိနေသည်။
သတင်းအချက်အလက် စီးဆင်းမှုနယ်ပယ်၌လည်းကောင်း၊ လူမှု ဆက်သွယ်ဆက်ဆံရေးနယ်ပယ်၌လည်းကောင်း ဆိုရှယ်မီဒီယာသည် အရေးကြီးသောအခန်းကဏ္ဍမှ ပါဝင်လျက်ရှိသည်။ ဆိုရှယ်မီဒီယာကို အသုံးပြုခြင်းသည် အသိအမြင်ဗဟုသုတများတိုးပွားသဖြင့် အကျိုးကျေးဇူး များရှိနေသော်လည်း စိန်ခေါ်မှုများ၊ သတိပြုစရာများရှိနေသည်ကို အလေးထားသိရှိထားရမည်ဖြစ်သည်။
စိန်ခေါ်မှုများ၊ သတိပြုစရာများမှာ အမုန်းစကားများ၊ သတင်းတု၊ သတင်းယောင်များ၊ တစ်ဦးနှင့်တစ်ဦး အထင်အမြင်လွဲမှားစေမှုများ စသည် တို့ ဖြစ်သည်။ ၂၀၂၀ ပြည့်နှစ်ကာလသည် မြန်မာနိုင်ငံအတွက် အရေးကြီး သော နှစ်ကာလဖြစ်သည်။ နိုင်ငံတကာ၏ဖိအားပေးမှုများ၊ စိန်ခေါ်မှုများ၊ ပြည်တွင်းငြိမ်းချမ်းရေးကိစ္စများ၊ ရွေးကောက်ပွဲနှင့်ဆက်စပ်သောကိစ္စများ စသည့်အရေးကြီးသောအကြောင်းကိစ္စများရှိနေသဖြင့် ထိုအရေးကိစ္စများနှင့် ပတ်သက်၍ အထင်အမြင်လွဲမှားမှုများမရှိစေရန် သတိပြုကြရမည်ဖြစ်ပြီး ယင်းတို့ကို မည်သို့တားဆီးကာကွယ်ကြရမည်ကို အဖြေရှာကြရမည်ဖြစ်သည်။
မျက်မှောက်ကာလတွင် လူမှုကွန်ရက်များနှင့် ဆိုရှယ်မီဒီယာများ အလျင်အမြန်ပျံ့နှံ့လာမှုကြောင့် သတင်းအမှန်နှင့် သတင်းအမှားများကို ပြည်သူ များ ခွဲခြားသိမြင်နိုင်ရန် ခက်ခဲလာသည်။ တိုင်းပြည်စည်းလုံးညီညွတ်ရေးကို ပျက်ပြားစေသော အပြောအဆိုများ၊ တစ်ဖက်နှင့် တစ်ဖက် အမုန်းတရား တိုးပွားအောင် တွန်းအားပေးသည့် အကြောင်းကိစ္စများ၊ ပြည်သူလူထုကြား တွင် ထင်ယောင်ထင်မှားဖြစ်ကာ တည်ငြိမ်အေးချမ်းမှုကို ပျက်ပြားစေသော အချက်များ၏ အန္တရာယ်များရှိလာသည်။
မြန်မာနိုင်ငံတွင် သတင်းအချက်အလက်နှင့်နည်းပညာကဏ္ဍသည် ၂၀၁၀ ပြည့်နှစ်အစောပိုင်းကတည်းက တိုးတက်ဖြစ်ထွန်းလာသည်။ ယင်းနောက် ဆိုရှယ်မီဒီယာအသုံးပြုမှုများ တဖြည်းဖြည်းတိုးတက်ဖြစ်ထွန်းလာပြီး ၂၀၁၅ ခုနှစ်တွင် ဆိုရှယ်မီဒီယာအသုံးပြုသူ ခုနစ်သန်းခန့် ရှိခဲ့သည်။ ယခု ၂၀၂၀ ပြည့်နှစ်ကာလတွင် ဆိုရှယ်မီဒီယာအသုံးပြုသူ ၂၁ သန်းအထိ တိုးပွားလာပြီး နှစ်စဉ်သန်းနှင့်ချီ၍ ဆက်လက်တိုးပွားနေမည်ဖြစ်သည်။ ထို့ကြောင့် အမုန်း စကားများ၊ သတင်းတု၊ သတင်းမှားများကို ကာကွယ်တားဆီးရန်နည်းလမ်း များအတွက် အစီအမံများကိုချမှတ်ဆောင်ရွက်ရန် လိုအပ်လာသည်။
 
