
နေပြည်တော် ဧပြီ ၆
နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အနာဂတ် မျိုးဆက်သစ်ပညာတတ်လူငယ်များ မွေးထုတ်ရေး သည်လည်း အဓိကကျသည့် အခန်းကဏ္ဍတွင် ပါဝင်သောကြောင့် နိုင်ငံတော်အစိုးရအနေဖြင့် ခေတ်မီဒီမိုကရေစီနိုင်ငံတော်ကို ပညာရေးဖြင့် မြှင့်တင်တည်ဆောက်ရန်အတွက် အစွမ်းကုန် ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။ ထို့ကြောင့် လူငယ်များ၏ ပညာရည်မြင့်မားရေးအတွက် တစိုက် မတ်မတ်ကြိုးပမ်းဆောင်ရွက်လျက်ရှိရာ ကိုဗစ်-၁၉ ရောဂါကြောင့် ခေတ္တပိတ်ထားရသည့် အခြေခံပညာ ကျောင်းများကို ကျောင်းသား ကျောင်းသူများ၏ စာသင်နှစ်နစ်နာမှုမရှိစေရေးအတွက် ကျန်းမာရေးလမ်းညွှန်ချက်များနှင့်အညီ ပြန်လည်ဖွင့်လှစ်ပြီး လက်ရှိတွင် ၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို လည်း စိတ်အေးချမ်းသာစွာ ဖြေဆိုနိုင်ရေး ဆောင်ရွက်ပေးလျက်ရှိသည်။
ထိုကဲ့သို့ အနာဂတ်လူငယ်များ၏ ပညာသင်ကြားမှု ကို အဟန့်အတားဖြစ်စေရန်အတွက် PDF အမည်ခံ အကြမ်းဖက်သမားများသည် ဆရာ၊ ဆရာမများနှင့် ပညာရေးဝန်ထမ်းများကို ခြိမ်းခြောက်သတ်ဖြတ်ခြင်း၊ ပညာရေးအဆောက်အအုံများအား မိုင်းထောင် ဖောက်ခွဲ ဖျက်ဆီးခြင်း၊ ကျောင်းသား ကျောင်းသူ များ၏ စာမေးပွဲအဖြေလွှာများအား ဖျက်ဆီးခြင်း စသည့် လူမဆန်သည့် အကြမ်းဖက်လုပ်ရပ်များကို မြို့နယ်အချို့၌ လုပ်ဆောင်လျက်ရှိသည်။
ထိုသို့ လုပ်ဆောင်လျက်ရှိရာ ဧပြီ ၅ ရက် နံနက် ၁၁ နာရီ ၁၅ မိနစ်ခန့်တွင် ပဲခူးတိုင်းဒေသကြီး ကဝမြို့နယ် အုန်းနှဲကျေးရွာ အမှတ်(၈)ရပ်ကွက်ရှိ အုန်းနှဲ အခြေခံပညာအထက်တန်းကျောင်းရှေ့၌ PDF အမည်ခံအကြမ်းဖက်သမားများထောင်ထားသည့် လက်လုပ်မိုင်း တစ်လုံးပေါက်ကွဲခဲ့ပြီး ပေါက်ကွဲ မှုကြောင့် အဆိုပါနေရာအနီးရောက်ရှိနေသူ သံဒင်း ကျေးရွာနေ ဦးဇော်မင်းထိုက် (၃၄) နှစ် (ဘ)ဦးမြင့်သိန်းတွင် မိုင်းစထိမှန်ဒဏ်ရာရရှိခဲ့သဖြင့် ဆေးဝါးကုသနိုင်ရေး အုန်းနှဲတိုက်နယ်ဆေးရုံသို့ ပို့ဆောင်ထားရှိကြောင်း သိရသည်။
အလားတူ ယနေ့ နံနက် ၇ နာရီ ၄၅ မိနစ်တွင် ရန်ကုန်တိုင်းဒေသကြီး ရွှေပြည်သာမြို့နယ် အမှတ် (၈)ရပ်ကွက် ဘုရင့်နောင်လမ်း အမှတ်(၃)အခြေခံ ပညာအထက်တန်းကျောင်းအနီး၌ မသင်္ကာဖွယ် အထုပ်များအား တွေ့ရှိကြောင်း သတင်းအရ လုံခြုံရေး တပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးရာ ကျောင်းဝင် ပေါက် လမ်းဘေးဗာဒံပင်အနီးမှ မသင်္ကာဖွယ်အထုပ် နှစ်ထုပ်နှင့် လမ်းတစ်ဖက်ခြမ်းမှ မသင်္ကာဖွယ် အထုပ်တစ်ထုပ်တို့ကို တွေ့ရှိရပြီး အထုပ်များအတွင်း မှ လက်လုပ်မိုင်းသုံးလုံး တွေ့ရှိခဲ့ရာ ဆရာ ဆရာမ များ၊ ကျောင်းသား ကျောင်းသူများနှင့် အများပြည်သူ အန္တရာယ်ကင်းဝေးစေရန်အတွက် သက်မဲ့ပြုလုပ် ရှင်းလင်းခဲ့ကြောင်း သိရသည်။
ထိုကဲ့သို့ အနာဂတ်မျိုးဆက်သစ် လူငယ်များနှင့် လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပညာသင်ကြားမှုများ ဆောင်ရွက်ပေးလျက်ရှိသည်ကို ဟန့်တားနှောင့်ယှက်၊ ဖျက်ဆီးခြင်းများပြုလုပ်ခဲ့ သည့် အကြမ်းဖက်သမားများကို စုံစမ်းဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက ဆက်လက်ဆောင်ရွက် လျက်ရှိကြောင်း သတင်းရရှိသည်။
သတင်းစဉ်