နိုင်ငံတော်ကို ကာကွယ်ရန်၊ နိုင်ငံတော်၏ အချုပ်အခြာအာဏာနှင့် ပြည်သူကိုကာကွယ်ရန်မှာ တပ်မတော်၏တာဝန်ဖြစ်သည်။ ဤ တာဝန်များကို ထမ်းဆောင်နိုင်ရန်အတွက် တပ်မတော်သည် စွမ်းရည်မြင့်မားသည့် တပ်မတော်ဖြစ်ရန်လိုသည်။ မိမိတို့နိုင်ငံ၏ ပထဝီနိုင်ငံရေးအနေအထားနှင့် မျက်မှောက်ကာလ ကမ္ဘာ့နိုင်ငံ ရေး အခြေအနေအရပ်ရပ်တို့ကလည်း နိုင်ငံတော်၏ ကာကွယ်ရေး စွမ်းပကားဖြစ်သည့် တပ်မတော်ကို အင်အားတောင့်တင်းခိုင်မာ စေရန်နှင့် စွမ်းဆောင်ရည်မြင့်မားစေရန် မြှင့်တင်ရေးကို တောင်းဆိုလျက်ရှိပြီဖြစ်သည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီး ချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြည်ထောင်စုအစိုးရအဖွဲ့ အစည်းအဝေးအမှတ်စဉ်(၁/၂၀၂၂)တွင် နိုင်ငံစီးပွားရေး ဖွံ့ဖြိုး တိုးတက်မှုနှင့် ကာကွယ်ရေးစွမ်းပကား မြှင့်တင်ရေးနှင့်ပတ်သက် ၍ ပြောကြားရာတွင် မိမိတွင် ရည်မှန်းချက် သုံးခု ရှိကြောင်း၊ တစ်အချက်သည် တိုင်းပြည်စီးပွားရေးကို ရအောင်ဆွဲတင်မည်။ ၂၀၂၂ ခုနှစ်တွင် စီးပွားရေးအားကောင်းအောင်၊ တိုးတက်အောင် လုပ်မည်။ ဒုတိယအနေဖြင့် နိုင်ငံရေး၊ ပါတီစုံဒီမိုကရေစီစနစ် ဖော်ဆောင်ရေးနှင့် ပတ်သက်၍ ရသည့်လမ်းကြောင်းများမှ အကုန်လုပ်မည်။ နိုင်ငံရေး၊ စီးပွားရေးတို့ အားကောင်းပြီဆိုလျှင် တတိယဖြစ်သည့် ကာကွယ်ရေးစွမ်းပကားကို မြှင့်တင်ရမည်ဟု ထည့်သွင်းပြောကြားခဲ့သည်။
“ကာကွယ်ရေးစွမ်းအားမကောင်းရင်တော့ ကျွန်တော်တို့ ခံသွားရမှာပေါ့။ သူများက ဖင်ပုတ်၊ ခေါင်းပုတ် လာလုပ်သွားမှာပေါ့။ စီးပွားရေးအားမကောင်းရင်လည်း ပိုက်ဆံမရှိတော့ မျက်နှာ ငယ်ရတယ်။ နိုင်ငံရေး အားမကောင်းတဲ့အခါကျတော့ သူများတွေ ကျွန်တော်တို့ကို မျိုးစုံပြဿနာတွေရှာမှာ။ စစ်ရေးအရ ကာကွယ် ရေးစွမ်းအားမကောင်းတော့ ဖင်ပုတ် ခေါင်းပုတ် လာလုပ်မယ်၊ ကျွန်တော်တို့တွေ စော်ကားခံရလိမ့်မယ်၊ ခြံစည်းရိုးတွေ လုံမှာ မဟုတ်ဘူး၊ ဒီသုံးခုက ကျွန်တော်တို့ မဖြစ်မနေလုပ်ရမယ့် ကိစ္စရပ်ဖြစ်ပါတယ်” ဟူ၍လည်း နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌက ပြောကြားခဲ့သည်။ သို့ဖြစ်ရာ နိုင်ငံတော်၏ အဓိကအင်အားတောင့်တင်းခိုင်မာရေးအတွက် တည်ဆောက် ကြရမည့်သူများမှာ နိုင်ငံတော်အစိုးရ၊ ပြည်သူနှင့် တပ်မတော်တို့ ဖြစ်သည်။ နိုင်ငံ၏ စီးပွားရေးမြင့်မားလာအောင် ကြိုးပမ်း မြှင့်တင်ရေး၊ နိုင်ငံအတွင်း စည်းလုံးညီညွတ်မှု ခိုင်မာအောင် တည်ဆောက်ရေးနှင့် ကာကွယ်ရေးစွမ်းအား ကောင်းမွန် မြင့်မားရေးတို့ကို အောင်မြင်စွာ ဆောင်ရွက်နိုင်သည်နှင့်အမျှ နိုင်ငံတကာအလယ်တွင် လေးစားခန့်ညားမှုကို ခံယူရသည့် နိုင်ငံအဖြစ် ထည်ထည်ဝါဝါ ရပ်တည်နိုင်မည်ဖြစ်သည်။
ကမ္ဘာ့နိုင်ငံရေးမျက်နှာစာတွင် နိုင်ငံအချင်းချင်း ပခုံးချင်းယှဉ် ၍ အားပြိုင်ကြရာတွင် စစ်ရေးအင်အား (Military Might) ကို ဦးစွာ ကြည့်ကြခြင်းဖြစ်သည်။ စစ်အင်အားချို့တဲ့ချည့်နဲ့နေပါက ပိုင်နက်ဝေဟင်၊ ရေပြင်၊ မြေပြင်တို့ကို ဝင်ချင်တိုင်းဝင် ထွက်ချင် တိုင်းထွက်ကြသည်ကို လက်ပိုက်ကြည့်နေရမည်ဖြစ်သည်။ သို့ဖြစ်ရာ နိုင်ငံတိုင်းသည် မိမိတို့၏ ကာကွယ်ရေးစွမ်းအားဖြစ်သည့် စစ်အင်အားကို နိုင်ငံ၏အရွယ်အစားအလိုက် အမျိုးသားအကျိုး စီးပွား ရည်မှန်းချက်များနှင့်ကိုက်ညီအောင် တည်ဆောက်ကြရ သည်။ ယနေ့ မြန်မာ့တပ်မတော်သည် ခေါင်းဆောင်အဆက်ဆက် တို့၏ ကြိုးပမ်းတည်ဆောက်မှုများဖြင့် ဒေသတွင်းနိုင်ငံများတွင် အဆင့်တစ်ဆင့် ရပ်တည်နေနိုင်ပြီဖြစ်သော်လည်း ကာကွယ်ရေး အင်အားတည်ဆောက်မှုဟူသည် ရပ်ထား၍မရသည့်အလျောက် အနာဂတ်ကာလအထိပါ မျှော်မှန်းတည်ဆောက်နေရမည် ဖြစ်သည်။
တပ်မတော်သည် တိုင်းပြည်၏အင်အားတစ်ရပ်ဖြစ်သည်။ တိုင်းပြည်၏ ကာကွယ်ရေးစွမ်းအားကို မြှင့်တင်ရာတွင် စီးပွားရေး အခြေခံခိုင်မာတောင့်တင်းရန်လိုသလို နိုင်ငံရေးအရလည်း စည်းလုံးညီညွတ်ရန်လိုသည်။ ရေမြင့်မှကြာတင့်သကဲ့သို့ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးနှင့် နိုင်ငံတော်ကာကွယ်ရေးတို့ကို မြင့်မားစေရေး စည်းလုံးညီညွတ်မှုဖြင့် တည်ဆောက်ကြရမည် ဖြစ်ပါကြောင်း။ ။