
နေပြည်တော် ဇန်နဝါရီ ၁၁
အနာဂတ် လူငယ်၊ လူရွယ်များ ပညာရည်မြင့်မားရေးအတွက် ပညာသင်ကြားမှုများကို ဆောင်ရွက်ပေးလျက်ရှိသည်ကို လိုလားမှု မရှိသည့် အကြမ်းဖက်သမားများအနေဖြင့် ပညာရေးဆိုင်ရာရုံး ဌာနများနှင့် စာသင်ကျောင်းများကို မိုင်းထောင်ဖောက်ခွဲခြင်း၊ လက်ပစ်ဗုံးများ၊ လက်လုပ်မိုင်းများဖြင့် ပစ်ပေါက်ဖောက်ခွဲခြင်းများ ပြုလုပ်လျက်ရှိသည့်အပြင် လူငယ်၊ လူရွယ်များအား ပညာသင်ကြားမှု ပေးသည့် ဆရာ ဆရာမများအား အကြမ်းဖက်ခြိမ်းခြောက်ခြင်း၊ ရက်စက်စွာ သတ်ဖြတ်ခြင်းများ ပြုလျက်ရှိသည်။
ထိုကဲ့သို့ ဆရာ ဆရာမများအား အကြမ်းဖက်ခြိမ်းခြောက်ခြင်း၊ ရက်စက်စွာသတ်ဖြတ်ခြင်းများ ပြုလုပ်လျက်ရှိရာ ဇန်နဝါရီ ၈ ရက် ည ၉ နာရီတွင် စစ်ကိုင်းတိုင်းဒေသကြီး တန့်ဆည်မြို့နယ် ပုတီး ကျေးရွာနေ အထက(ပုတီး)ကျောင်းမှ မူလတန်းပြဆရာမဖြစ်သည့် ဒေါ်လှလှညွန့် (၄၈)နှစ် (ဘ) ဦးတင်လှသည် ၎င်း၏ ခင်ပွန်းဖြစ်သူ ဦးအောင်ဇော်မိုး(၅၃)နှစ် (ဘ)ဦးကြည်အောင်နှင့်အတူ နေအိမ်၌ရှိနေစဉ် PDF အမည်ခံအကြမ်းဖက်သမား ရှစ်ဦးက လက်နက်များကိုယ်စီ ကိုင်ဆောင်ရောက်ရှိလာပြီး ဒေါ်လှလှညွန့်အား CDM ပြုလုပ်ခြင်း မရှိသည့်အတွက်ဟုဆိုကာ ၎င်းတို့နှစ်ဦးအား ဖမ်းဆီးခေါ်ဆောင် သွားပြီး ပေချောင်ကျေးရွာအနီးအရောက် သေနတ်ဖြင့် ရက်စက်စွာ ပစ်ခတ်သတ်ဖြတ်ခဲ့ကြောင်း သိရသည်။
အလားတူ ဇန်နဝါရီ ၁၀ ရက် ညနေ ၅ နာရီခွဲတွင် ကသာမြို့နယ် လက်ပန်ဇင်ကျေးရွာရှိ အခြေခံပညာမူလတန်းလွန်ကျောင်းဝင်း အတွင်းသို့ လက်နက်များကိုယ်စီကိုင်ဆောင်ထားသည့် PDF အမည်ခံ အကြမ်းဖက်သမား လေးဦးက ဆိုင်ကယ်နှစ်စီးဖြင့် ရောက်ရှိလာပြီး ကျောင်းဝင်းအတွင်း ဆရာ ဆရာမများနေထိုင်သည့် အခန်းများအား ဖျက်ဆီးဝင်ရောက်ပြီး ဆရာ ဆရာမများအား “ကျောင်းဖွင့်လှစ်ခြင်း မပြုလုပ်ရန်၊ ကျောင်းဖွင့်ပါက ဆရာ ဆရာမများနှင့် ကျောင်းသား ကျောင်းသူများ၏ အသက်ကို အာမမခံကြောင်းနှင့် ကျောင်းအား မီးရှို့ဖျက်ဆီးပစ်မည်”ဟု ခြိမ်းခြောက်ပြောဆိုကာ ဆရာ ဆရာမတို့၏ လက်ကိုင်ဖုန်းများအား လုယက်ယူဆောင်ကာ ပြန်လည်ထွက်ခွာသွား ခဲ့သည်။
