
ဝါရှင်တန် စက်တင်ဘာ ၂၄
ဂျပန်၊ အမေရိကန်ပြည်ထောင်စု၊ သြစတြေးလျနှင့် အိန္ဒိယခေါင်းဆောင်များသည် ကွဒ်မူဘောင်အရ ပထမဆုံးလူချင်းတွေ့ဆုံသည့် အစည်းအဝေးကို အိမ်ဖြူတော်တွင် စက်တင်ဘာ ၂၄ ရက်က ပြုလုပ် ခဲ့သည်။
၂၁ ရာစုစိန်ခေါ်မှုများအားလုံးသည် အင်ဒို-ပစိဖိတ် ဒေသကိုသာ ဗဟိုပြုထားကြောင်း အမေရိကန် အဆင့်မြင့်အစိုးရအရာရှိတစ်ဦးက ပြောခဲ့သည်။
ကွဒ်အစည်းအဝေးသည် အများသဘောတူ ဘုံတန်ဖိုးများကို မျှဝေနေသည့် အဖွဲ့ဝင်နိုင်ငံများ အကြား ပူးပေါင်းဆောင်ရွက်မှု ပိုမိုလေးနက်စေရန် အရေးပါသော အစည်းအဝေးတစ်ခုဖြစ်သင့်ကြောင်း ၎င်းက ထပ်လောင်းပြောကြားသည်။
အမေရိကန်နှင့် တရုတ်နိုင်ငံအကြား ယှဉ်ပြိုင်မှု ကြီးထွားလာခြင်းက အာဆီယံနိုင်ငံများအတွက် အခက်တွေ့စေမည့်အခြေအနေ ဖြစ်ပေါ်လာမည်ကို စိုးရိမ်သောကြောင့် အရှေ့တောင်အာရှနိုင်ငံများ အသင်း(အာဆီယံ)သည် ကွဒ်အစည်းအဝေးမှ ထွက်ပေါ်လာမည့်ရလဒ်များကို အနီးကပ်စောင့်ကြည့် လျက်ရှိသည်။
အာဆီယံအဖွဲ့ဝင်နိုင်ငံများသည် အင်အားကြီး နှစ်နိုင်ငံအကြား သင့်မြတ်မှုကို လိုလားသလို အာဆီယံအသိုက်အဝန်းကို ထိန်းသိမ်းရင်း နှစ်နိုင်ငံလုံး နှင့် ခိုင်မာသော ဆက်ဆံရေးကိုလိုလားသည်။
အာရှတွင် တရုတ်နိုင်ငံ၏ စီးပွားရေးဆိုင်ရာ တည်ရှိမှု ကြီးထွားလာသောကြောင့် အာဆီယံအဖွဲ့ ဝင် နိုင်ငံများသည် တောင်တရုတ်ပင်လယ်အတွင်း တရုတ်နိုင်ငံ၏ဆောင်ရွက်ချက်များအပေါ် သတိချပ် လျက်ရှိသော်လည်း ထိပ်တိုက်တွေ့ဆုံမှုကို ရှောင်ရှား ရန် ဆန္ဒရှိသည်။
တရုတ်နိုင်ငံသည် ထိုင်းနိုင်ငံနှင့် တခြားနိုင်ငံများ သို့ ကိုဗစ်-၁၉ ကာကွယ်ဆေးများ သန်းချီထောက်ပံ့ လျက်ရှိသည်။
အစောပိုင်းက သြစတြေးလျ၊ အင်္ဂလန်နှင့် အမေရိကန်ပြည်ထောင်စုတို့သည် အော့ကတ်ဟု ခေါ်သော ကာကွယ်ရေးသဘောတူညီချက်တစ်ရပ်ဖွဲ့စည်းရန်ကြေညာခဲ့သည်။ သို့သော်လည်း အာဆီယံ နိုင်ငံများက စိုးရိမ်ကြောင်း ဖွင့်ဟခဲ့သည်။
အာဆီယံနှစ်ပတ်လည် အစည်းအဝေးကို အောက်တိုဘာလတွင် ကျင်းပမည်ဖြစ်သည်။ တရုတ် နိုင်ငံ၏ လွှမ်းမိုးကြီးစိုးလာခြင်းနှင့် တရုတ်နှင့် အမေရိကန်နိုင်ငံတို့အကြား တင်းမာမှုများ မြင့်တက် လာခြင်းသည် ဆွေးနွေးပွဲကို လွှမ်းမိုးသွားမည့် အကြောင်းအရာများဖြစ်သည်။
အင်န်အိတ်ချ်ကေ