အမုန်းစကားများ၊ သတင်းတု၊ သတင်းမှားများကြောင့် တိုင်းပြည်နှင့် လူမျိုးအား ကြီးစွာအန္တရာယ်ပေးနိုင်သည့်ဖြစ်စဉ်များ မြန်မာနိုင်ငံတွင် ကြုံတွေ့ခဲ့ရပြီး ဖြစ်သည်။ နောက်ဆက်တွဲပြဿနာများကို ပြေလည်အောင် ဖြေရှင်းနိုင်ခဲ့သည်များရှိသလို ဆက်လက်ဖြေရှင်းနေရဆဲလည်း ဖြစ်သည်။ မြန်မာနိုင်ငံတွင် ဒီမိုကရေစီအသွင်ကူးပြောင်းနေဆဲကာလဖြစ်ပြီး အမျိုးသား ရင်ကြားစေ့ရေး၊ ငြိမ်းချမ်းရေးကိုတည်ဆောက်နေဆဲဖြစ်၍ အဆိုပါကိစ္စများ ကို အထူးသတိထားကာကွယ်ရမည်ဖြစ်သည်။
ယခုနှစ်သည် တိုင်းပြည်အတွက် အလွန်အရေးကြီးသော ပါတီစုံ ဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ ကျင်းပဆောင်ရွက်ရမည့်နှစ်ဖြစ်၍ ရွေးကောက်ပွဲကို စည်းကမ်းတကျ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ချမှတ်ထားသည့် ရွေးကောက်ပွဲစံ (၅)ချက်ကို မထိခိုက်ရေးကိုသတိပြုရမည် ဖြစ်သည်။ အမုန်းစကားများ လျော့နည်းပပျောက်စေရေးအတွက် သဘောတူ ရေးဆွဲထားသော စံနှုန်းများ၊ ကျင့်ဝတ်များရှိသော်လည်း လူမှုကွန်ရက်၊ ဆက်သွယ်ရေးနည်းပညာ အသုံးပြုသူများအားလုံးလိုက်နာမှသာ ထိရောက်မှု ရှိမည်ဖြစ်သည်။
 
သို့ဖြစ်ရာ လူမှုကွန်ရက်၊ သတင်းကွန်ရက်များကို လိုက်နာကျင့်သုံးရန် သက်ဆိုင်ရာပြဋ္ဌာန်းထားသော ကျင့်ဝတ်များနှင့် လူတစ်ဦးချင်းစီ၏ ကိုယ်ကျင့် တရားနှင့် အသိစိတ်ဓာတ်များသည် အဓိကကျနေသောကြောင့် သတိထား ဆင်ခြင်၊ လိုက်နာအသုံးပြုကြရန် လိုအပ်ပေသည်။ အမုန်းစကားများ၊ သတင်းတု၊ သတင်းမှားများ တားဆီးကာကွယ်ရေးအတွက် ထုတ်ပြန်ထား သည့် ညွှန်ကြားချက်များ၊ ကြေညာချက်များ၊ အသိပညာပေးမှုများကို အထူး ဂရုစိုက်လေးစားလိုက်နာ၍ ငြိမ်းချမ်းသာယာဝပြောသော လူ့ဘောင်လောက ဖြစ်အောင် ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြရမည် ဖြစ်ပါကြောင်း။ ။