ထို့အတူ ညနေ ၅ နာရီ မိနစ် ၅၀ တွင် ကျောက်ထုံးကြီးကျေးရွာ အထကကျောင်းဝင်းအတွင်းသို့ PDF အမည်ခံအကြမ်းဖက်သမား လေးဦးက လက်နက်များ ကိုယ်စီကိုင်ဆောင်ကာ ရောက်ရှိလာပြီး ကျောင်းဝင်းအတွင်း နေထိုင်သည့် ဆရာ ဆရာမများထံမှ လက်ကိုင် ဖုန်းများအား လုယက်ယူဆောင်ကာ ကျောင်းဖွင့်လှစ်ခြင်း မပြုလုပ် ရန် ခြိမ်းခြောက်ပြောဆိုပြီး ဆရာ ဆရာမများအား ခြေထောက်ဖြင့် ကန်ကျောက်ကာ ဓားရိုးဖြင့် ရိုက်နှက်ခြင်းများ ပြုလုပ်ခဲ့သဖြင့် ကျောင်းဆရာ ဆရာမအချို့တွင် ထိခိုက်ဒဏ်ရာအချို့ ရရှိခဲ့သည်။
အလားတူ ည ၈ နာရီ မိနစ် ၂၀ တွင် ဒေါင့်ကြီးကျေးရွာရှိ အထက (ခွဲ)ကျောင်းမှ ကျောင်းအုပ်ဆရာမကြီးထံသို့ အကြမ်းဖက်သမား တစ်ဦးက “ကျောင်းဖွင့်လှစ်ခြင်းမပြုရန်၊ ဆရာ ဆရာမများနှင့် ကလေးများ၏အသက်ကို အာမမခံကြောင်း” ဖုန်းဖြင့် ဆက်သွယ် ခြိမ်းခြောက်ခဲ့ကြောင်း သိရသည်။
လက်ပန်ဇင်ကျေးရွာရှိ အခြေခံပညာမူလတန်းလွန်ကျောင်း နှင့် ကျောက်ထုံးကြီးကျေးရွာ အခြေခံပညာအထက်တန်းကျောင်းတို့သည် ကိုဗစ်ရောဂါဖြစ်ပွားနေမှုကြောင့် ၂၀၂၁ ခုနှစ် နိုဝင်ဘာ ၉ ရက်မှ စတင်ဖွင့်လှစ်ခဲ့ခြင်းဖြစ်ပြီး အထက(ကျောက်ထုံးကြီး)၌ ကျောင်းသား ကျောင်းသူ ၃၁၉ ဦး ပညာသင်ကြားလျက်ရှိကြောင်း သိရသည်။
ထိုကဲ့သို့ ကလေးသူငယ်များ အေးချမ်းစွာပညာသင်ကြားလျက် ရှိသည်ကို လိုလားမှုမရှိဘဲ ဆရာ ဆရာမများအား အကြမ်းဖက် ခြိမ်းခြောက်ခြင်း၊ ရက်စက်စွာ သတ်ဖြတ်မှုများ ကျူးလွန်ခဲ့သည့် အကြမ်းဖက်သမားများအား ဖော်ထုတ်ဖမ်းဆီးရမိနိုင်ရေးနှင့် ကျောင်းသား ကျောင်းသူများ အေးချမ်းစွာ ပညာသင်ကြားနိုင်ရေး တို့အတွက် နယ်မြေခံလုံခြုံရေးတပ်ဖွဲ့ဝင်များက ပူးပေါင်းဆောင်ရွက် ပေးလျက်ရှိကြောင်း သိရသည်။
သတင်းစဉ်