
ဂျကာတာ ဩဂုတ် ၂၄
အင်ဒိုနီးရှားနိုင်ငံတွင် ဩဂုတ် ၂၄ ရက်တွင် စီးပွားရေးလုပ်ငန်းများအပေါ် ကန့်သတ်ထားမှုကို ဖြေလျှော့ ပေးနေပြီဖြစ်သည်။ ကိုဗစ်-၁၉ ကူးစက်မှုများ လျော့ကျလာသည့်အတွက် ယခုလို ဖြေလျှော့မှုများ ပြုလုပ် ခဲ့ခြင်းဖြစ်သည်။
အင်ဒိုနီးရှား နိုင်ငံတွင် ဇူလိုင်လအတွင်းမှ စတင်ကာ ဒယ်လ်တာ ဗိုင်းရပ်စ်ကြောင့် နေ့စဉ်ကူးစက်မှုနှုန်းမှာ ၅၀၀၀၀ အထက်တွင် ရှိခဲ့သည်။ ကျန်းမာ ရေး စောင့်ရှောက်မှုစနစ်မှာလည်း ထိခိုက်ခဲ့ရသည်။ မြို့တော် ဂျကာတာအပါအဝင် နိုင်ငံ၏ အချို့သော ဧရိယာများတွင် တင်း ကျပ်သည့် ကန့်သတ်ချက်များ ချမှတ်ခဲ့ရသည်။
ဩဂုတ် ၂၃ ရက်တွင် နေ့စဉ် ကူးစက်မှုမှာ ၉၆၀၄ ဦးအထိ လျော့ကျပြီးနောက် ကန့်သတ် ချက်များ တစ်စိတ်တစ်ပိုင်း ဖြေလျှော့ပေးခြင်းကို လုပ်ဆောင် ခဲ့သည်။ နှစ်လတာအတွင်း နေ့စဉ်ကူးစက်မှုမှာ ၁၀၀၀၀ အောက် ပထမဆုံးအကြိမ် အဖြစ် လျော့ကျခဲ့ခြင်းဖြစ်သည်။
သေဆုံးမှုနှုန်းမှာလည်း တစ် ရက်တည်း ၈၄၂ ဦးရှိခဲ့ပြီး တစ်လ တာအတွင်း ပထမဆုံးအကြိမ် အဖြစ် ၁၀၀၀ အောက် လျော့ကျခဲ့ ခြင်းဖြစ်သည်။
အဆင့်လေးဆင့် ရှိသည့် ကန့်သတ်မှုတွင် အတင်းကျပ်ဆုံး အဆင့် ကန့်သတ်ထားရာမှ ယခု အခါ ဒုတိယအဆင့်သို့ လျှော့ချ လိုက်ကြောင်း ဩဂုတ် ၂၃ ရက် တွင် အင်ဒိုနီးရှားသမ္မတ ဂျိုကိုဝီ ဒိုဒိုက ပြောသည်။
စားသောက်ဆိုင်များတွင် လူဦးရေ ကန့်သတ်ချက်ဖြင့် ဆိုင် ထိုင်စားသောက်ခွင့်ပေးပြီး ပြည်ပ သို့ တင်ပို့သည့် လုပ်ငန်းများတွင် ဝန်ထမ်းအင်အား အပြည့်ဖြင့် ပြန်လည် လည်ပတ်ခွင့်ပေးပြီဖြစ် သည်။ ကူးစက်မှု အန္တရာယ်နှင့်နီး စပ်သည့်အပြုအမူများကို ရှောင်ရှား ကြရန်လည်း အစိုးရက တောင်းဆို ထားသည်။ ဆင်ဟွာ